
တစ်ဖက်တွင် အလုပ်လက်မဲ့ ဦးရေ မြင့်တက်လာခြင်းကြောင့် ခေါင်းခဲနေရသည့် ဂရိ အစိုးရအတွက် တရားမဝင် အလုပ်သမားများသည် ပြဿနာတစ်ရပ် ဖြစ်လာခဲ့သည်။ ရဲတပ်ဖွဲ့သည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က ဂရိနတ်ဘုရား Zeus Xenois၏ အမည်ကို အစွဲပြုထားသည့် စစ်ဆင်ရေးတစ်ရပ် ဆင်နွှဲခဲ့ပြီးနောက် အစုလိုက် အပြုံလိုက် လူဖမ်းပွဲကြီး ဆင်နွှဲခဲ့ခြင်း ဖြစ်သည်။ အေသင်မြို့တော် နေရာအနှံ့အပြားတွင် ရဲများသည် အဓိကအားဖြင့် အာရှနှင့် အာဖရိကအနွယ် ဖြတ်သွားဖြတ်လာ လူအများကို တားဆီးကာ နိုင်ငံသား ဟုတ်မဟုတ် စီစစ်မှု ပြုလုပ်ခဲ့သည်။
အထောက်အထား မပြနိုင်သူများကို ဖမ်းဆီး ထိန်းသိမ်းခဲ့ပြီး နောက်ဆုံးတွင်မူ လူပေါင်း (၁၆၀၀)ကိုသာ ချန်ထားကာ ကျန်သူများအား ပြန်လွှတ်ပေးခဲ့သည်။ ထိုသူများကို ဆက်လက် ထိန်းသိမ်းထားပြီး မူရင်းနိုင်ငံသို့ ပြန်စေဖွယ် ရှိနေသည်။ လက်ဝဲယိမ်းသည့် အတိုက်အခံ ပါတီက ယခုကိစ္စသည် ပြည်သူလူထု၏ လွတ်လပ်ခွင့်ကို ဖြိုခွဲခြင်းဟု ဝေဖန်ခဲ့ပြီး ကုလသမဂ္ဂ၏ ဒုက္ခသည်များဆိုင်ရာ အဆင့်မြင့် ကော်မရှင်ရုံးကလည်း ဂရိတွင် တရားမဝင် အလုပ်သမားများအား ဖမ်းဆီးနေခြင်းကို စိုးရိမ်မိကြောင်း ပြောဆိုခဲ့သည်။ ဂရိနိုင်ငံသည် နှစ်စဉ်နှစ်တိုင်း တရားမဝင် အလုပ်သမား တစ်သိန်းကျော် ရောက်ရှိနေသည့် ဒေသလည်းဖြစ်ကြောင်း သိရှိရသည်။
No comments:
Post a Comment