Wednesday, August 15, 2012

တွင်းအောင်းကြွက် ကျော်မိုး (စကားဝါမြေ)၊ သြဂုတ် ၁၄၊ ၂၀၁၂


ဘဒ္ဒကမ္ဘာ ၊ ဤလူ့ရွာဝယ်
ဘုရားငါးဆူ ၊ ပွင့်တော်မူဟု
ဗျာဒိတ်အမှာ ၊ ရှိခဲ့ပါ၍
"ကကုသန်" ပ ၊ ဒု "ကောဏဂုံ"
တ "ကဿပ" ၊ "ဂေါတမ" ဟု
လေးဆူ"ဗုဒ္ဓ" ၊ ပွင့်ခဲ့ကြပြီး
တစ်ဆူကျန်ရှိ ၊ နာမည်သိက
"အရိမေတ္တေယျ" မည်၏။

လေးဆူဘုရား ၊ ပွင့်ပြီသွား၌
ငါတို့ဘုရား ၊ မိန့်ခြွေထားက
လူနတ်ဗြဟ္မာ ၊ သတ္တဝါများ
လေးပါးသစ္စာ ၊ သိဖို့ရာက
ဆိုင်ရာ "ဆရာ" ၊ ဆုံးမပါ၍
ရုပ်နာမ်ဓမ္မ ၊ သင်္ခါရ၏
ဖြစ်ပျက်မှန်သိ့ ၊ ကျင့်ကြသည့်ကြောင့်
ရှစ်ပါးမဂ္ဂင် ၊ ဉာဏ်၌ထင်ပြီး
ဒုက္ခကုန်ရာ ၊ နိဗ္ဗာန်ရွာကို
သူငါ အများ ရောက်ကြမည်။

ဘုရားတပည့် ၊ စဉ်ခြင်ကြည့်က
ပဉ္စဝဂ္ဂီ ၊ အစတည်၍

အဆုံး "သုဘဒ်" ၊ သိစေအပ်ပြီး
ယခုရှိနေ ၊ငါတို့တွေက
သင့်ရာ ဆရာ ၊ မြန်စွာရှာမှ
"ဒေသနာ" ကြား ၊ ရှုမှတ်ပွား၍
မှန်စွာသိမြင် ၊ ဒိဋ္ဌိ စင်မည်
လူတွင် အမြန် ပြုသင့်၏။

ထေရဝါဒ ၊ ခေါ်ဆိုကြသည့်
ဗုဒ္ဓဘာသာ ၊ အနှစ်မှာက
စာ "ပရိယတ်" ၊ "ပဋိပတ်" ကျင့်
"ပဋိဝေဒ" ၊ နိဗ္ဗာန် ပြဟု
သုံး "သာသနာ" ၊ ပြဆိုပါ၏
ဘုရား , တရား ၊ သံဃာများဟု
သုံး "ရတနာ" ၊ ရှိကြပါ၏
သုံး "ပိဋကတ်" ၊ ထိုးကျမ်းမြတ်ကို
သံဃာစဉ်ဆက် ၊ ထမ်းဆောင်ရွက်၍
ရွတ်ဆို အာဂုံ ၊ ပြုခဲ့ကုန်၏
နှစ် "သာသနာ" ၊ ကျော် "သုံးရာ" မှ
"ပိဋကတ်" စာ ၊ ကျမ်းဖြာဖြာကို
ကျောက်,ကြေး,ပေ,ရွှေ ၊ အထွေထွေ၌
ရေး "အက္ခရာ" ၊ တင်ခဲ့ပါ၏
ဘုရားသခင် ၊ နိဗ္ဗာန်ဝင်ပြီး
သုံးလအကြာ ၊ ရှိသည့်ခါ၌
"သံဂါယနာ" ၊ စတင်ပါ၏
ဗုဒ္ဓဟောကြား ၊ မြတ်စကားကို
စီစစ် မှန်စွာ ၊ တည်ပြုကာဖြင့်
စုပေါင်းသံဃာ ၊ ရွတ်ဆိုပါ၍
"သံဂါယနာ" ၊ ခေါ်ဆိုပါ၏
စဉ်ဆက်သံဃာ ၊ ရွတ်ဆိုကာဖြင့်
"သံဂါယနာ" ၊ တင်ခဲ့တာက
ခြောက်ကြိမ်တိတိ ၊ မှန်ရှိခဲ့၏
ထေရဝါဒ ၊ အမည်ရသည့်
ဗုဒ္ဓဘာသာ ၊ ပေါ်ခဲ့တာက
အချိန်ကာလ ၊ တွက်ချက်ပြလျှင်
ဝေဝါးမထောင့် ၊ တိကျကြောင့်ဖြင့်
"နှစ်ထောင့်ငါးရာငါးဆယ့်ငါး" ရှိ။

နှစ်ပေါင်းများစွာ ၊ ကြာခဲ့ရာ၌
ဆရာစဉ်ဆက် ၊ ပေါ်ထွက်ခဲ့၍
ဘာသာရောင်ဝါ ၊ ထွန်းလင်းပါ၏
မြန်မာ့သမိုင်း ၊ ဖွင့်လှစ်ခိုင်းသော်
"ပုဂံ" မှသည် ၊ ခုချိန်စီလျှင်
"ပိဋကတ်" စာ ၊ နှံ့စပ်ကာဖြင့်
"ပဋိပတ်" မှု ၊ ကိုယ်တိုင်ပြုပြီး
"ပဋိဝေဒ" ၊ ကိုယ်တိုင်ရသူ
မြတ်သောဆရာ ၊ တွေ့ခဲပါ၏
သူ့ကျွန်ဘဝ ၊ ထိုကာလ၌
"ဝိမလ" ခေါ် ၊ ဆရာပေါ်၏
ငယ်မည် "လှဘော် ၊ သူ့ကိုခေါ်၏
"လှဘော်" ကိုးနှစ် ၊ ကိုရင်ဝတ်၍
ရှင် "ဝိမလ" ၊ ဘွဲ့တော်ရ၏
"ဝိ" ၏အနက် ၊ "မရှိ" ထွက်၍
အညစ်အကြေး ၊ "မလ" တွေးသိ
"ဝိ" နှင့် "မလ" ၊ တွဲကာပြသော်
ညစ်ကြေးကင်းသူ ၊ သန့်စင်သူဟု
နာမည်လေးနက် ၊ မှန်စွာထွက်၏
ခြောက်နှစ်ကြာကြာ ၊ ငယ်ဆရာဖြင့်
ဂွေးပင်တောရ ၊ ကျောင်းတော်လှ၌
သဒ္ဒါ သင်္ဂြိုဟ် ၊ ယမိုက်ထိုကို
လုံးစုံသိမြင် ၊ သူလေသင်၏
သက်တော် "ဆယ့်လေး" ၊ ကိုရင်လေးဖြင့်
"မင်္ဂလာတိုက်"(အမရပူရမြို့) ၊ ညဝါလိုက်၏
အဘိဓမ္မာ ၊ ကျယ်လှစွာကို
သက်တော်နှစ်ဆယ် ၊ နှံ့စပ်ကြွယ်၏
သက်တော်သုံးဆယ် ၊ ထိုအရွယ်၌
ပိုင်နိုင်ကူးခတ် ၊ သူလေတတ်၏
စာဝါချပေး ၊ ကျမ်းကိုရေးဖြင့်
"နှစ်ဆယ်သုံး" ဝါ ၊ ရသောခါ၌
ကမ္ဘာစစ်ဘေး ၊ ရှောင်ခွာဝေးဖို့
ဘော်လတန်းရွာ(မိုးကုတ်မြို့) ၊ ကြွခဲ့ပါ၏
မိုးကုတ်ဒကာ ၊ ဆွမ်းလှူရှာ၏
လုံးလ,ဇွဲ ပေါင်း ၊ ဂူ၌အောင်း၍
လေးနှစ် လေးဝါ ၊ ကျင့်ခဲ့တာကြောင့်
သက်တော် "လေးခြောက်" ၊ ဝါ "နှစ်ခြောက်" ၌
တဏှာကုန်စင် ၊ မဂ်ဖိုလ်မြင်၍
ရဟန်းကိစ္စ ၊ သူပြီးရ၏
ရာသီသုံးမျိုး ၊ ဆောင်းနွေမိုး၌
အလှည့်စဉ်ကျ ၊ တရားပြ၍
အသိနဲ(နည်း)ရှာ ၊ များသူငါကို
နေ့စဉ်ဆုံးမ ၊ တရားပြရင်း
သက်တော် "ခြောက်သုံး" ၊ ဝါ "လေးသုံး" ၌
ခန္ဓာဝန်ချ ၊ နိဗ္ဗာန်ရဖြင့်
ဘဝ ခန္ဓာ ဆုံးပါ၏။

တဏှာကကြွယ် ၊ အသိငယ်ဖြင့်
တို့လို "အန္ဓ" ၊ လူ့ "ဗာလ" ကို
ကံ၌မမှား ၊ ဉာဏ်စဉ်သွားအောင်
ဟောပြသွန်သင် ၊ ဆရာရှင်ကို
ခြေလက်နဖူး ၊ တံတောင်ဒူ ဖြင့်
ထိခြင်းငါးဖြာ ၊ ရှိခိုးပါ၏
အသိကနဲ(နည်း) ၊ ဉာဏ်ကမွဲမို့
နားပေါက်ချဲ့ရန် ၊ တို့ပြုကြံ၏
ဉာဏ်၌ဘုရား ၊ တည်နိုင်လားအောင်
တို့များယခု  ပြုပါမည်။

ဦးဝိမလ ၊ အမည်ရသည့်
ဆရာများ "ဗိုလ်" ၊ သူမိန့်ဆိုက
ကံလမ်းမလိုက် ၊ ဉာဏ်လမ်းလိုက်ဖြင့်
ဝေးကွာဒုက္ခ ၊ ချမ်းသာရဖို့
လေးကောင်သောကြွက် ၊ ပမာမြွက်၍
ဟောဆိုညွှန်ပြ ၊ ဆိုဆုံးမ၏
ပထမကြွက် ၊ စွမ်းဆောင်ချက်က
"သိမ်း စွန် ကြောင်" ဘေး ၊ မှန်စွာဝေးဖို့
အောင်းရန်တွင်းထူး ၊ ကိုယ်တိုင်တူး၏
တွင်းတူး အမှု ၊ ကိုယ်တိုင်ပြုလည်း
အန္တရယ်ကင်း ၊ ဘေးရန်ရှင်းဖို့
တွင်းအောင်းသမှု ၊ သူမပြု၍
"သိမ်း စွန် ကြောင်" စာ ၊ ဖြစ်ရရှာပြီး
အသက်ခန္ဓာ ၊ ပျက်ရပါ၏
ထို့နည်းတူစွာ ၊ တို့လူ့ရွာတွင်
ရဟန်း သံဃာ ၊ လူများစွာ၌
"ပရိယတ်" စာ ၊ ကျမ်းဖြာဖြာကို
ကိုယ်တိုင်ကျက်မှတ် ၊ လွန်စွာတတ်၏
စာပေတွင်းထူး ၊ ကိုယ်တိုင်တူးလည်း
ကိုယ်ပိုင်ကျင့်အပ် ၊ "ပဋိပတ်" ကို
ဘယ်ခါမကျင့် ၊ ပြုနေလင့်က
အပါယ်လေးဝ ၊ ပြေးဆင်းရ၏
ဤတွင်သတိ ၊ တို့၌ရှိပါ
ကျမ်းဂန်စာပေ ၊ နှံစပ်ပေလည်း
အပါယ်ရန်ဘေး ၊ ဒုက္ခဝေးဖို့
ဝိပဿနာ ၊ မရှုပါလျှင်
"သိမ်း စွန် ကြောင်" စာ ၊ ဖြစ်ရပါ၍
သေပွဲဝင်ရှာ ၊ ကြွက်ပမာသို့
မဂ်ဖိုလ်နဲ့ဝေး ၊ အပါယ်ဘေးကို
မနှေး မြန်စွာ ခံရမည်။

ဒုတိယကြွက် ၊ ပြုမူချက်က
ဘေးရန်ဖြာဖြာ ၊ ကြုံသည့်ခါ၌
ခိုအောင်းဖို့တွင်း ၊ တူးလေခြင်းကို
ကိုယ်စွမ်းသူ့မှာ ၊ မရှိရှာ၍
တွင်းတူးခြင်းမှု ၊ သူမပြုပြီ
ကိုယ်ပိုင်တူးထား ၊ မရှိငြားလည်း
အသက်ရန်ရှာ ၊ စားလိုငှာဖြင့်
"သိမ်း စွန် ကြောင်" များ ၊ ရန်ပြုငြားက
သူများတူးတွင်း ၊ အောင်းခိုခြင်းဖြင့်
ဘေးရန်ကင်းကွာ ၊ ချမ်းသာပါ၏
သန်းခြောက်ဆယ်လူ ၊ ဒို့ပြည်သူ၌
ပါဠိစာပေ ၊ မတတ်လေ၍
"ပိဋကတ်" စာ ၊ အဖြာဖြာကို
အဓိပ္ပါယ်မှန် ၊ သိဖို့ရန်မှာ
ကိုယ်စွမ်းကိုယ်စ ၊ မရှိကြပြီ
"ပရိယတ်" စာ ၊ မတတ်ရှာ၍
ဉာဏ်မျက်စိကန်း ၊ သဒ္ဒါခမ်းပြီး
ဒါန၌သာ ၊ မွှေ့ပျော်ကြ၏
သို့သော်ဒို့ဝယ် ၊ အားမငယ်ဘဲ
စာပေနှံ့စပ် ၊ အကျင့်မြတ်ဖြင့်
ပြည့်စုံဆရာ ၊ ဆုံးမပါက
သစ္စာလေးပါး ၊ မြတ်တရားကို
မှန်စွာသိမြင် ၊ ဉာဏ်၌ထင်၍
ဒုက္ခကင်းဝေး ၊ ချမ်းသာရေးကို
မနှေး မြန်စွာ ပြုနိုင်၏။

သတိဒို့မှာ ၊ ရှိဖို့ရာက
"ပရိယတ်" စာ ၊ မတတ်ပါလည်း
သင့်ရာ ဆရာ ၊ ရအောင်ရှာ၍
ဆုံးမဖြာဖြာ ၊ ဒေသနာကို
ယုံကြည်စိတ်သန် ၊ ပြုကျင့်မှန်က
ကြီးဉာဏ်ပညာ ၊ ရနိုင်ပါ၏
တွေ့ကြုံလာမှု ၊ အစုစု၌
အကောင်းအဆိုး ၊ အမျိုးမျိုးနှင့်
သုခ ဒုက္ခ ၊ ဟူသမျှက
ဧဟိပဿိ ၊ ခေါ်နေသည်ကို
ကံဖြင့်မကြည့် ၊ ဉာဏ်ဖြင့်ကြည့်လျှင်
ဆင်းရဲ , ချမ်းသာ ၊ ဥပေက္ခာ ဟု
သုံး ဝေဒနာ ၊ တွေ့မြင်လာ၏
ထိုဝေဒနာ ၊ အဖြာဖြာကို
ဖြစ်ပျက်တင်ရှု ၊ ထပ်ထပ်ပြုသော်
မမြဲသဏ္ဍန် ၊ တွေ့ရပြန်၏
သတိမလပ် ၊ ဆက်၍မှတ်သော်
ဖြစ်ပြန် ပျက်ပြန် ၊ အဖန်ဖန်၏
ခန္ဓကိုယ်ထဲ ၊ မရပ်စဲကို
မလိုချင်မှန် ၊ မုန်းခဲ့ပြန်၏
မုန်းမိခါခါ ၊ ဉာဏ်၌လာသော်
လိုချင် တဏှာ ၊ မှန် ကင်းကွာ၍
တဏှာကုန်ရာ ၊ "နိဗ္ဗာန်"ရွာကို
မကြာ အကျိုး ပြုပါ၏။

တတိယကြွက် ၊ စွမ်းဆောင်ချက်က
"သိန်း စွန် ကြောင်"ဘေး ၊ ရှောင်ခွာပြေးဖို့
အောင်းရန်တွင်းထူး ၊ သူမတူးပြီ
အသက်ဘေးကြုံ ၊ ဖြစ်ခဲ့တုံလည်း
တွင်ဝင်အောင်းမှု ၊ သူမပြု၍
"သိမ်း စွန် ကြောင်" များ ၊ ကိုက်ဖြတ်စားဖြင့်
အသက် ခန္ဓာ ၊ ပျက်ရရှာ၏
ဒို့ပြည် ဒို့ရွာ ၊ ဤလူ့ရွာတွင်
"ပိဋကတ်" စာ ၊ အဖြာဖြာကို
မှန်စွာနှံ့စပ် ၊ သိသင့်အပ်လည်း
အကန်း ဒို့မှာ ၊ မသိရှာ၍
"အဝိဇ္ဇာ" များ ၊ လွန်ကြီးထွားပြီး
"သင်္ခါရ" မှု ၊ တွင်တွင်ပြု၏
"ဓမ္မ" သဘော ၊ အမှန်ပြောက
ရလာသမှု ၊ အကျိုးစုသည်
အကြောင်းကိုတည် ၊ ဖြစ်ရသည်မို့
လောဘ , ဒေါသ ၊ ပြု "မောဟ" ကြောင့်
ရမည့်အရေး ၊ မျှော်ရှုတွေးသော်
"ငရဲပြည်" တွင်း ၊ မှန်သက်ဆင်းမည်
"တိရိစ္ဆာန်" ဘုံ ၊ ဖြစ်ကြစုံမည်
"ပြိတ္တာ" ဘဝ ၊ ငါတို့ ရမည်
"အသူရကာယ်" ၊ ဖြစ်ဖို့လွယ်သည်
ဉာဏ်ပညာနဲ(နည်း) ၊ အကျင့်မွဲဖြင့်
နေ့စဉ်ဘဝ ၊ ဖြတ်သန်းကြလျှင်
အောင်းဖို့တွင်းထူး ၊ သူမတူးနှင့်
တွင်းအောင်းသမှု ၊ သူမပြုကြောင့်
"သိမ်း စွန် ကြောင်" စာ ၊ ဖြစ်ရရှာသည့်
ကြွက်မိုက်ဘဝ ၊ ဒို့ဖြစ်ရပြီး
သေပွဲခါခါ ၊ ဝင်ရရှာမည်
ဒုက္ခ ဆင်းရဲ ၊ ထိုနွံထဲ၌
ဝဲလှည့်သည်ဒဏ် ၊ ငါတို့ ခံ၍
အဖန်ဖန်ဖြစ် ၊ အဆုံးနစ်မည်
မရုန်းနှိုင်ရှာ ၊ သံသရာ၌
"အိုနာသေ"ဘေး ၊ ဆက်ခါပေး၍
ပူဆွေး ဒုက္ခ မလွတ်ပြီ။

စတုတ္ထကြွက် ၊ ပြုလုပ်ချက်က
"သိမ်း စွန် ကြောင်" ရန် ၊ ဘေးကင်းရန်ဟု
အောင်းရန်တွင်းထူး ၊ ကိုယ်တိုင်တူး၏
ကိုယ်တူးတဲ့တွင်း ၊ အောင်းနေခြင်းဖြင့်
အသက်ရန်ရှာ ၊ ပြုလုပ်လာသည့်
ဘေးရန်မာန်စွယ် ၊ အန္တရယ်ကို
လုံခြုံစိတ်ချ ၊ သူ့မှာရ၍
အသက်ခန္ဓာ ၊ ချမ်းသာပါ၏
ယနေ့ကမ္ဘာ ၊ ဤလူ့ရွာတွင်
ရဟန်း သံဃာ ၊ လူဆရာတို့
"ပရိယတ်" စာ ၊ ကျမ်းများစွာကို
လွန်စွာတတ်မြောက် ၊ ဉာဏ်၌ပေါက်၏
ဉာဏ်ပညာကြီး ၊ ရှိ့သည့်နည်းတူ
ဝိနည်း သီလ ၊ မြဲမြံကြ၏
ကြုံလာသမှု ၊ ဒုက္ခစုကို
ဖြစ်ပျက်တင်ရှု ၊ နေစဉ်ပြုကြောင့်
ခယ ဝယ ၊ မှန်မြင်ကြ၍
ဝိပဿနာ ၊ မဂ်ရပါ၏
တစ်ဆင့်ထပ်တက် ၊ ရှုမှတ်ချက်ဖြင့်
ဖြစ်ပျက်ကုန်စင် ၊ မရှိ မြင်၍
ရှစ်ပါး မဂ္ဂင် ၊ ဉာဏ်၌ထင်ပြီး
လောကုတ္တရာ ၊ မဂ်ရပါ၏
လောကုတ္တရာ ၊ မဂ်ရှစ်ဖြာက
ချမ်းသာအစစ် ၊ ဖိုလ်ကိုဖြစ်၍
သုံးဆယ့်တစ်ဘုံ ၊ ဆင်းရဲစုံကို
အပြီးပါယ်သတ် ၊ အမှန်ရပ်၏
"သင်္ခါရ" ဖယ် ၊ "ဒုက္ခ" ပါယ်ပြီး
အသင်္ခတာ ၊ "နိဗ္ဗာန်"ရွာကို
မကြာ ကျေးဇူး သူပြု၏။

ထို့ကြောင့်သတိ ၊ လူ၌ရှိသင့်
ကျမ်းဂန်စာပေ ၊ တတ်ခဲ့လေက
ကိုယ်အောင်းရန်တွင်း ၊ တူးနေခြင်းပင်
ငါးခန္ဓာ ထု ၊ နာမ်ရုပ်စုကို
ဖြစ်ပျက်တင်ရှု ၊ နေ့စဉ်ပြုဖြင့်
မဂ်ဖိုလ်၌တည် ၊ ရှိနေသည်က
"သိမ်း စွန် ကြောင်" ရန် ၊ ရှောင်ခွာပြန်တဲ့
တွင်းအောင်းကြွက်မူ ၊ သဏ္ဍန်တူ၏
လိုရင်းအမှန် ၊ တို့သိရန်က
တွင်းအောင်းမှုက ၊ ပဓာနဟု
ဆရာသခင် ၊ ဆုံးမသင်၍
လူတွင် ယခု ပြုသင့်၏။

လူ၌သတိ ၊ ထပ်ဆင့်ရှိပါ
"ပရိယတ်" စာ ၊ မတတ်ရှာသော
"အန္ဓ" လိုလူ ၊ များပြည်သူနှင့်
စာပေနှံ့စပ် ၊ လွန်စွာတတ်သော
ရဟန်း သံဃာ ၊ လူဆရာတို့
စာပေ တတ်ခြင်း ၊ မတတ်ခြင်း က
လိုရင်းမကျ ၊ "သာမည" ပင်
"ပဋိပတ်" မည် ၊ အကျင့်သည်က
"အဓိက" ကျ ၊ "ပဓာန" ဟု
စိတ်၌ပိုင်းခြား ၊ သိသင့်ထားပြီး
ဝိပဿနာ ၊ ရှုမှတ်တာကို
အာစိဏ္ဏကံ ၊ စိတ်မြဲမြံအောင်
နေ့စဉ်လုံးလ ၊ ပြုကျင့်ကြသော်
တွင်းအောင်းသမှု ၊ ကိုယ်တိုင်ပြု၍
"သိမ်း စွန် ကြောင်" ဘေး ၊ ကာကွယ်ပေးသည့်
တွင်းအောင်းကြွက်လို ၊ ချမ်းသာပို၍
အပါယ် ဒုက္ခ ၊ ကင်းဝေးကြပြီး
သုခ ချမ်းသာ ရနိုင်မည်။

လူကြီးလူငယ် ၊ အရွယ်ရွယ်တို့
မေတ္တာစကား ၊ ကျွန်မှာကြားချင်
ယနေ့ချိန်ခါ ၊ ဒို့ပြည်ရွာတွင်
"သဒ္ဒါ" က မွဲ ၊ ကိုယ်ကျင့် နဲ(နည်း)၏
"ဗြဟ္မစိုရ်" ခမ်း ၊ "ပညာ" ကန်း၏
"မေ စၦရ"  စို ၊ "ဣႆာ"  ပို၏
"ရှက်ကြောက်" နှစ်ဖြာ ၊ မဲ့လှပါ၏
လူအချင်းချင်း ၊ သတ်ဖြတ် ညှင်း၏
မိစ္ဆာနွယ်များ ၊ လွန်ကြီးထွား၏
အမှန် "ဓမ္မ" ၊ တွေ့ခဲလှ၏
"အဓမ္မ"သာ ၊ ကြီးစိုးပါ၏
ပညာရှိများ ၊ လွန်စွာရှား၏
လူမိုက်များသာ ၊ ကြီးစိုးပါ၏
ဤသို့ဖြစ်ပုံ ၊ ခေတ်ဆိုးကြုံလည်း
ဘုရား , တရား ၊ သံဃာများ ဟု
မြတ်ရတနာ ၊ ရှိသေးပါ၏
ကောင်းမှုတစ်ခု ၊ နေ့စဉ်ပြုဖို့
အသက်ခန္ဓာ ၊ မြဲသေးပါ၏
ဥစ္စာ စီးပွား ၊ ချို့ငဲ့ငြားလည်း
သီလ , သဒ္ဒါ ၊ ပြုနိုင်ပါ၏
လူမိုက်များ ကြား ၊ နေရငြားလည်း
ပညာရှိ ရှာ ၊ စည်းကပ်ရာ၏
အမှားများစွာ ၊ ပြင်ဖို့ရာကို
ယခုချိန်ခါ ၊ ရှိသေးပါ၏
ခိုင်မြဲသဒ္ဒါ ၊ ရှိခဲ့ပါက
ကြုံလာဒုက္ခ ၊ အဝဝကို
မနှေးအမြန် ၊ တွန်းလှန်နိုင်၏
သာကီနွယ်ပေါင်း ၊ သူတော်ကောင်းတို့
လောကဓံလှိုင်း ၊ မည်မျှရိုင်းလည်း
ဗုဒ္ဓဘာသာ ၊ ငါတို့ပါဟု
ဂုဏ်ယူဝင့်ကြွား ၊ ပြောနိုင်လားအောင်
သီလကို တွယ် ၊ စာဂ ကြွယ်၍
သဒ္ဒါကို စု ၊ လုံးလ ပြုနှင့်
ရုပ်နာမ်အစု ၊ ထိုနှစ်ခုကို
ဝိပဿနာ ၊ ရှုမှတ်ကာဖြင့်
တွင်းအောင်းကြွက်ထုံး ၊ ပြုကျင့်သုံးသော်
ဒုက္ခ ကင်းဝေး၊ ချမ်းသာပေး၍
သေဘေးကိုပင် မကြောက်ပြီ။

နိဂုံးဤတွင် ၊ ပြောလိုချင်က
နှံစပ်စာပေ ၊ မရှိလေဖြင့်
ကျွန်ရေးသည့်စာ ၊ သေးနှုတ်ပါလည်း
ဗုဒ္ဓဘာသာ ၊ သာသနာကို
နေမင်းရောင်ဝါ ၊ ထွန်းလင်းဖြာသို့
တစ်ကမ္ဘာလုံး ၊ လွှမ်းခြုံဖုံး၍
စည်ပင်ဝေဖြိုး ၊ နေ့စဉ်တိုးကာ
အဝိဇ္ဇာကင်း ၊ ချမ်းသာခြင်းဖြင့်
ပြည့်စုံပါရန် ၊ စိတ်ရည်သန်မိ
ဤမှန်သစ္စာ ၊ ဟုတ်ခဲ့ပါက
မြန်မာပြည်သူ ၊ ကမ္ဘာလူတို့
ဆင်းရဲဒုက္ခ ၊ ဝဲသြဂမှ
ဘဝများစွာ လွတ်ပါစေ။          ။

13.08.2012 ( Mon )
"ကောင်းမှုတစ်ခု  နေ့စဉ်ပြုက သီလစင်ကြယ်  သောကပယ်၏"
ဤကဗျာဖြင့် ကျွနှ်ပ်၏ ဆရာသခင် မိုးကုတ်ဆရာတော်ဘုရားကြီးဦးဝိမလအား ကျေးဇူးဆပ် ကန်တော့ပါ၏
မှတ်ချက်။    ။ကျွနှ်ပ်သည် ယ္ခုကဗျာကို ပညာဖြင့်ရေးခြင်းမဟုတ် စေတနာ၊သဒ္ဒါ ဖြင့်ရေးခဲ့ပါ၍ တစ်စုံတစ်ရာ
အမှားပါလျှင် ရေးသူကျွနှ်ပ်၏ အသိဉာဏ် ပညာ နဲ(နည်း)ပါးမှုပင်ဖြစ်ပါသည်။ ဗုဒ္ဓဘာသာသည် ခြွင်းချက်မရှိ ပြည့်စုံပါ၏။ ဘာသာ၊ သာသနာကို သမာဒိဋ္ဌိဟူသော အမှန်မြင်မှုဖြင့် သိကြ၍ ကြုံလာသမျှကိစ္စများစွာ၌ သင့်စွာနှလုံးသွင်းနိုင်ပြီး သီလ၊သဒ္ဒါ ခိုင်မြဲစွာဖြင့် သူတော်ကောင်းအလုပ်များ လုပ်နိုင်ကြပါစေ။
ဤကဗျာကို ဖတ်၍ သင့်၌ အသိ၊အတွေး တစ်ခု တိုးခဲ့သော် ကျွနှ်ပ်ဓမ္မဒါနပြုရကျိုး နပ်ပါ၏။ အားလုံး ကျန်းမာချမ်းသာပါစေ။

No comments:

Post a Comment