Sunday, April 22, 2012
အဓိပ္ပါယ်သစ် နိုင်ငံခြားသွားတောလား
အဓိပ္ပါယ်သစ် နိုင်ငံခြားသွားတောလား
နိုင်ဦးညို (ဖိုးဇီးရိုး)
ဧပြီ ၁၉၊ ၂၀၁၂
ကျုပ်တို့ရဲ့နိုင်ငံခြားသွားတော
လားတစ်ပုဒ်ဟာ
မလှမပနဲ့ အဆုံးအစမရှိ
နိဒန်းနဲ့နိဂုံး လုံးဝကိုအဆက်ဆပ်မဲ့
ကယ်တင်သူမရှိ
ဒီလိုနဲ့ ဇာတ်သိမ်းရမလား ...။
ဒဇာတ်နာအောင်
ဇာတ်ဆောင်ကို လူဆိုးလုပ်
ဇာတ်သိမ်းကောင်းအောင်
ဇာတ်လမ်းကို
လိုရင်လိုသလို
မလိုရင်မလိုသလို
ဖြတ်ညှပ်ကပ်
ဆင်ဆာလွတ်ရင်ပြီးရော
ခင်ဗျားတို့ကြိုးဆွဲရာ
ကျုပ်တို့ကခဲ့ရတာ
နှစ်လရက်အသင်္ချေ ...။
ဖက်ဆစ်ဂျပန်တော်လှန်ရေးသူရဲကောင်း၊ ဗိုလ်မှူးကြီးဗထူး (ခရစ် ၁၉၁၆ - ၁၉၄၅) သန်းဝင်းလှိုင်
ဖက်ဆစ်ဂျပန်တော်လှန်ရေးသူရဲကောင်း၊ ဗိုလ်မှူးကြီးဗထူး
(ခရစ် ၁၉၁၆ - ၁၉၄၅)
သန်းဝင်းလှိုင်
ဧပြီ ၁၉၊ ၂၀၁၂
တပ်မတော်ဖခင်ကြီးနှင့် မြန်မာ့လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းက “ဗိုလ်ဗထူးသည် နာမည်နှင့်လိုက်အောင် ထူးမည့်သူဖြစ်သည်။ အကယ်၍ ၎င်းသာ ဆက်လက်အသက်ရှင်နေသေးပါမူ ၎င်းအတွက် ရှေ့တက်လမ်းများစွာရှိသည်ဟု ကျွန်ုပ်ယုံကြည်မိသည်။ သူသည် အကျင့်သိက္ခာရှိ၏။ ဉာဏ်ရှိ၏။ သတ္တိရှိ၏။ ဝီရိယရှိ၏။ သူ့ကို ကောင်းစွာမြေတောင်မြှောက်ပေးလျှင် သူသည် မြန်မာနိုင်ငံတွင်သာမက ကမ္ဘာတလွှားတွင်ပါ ကျော်ကြားနိုင်သော စစ်ခေါင်းဆောင်၊ စစ်သူရဲဖြစ်နိုင်၏။ သူသည် နိုင်ငံရေးဘက်တွင် များစွာအတွေ့အကြုံမရှိသေး လင့်ကစား သူ့တွင် နိုင်ငံရေးသန္ဓေဉာဉ်ရှိသည်ဟု ကျွန်ုပ်ယူဆသည်။ အကယ်၍ အခွင့်အရေးကောင်းစွာရပါမူ နိုင်ငံရေးတွင်လည်း စွမ်းစွမ်း တမံဖြစ်လာနိုင်သည်ဟု ကျွန်ုပ်ထင်၏။ ဤမျှ အလားအလာရှိသော ဗိုလ်ဗထူးသည် ကျွန်ုပ်တို့နှင့်အတူ မရှိတော့ပြီ။
သူသည် ကမ္ဘာအနှံ့အပြားတွင် အရေးပါအရာလည်းရောက်လုဆဲဖြစ်သော အလုပ်သမားလူတန်းစားမှ ပေါ်ထွက်လာခဲ့သည်။ သူသည် သူကဲ့သို့ အခွင့်အရေးမရှိသော အလားအလာမရှိသူ အများအပြားပေါ်ထွက်စေနိုင်သော လွတ်လပ်ရေးကို အလိုရှိခဲ့သည်။ ရှိသည့်အတိုင်း လည်း လုပ်၍ စွန့်ခဲ့သည်။ ဝံ့ခဲ့သည်။ သို့သော် သူကား ရေတိမ်တွင် နစ်ခဲ့ရသည်။ အကယ်၍သာ သူ့အစွမ်းသတ္တိများကို မဟာမိတ်တပ်များသည် သေချာစွာတွေ့ကြုံပါက အင်္ဂလိပ်စစ်တပ်တွင် သူရသတ္တိအတွက် အမြင့်ဆုံးဝိတိုရိယကရော့စ် (Victoria Cross) ခေါ် ဆုတံဆိပ်ကို ရမည်မှာ မလွဲဟု ထင်မိတော့သည်။ အမှတ် (၃) အင်္ဂလိပ်တပ်မမှူး ဗိုလ်ချုပ်ကြီးမစ်ဆာမီပြောပြချက်အရဆိုလျှင် ဗိုလ်ဗထူး၏နာမည်ကို လန်ဒန်ဂေ ဇက်တွင် ချီးကျူးဖော်ပြမည်ဟုပြောခဲ့သည်။ ဤမျှစွန့်စားတိုက်ခိုက်ခဲ့သော ဗိုလ်ဗထူးသည် တိုက်ခိုက်ရာတွင် ဘာမျှမထိခိုက်ဘဲ ငှက်ဖျားရော ဂါနှင့်ကျဆုံးရသည်မှာ ရေတိမ်တွင်နစ်ခြင်းသာဖြစ်တော့သည်” ဟူ၍ ပြောဆိုခဲ့သည်။
ဗိုလ်မှူးကြီးဗထူးကို ၁၉၁၆ခုနှစ် (မြန်မာသက္ကရာဇ် ၁၂၇၈ ခုနှစ်) ၌ ထားဝယ်ခရိုင်၊(ယခု တနင်္သာရီတိုင်းဒေသကြီး) လောင်းလုံမြို့နယ်၊ လေးသွန်းခံ ကျေးရွာတွင် အဖ ရွာသူကြီး ဦးဘထွန်း (မြန်မာ့စွယ်စုံကျမ်း အတွဲ (၇) စာမျက်နှာ (၃၃၄) တွင်ဖော်ပြထားသော ဗိုလ်မှူးကြီး ဗထူးအတ္ထုပ္ပတ္တိ၌ ၎င်း၏ဖခင်အမည်ကို ဦးဖိုးထွန်းဟု မှားယွင်းစွာဖော်ပြထားသည်။) နှင့် အမိ ဒေါ်စိန်မြရင်တို့မှဖွားမြင်သည့် တတိယ မြောက်သားဖြစ်သည်။ သူ့အထက်တွင် အစ်ကို ဖိုးစုနှင့် ကိုပေါဒင်တို့ရှိ၍ အောက်တွင် ညီမ မခင်ကြည်နှင့်မစိန်ပိုတို့ ရှိသည်။
ငယ်စဉ်က လေးသွန်းခံရွာနှင့် လယ်ကွင်းကြီးတစ်ကွင်းခြားသည့် စစ်မြဲရွာဘုန်းကြီးကျောင်း၌ စတင်ပညာဆည်းပူးသည်။ မြန်မာစာအခြေခံအနည်းငယ်ရရှိလာပြီးမှ ထားဝယ်မြို့ရှိ ဆန်းချီရပ် ဆွေမျိုးအိမ်၌နေကာ အစိုးရအထက်တန်းကျောင်းတွင် ဆက်လက်ပြီး အင်္ဂလိပ်-မြန်မာ (၇) တန်းအထိ ပညာသင်ကြားခဲ့သည်။ အလုပ်လုပ်ချင်စိတ်ပေါ်ပေါက်လာ၍ ကျောင်းမှထွက်လိုက်သည်။
မိဘနှင့်ဆွေမျိုးသင်္ဂဟများက ကျောင်းဆက်နေရန် ဖျောင်းဖျသော်လည်း လက်မခံခဲ့။ ဟိန္ဒားသတ္တုတွင်းသို့သွားရောက်၍ အလုပ်ရှာဖွေရာ မိဘများနှင့်ခင်မင်ရင်းနှီးသည့် ဟိန္ဒားသတ္တုတွင်း အိုဗာစီယာချုပ် ဦးလွန်းပင်၏ အကူအညီဖြင့် အလုပ်ရခဲ့သည်။ ထိုအလုပ်မှာ ရေစုပ်စက်ကြီး ကို ဆီထိုးရသည့်အလုပ်ဖြစ်ပြီး တစ်နေ့လျှင် တစ်ဆယ့်နှစ်ပဲရသည်။ ထိုမှ တစ်နေ့တစ်ကျပ်စား စက်မောင်းသမားဘဝဖြင့် ၁ နှစ်ခန့်လုပ် ကိုင်ပြီးနောက် ရိုးသားဖြောင့်မတ်၍ လုံ့လဝီရိယရှိစွာ ကြိုးစားလုပ်ကိုင်ခဲ့ခြင်းကြောင့် မိုင်းအိုဗာစီယာဘဝသို့ တိုးမြှင့်ခန့်အပ်ခြင်းခံခဲ့ရသည်။
ပေါင်းသင်းဆက်ဆံမှုကောင်းခြင်း၊ ခေါင်းဆောင်မှုကောင်းခြင်းတို့ကြောင့် အလုပ်သမားပေါင်း၏ ချစ်ခင်ရင်းနှီးခြင်းကိုခံရကာ အလုပ်သမားစာကြည့်တိုက်မှူးတာဝန်ကို ထမ်းဆောင်လာရသည်။ ကိုဗထူးသည် နဂါးနီအသင်းဝင်တစ်ဦးလည်း ဖြစ်ခဲ့သည်။
မိဘများနှင့် ခင်မင်ရင်းနှီးစွဲရှိသည့် ဟိန္ဒားမိုင်းအိုဗာစီချုပ် ဦးလွန်းပင်၊ ဒေါ်စိန်ချယ်တို့၏သမီး မအုန်းတင် (ဗိုလ်မှူးကြီးဗထူး၏ ဇနီးဒေါ်အုန်း တင် (၇၈) နှစ်သည် ထားဝယ်မြို့ ခုံဝင်းဒပ်ရပ်၊ ပိတောက်ရွှေဝါလမ်းနေအိမ်၌ (၂၇-၇-၉၂) ရက်နေ့တွင် ကွယ်လွန်သွားခဲ့သည်။) နှင့် တစ်စတစ်စ ချစ်ခင်မိလာခဲ့ကြသည်။ နှစ်ဖက်သောမိဘများကလည်း ကျေနပ်သဘောတူကြသဖြင့် ထားဝယ်မြို့ ခုံဝင်းဒပ်ရပ်၊ ဦးလွန်းပင်၊ ဒေါ်စိန်ချယ်တို့၏အိမ်၌ ထိမ်းမြားလက်ထပ်ပေးခဲ့သည်။ သားကြီး မောင်ဖေဝင်း (ဗိုလ်မှူးမြင့်ထူး-စစ်အစိုးရ၏ညှဉ်းပမ်းနှိပ်စက်မှုကြောင့်စစ် ကြောရေးစခန်းတွင် သေဆုံးခဲ့ရသူ)၊ သားငယ်မောင်စိန်ဝင်း (ဦးစန်းထူး၊ ဒု-အုပ်ချုပ်ရေးအရာရှိ၊ ရေနံ-ကွယ်လွန်) နှင့် သမီး မခင်ဝင်း (ဒေါ် မိမိလေး) ဟူ၍ သားသမီးသုံးယောက် ထွန်းကားခဲ့သည်။
နယ်ချဲ့အရင်းရှင်လက်အောက်၌ ဆင်းရဲပင်ပန်းစွာလုပ်ကိုင်လာကြသော ပစ္စည်းမဲ့အလုပ်သမားများ၏ ဒုက္ခဘဝအတွေ့အကြုံကို ခံစားမိ သောအခါ မခံမရပ်နိုင်သဖြင့် ဇနီး၏မောင် မိုင်းအိုဗီစီယာ ကိုစိန်လင်း (၁၉၅၈ ခုနှစ် ထားဝယ်မြူနီစီပယ်ဥက္ကဌ ဦးစိန်လင်း) နှင့်အတူ ဟိန္ဒား သတ္တုတွင်း အလုပ်သမားအစည်းအရုံးကို ၁၉၄၀ ပြည့်နှစ်တွင် ဖွဲ့စည်းတည်ထောင်လိုက်သည်။ အလုပ်သမားဘဝနစ်နာမှုများကို ဖော်ထုတ် ပြီး အခွင့်အရေးတိုးတက်ခံစားရေး တိုက်ပွဲဝင်ခဲ့သည်။ ယင်းအချိန်၌ နယ်ချဲ့အင်္ဂလိပ်များ အာဏာပြင်းထန်စဉ်ဖြစ်၍ တိုက်ပွဲအောင်မြင်မှု မရသည့်အပြင် အလုပ်သမားများမှာ ပိုမိုဖိနှိပ်မှုကိုခံကြရသည်။ ကိုဗထူးနှင့်အတူ ယောက္ခမဦးလွန်းပင်နှင့် ယောက်ဖကိုစိန်လင်းတို့ အလုပ် ဖြုတ်ခံလိုက်ရသည်။ သို့သော် ၁၉၄၂ ခုနှစ်၊ နယ်ချဲ့တော်လှန်ရေးတိုက်ပွဲအတွက် အလုပ်သမားများ၏ နှလုံးသားတွင် တန်ဖိုးမဖြတ်နိုင်သော တော်လှန်ရေးစိတ်ဓာတ်များ စတင်သန္ဓေတည်စေသည့်အမြတ်ကိုကား ရရှိလိုက်ပေသည်။
ထို့နောက် ဦးလွန်းပင်၊ ကိုစိန်လင်းတို့နှင့်အတူ ဖွတ်လက်တိုရွာ၊ ဓလိချောင်းရွာနှင့် ဖောင်းတောရွာများတွင် သစ်ကုန်သည်အလုပ်ကို လုပ် ကိုင်ရင်း သတ္တုတွင်းနယ်မြေဒေသ၌ နယ်ချဲ့ဆန့်ကျင်မှုစည်းရုံးရေးကို ဆောင်ရွလျက်ရှိသည်။
၁၉၄၂ ခုနှစ်၊ ဇန်နဝါရီလတွင် ဗိုလ်မှူးကြီးလက်ျာဦးစီးသော ဗမာ့လွတ်လပ်ရေးတပ်မတော်သည် ဂျပန်တပ်များနှင့်အတူ ယိုးဒယား (ထိုင်း)မှဖြတ်၍ ထားဝယ်မြို့နယ် မေတ္တာရွာကိုဖောက်ပြီး မြန်မာပြည်အတွင်းသို့ စတင်ဝင်ရောက်လာသည်။
ထိုအချိန်တွင် ကိုဗထူးတို့သည် ဗမာ့လွတ်လပ်ရေးတပ်မတော်ကို တောင်သုံးလုံးရွာမှဆီးကြိုကြ၍ ဦးလွန်းပင် အထွေထွေတာဝန်ခံအဖြစ် သတ္တုတွင်းနယ်မြေဒေသ၌ တပ်သား၊ ရိက္ခာ၊ လက်နက်စုဆောင်းရေးတာဝန်ကို ဗိုလ်ဉာဏနှင့် တွဲဖက်တာဝန်ယူဆောင်ရွက်သည်။ ကိုစိန်လင်းက ယိုးဒယားပြည် ဘွန်တီးစခန်းသို့ လက်နက်များသယ်ယူပို့ဆောင်ရန် တာဝန်ခံအဖြစ် သွားရောက်ဆောင်ရွက်ရသည်။ ကိုဗ ထူးသည် မိမိ၏ချစ်စွာသော သတ္တုတွင်းအလုပ်သမားများနှင့်အတူ ဗိုလ်ဗလတပ်တွင် ဝင်ရောက်လိုက်၏။
ထားဝယ်မြို့ကို ဘီအိုင်အေတပ်က လုံးဝသိမ်းပိုက်လိုက်ပြီးနောက် ရှေ့သို့ စစ်ကြောင်းချီရာတွင် ကိုဗထူးသည် တပ်သား (၁၅) ယောက်ကို အုပ်ချုပ်ရသော သာမန်တပ်ကြပ်ကလေးရာထူးဖြင့် တာဝန်ယူဆောင်ရွက်ရသည်။
မြန်မာနိုင်ငံအတွင်း၌ အင်္ဂလိပ်နယ်ချဲ့တို့ထွက်ခွာသွားပြီးနောက် ၁၉၄၂ခုနှစ်၊ ဇူလိုင်လ (၂၆) ရက်နေ့တွင် ဗမာ့လွတ်လပ်ရေးတပ်မတော် (ဘီ၊အိုင်၊အေ) ကိုဖျက်သိမ်းကာ ဗမာ့ကာကွယ်ရေးတပ်မတော် (ဘီ၊ ဒီ၊ အေ) ကို ဖွဲ့စည်းလိုက်သည်။ အသစ်ဖွဲ့စည်းသော ဗမာ့ကာကွယ် ရေးတပ်မတော်တွင် ဗိုလ်ချုပ်အောင်ဆန်းအား ဗိုလ်မှူးကြီးရာထူးဖြင့် သေနာပတိခန့်အပ်၍ ဗိုလ်မှူးအောင်၊ ဗိုလ်မှူးရန်နိုင်၊ ဗိုလ်မှူးဇေယျတို့ အား တပ်ရင်းများကိုဦးစီးစေပြီးလျှင် တပ်ရင်း (၃) ရင်း ဖွဲ့ခဲ့သည်။ ထိုအခါတွင် ဗိုလ်ဗထူးသည် ဗိုလ်မှူးရန်နိုင်ဦးစီးသည့် ပျဉ်းမနားမြို့ရှိ ခြေလျင်တပ်ရင်း အမှတ်(၂) တပ်ခွဲ (၃) တွင် ဗိုလ်ကြီးရာထူးဖြင့် တပ်ခွဲမှူးအဖြစ် တာဝန်ပေးခန့်အပ်ခြင်းခံရလေသည်။
ဗမာ့ကာကွယ်ရေးတပ်မတော်ကို တဖြည်းဖြည်း တိုးချဲ့ဖွဲ့စည်းခဲ့ရာ စက်မှုလက်မှုတပ်ရင်း အမှတ် (၁) ကို ပျဉ်းမနားမြို့တွင်ဖွဲ့ခဲ့သည်။ ဗိုလ် ဗထူးကို ထိုတပ်တွင် ပြောင်းရွှေ့ထမ်းဆောင်စေ၍ ၁၉၄၃ ခုနှစ် နှစ်ဦးပိုင်းလောက်တွင် ထိုတပ်မှာပင် တပ်ရင်းမှူးအဖြစ် တာဝန်ပေးအပ်ကာ ဗိုလ်မှူးအဆင့်အတန်းသို့ တိုးတက်ခန့်ထားခံရသည်။ ကသာနယ်၊ အင်းတော်နယ်တဝိုက်၌ ဗြိတိသျှလေထီးတပ်သားများ လှုပ်ရှားလာသော အခါ၊ အင်ဖားသို့ ချီတက်ရန် လမ်းပန်းအဆက်အသွယ်များ လိုအပ်သောအချိန်တွင် ဗိုလ်မှူးဗထူး၏ စက်မှုလက်မှု တပ်ရင်းအမှတ် (၁) သည် လမ်းပန်းဖောက်လုပ်ရန်လည်းကောင်း၊ လေထီးတပ်များနှင့်ရင်ဆိုင်ရန်လည်းကောင်း မြောက်ပိုင်းစစ်မြေသို့ ထွက်လာရသည်။ အနေ အထိုင်အစားအသောက်ဆင်းရဲခြင်း၊ ဆေးဝါးရိက္ခာညံ့ဖျင်းခြင်းကြောင့် ရဲဘော်များ နာမကျန်းဖြစ်ကာ ဒုက္ခအမျိုးမျိုးနှင့် ရင်ဆိုင်ကြရသည်။ ဗိုလ်မှူးဗထူးကိုယ်တိုင်လည်း ငှက်ဖျားရောဂါစွဲကပ်ခဲ့ရလေသည်။ ဆက်သွယ်ရေးမရရှိမှုတို့ကြောင့် ၁၉၄၃ ခုနှစ် သြဂုတ်လ (၁) ရက်နေ့တွင် ဂျပန်က မြန်မာနိုင်ငံအား အယောင်ဆောင်လွတ်လပ်ရေးပေးလိုက်သည်ကိုပင် ဗိုလ်မှူးဗထူးတို့မသိလိုက်ဟု ဆိုသည်။
၁၉၄၄ ခုနှစ် မေလတွင် ဗမာ့တပ်မတော် (ဂျပန်ပေးသော လွတ်လပ်ရေးရပြီးနောက် ဗမာ့ကာကွယ်ရေးတပ်မတော်ကို ပြောင်းထားသော အမည်) ကို စစ်တိုင်းများခွဲခြားသတ်မှတ်ကာ ဗိုလ်မှူးဗထူးကို တိုင်းမှူးအဖြစ်ခန့်အပ်ပြီးလျှင် မန္တလေးသို့ ပြောင်းရွှေ့စေခဲ့သည်။ မန္တလေးတိုင်း စစ်နယ်သည် တောင်ငူဘက်တွင် ပျဉ်းမနားအထိ မြောက်ဘက်တွင် တမူး၊ ကလေးဝနယ်အထိကျယ်သည်။ တိုင်းအတွင်းတွင် ခြေလျင်တပ် ရင်း အမှတ် (၁)၊ (၃)၊ (၄) နှင့် (၅)၊ စက်မှုလက်မှု တပ်ရင်း (၁)၊ အမြောက်တပ်နှင့် စက်သေနတ်ကြီးတပ်များရှိသည်။ ဗိုလ်မှူးဗထူးသည် မန္တလေးတိုင်းမှူးအဖြစ် အဆက်ပြတ်နေသော တပ်ရင်းများဆီသို့ ရိက္ခာ၊ ဆေးဝါးများ ပို့ပေး၏။
တစ်နေ့သော် အမရပူရမြို့ လူထုအစည်းအဝေးတစ်ခုအတွက် ဖိတ်ကြားခြင်းခံရသဖြင့် အဖော်အရာရှိ နှစ်ယောက်နှင့်အတူ ကားတစ်စီးဖြင့် ထွက်သွားကြ၏။ အစည်းအဝေးကိစ္စပြီး၍ ည (၉) နာရီခွဲခန့်တွင် ပြန်လာခဲ့၏။ ၎င်းတို့၏ကားနောက်မှ ဂျပန်စစ်အရာရှိ ကားတစ်စီးသည် မောင်းနှင်၍ လာ၏။ ကားသည် ရှေ့ကိုကျော်တက်ရန် ကားဟွန်းကို အဆက်မပြတ်တီး၍ လာ၏။ ဗိုလ်မှူးဗထူးက ကားမောင်းသည့်ရဲဘော်အား ရှောင်ပေးလိုက်ရန်ပြော၏။ သို့သော်လမ်းမှာ လမ်းကျဉ်းဖြစ်၍ မတက်နိုင်သည်ကို ကားပေါ်ရှိဂျပန်အရာရှိက ဂျပန်စကားဖြင့် ဆဲရေးတိုင်း ထွာ၏။ သို့နှင့် ဆက်လက်မောင်းလာရာ လမ်းကျယ်သို့ရောက်သည်နှင့် ဂျပန်ကားသည် ရှေ့သို့ကျော်မတက်ဘဲ ၎င်းတို့ကားရှေ့မှ ရပ် လိုက်ခြင်းဖြင့် ကားနှစ်စင်းလုံးရပ်သွားစေ၏။ ဗိုလ်မှူးဗထူးသည် ကားပေါ်မှဆင်းလိုက်၏။ ကားပေါ်မှ ဂျပန်အရာရှိသည်လည်း ဒေါသနှင့် စတင်စကားပြောရာမှ ဂျပန်အရာရှိသည် မိမိဓားကိုဆွဲချွတ်မည်အပြုတွင် ဗိုလ်မှူးဗထူးသည် မိမိဓားကို အမြန်ဆွဲထုတ်၍ ဂျပန်၏ဦးခေါင်း တည့်တည့်သို့ ခုတ်လိုက်လေသည်။
ထိုသို့ ဓားချင်းယှဉ်ပြိုင်ရေးနှင့်ပတ်သက်၍ အခြားသူတစ်ဦးတစ်ယောက်သာဆိုပါက တပ်မတော်အရာရှိကြီးများ အလုပ်ရှုပ်စရာ။ ယခုမူကား ဂျပန်တို့လေးစားသော ဗိုလ်မှူးဗထူးဖြစ်နေခြင်း၊ ဗိုလ်မှူးဗထူးအကူအညီကိုလည်း ဂျပန်တို့များစွာအလိုရှိနေခြင်း၊ ဗိုလ်မှူးဗထူးသည် လမ်းမ ကျလျှင် မည်သည့်အခါမျှ မခံကြောင်းကို ယခင်မြောက်ပိုင်း စစ်မြေပြင်မှအဖြစ်အပျက်ကိုလည်း ဂျပန်တို့သိရှိနေခြင်း၊ ဗိုလ်မှူးဗထူးကိုယ်တိုင် မတရားသည်ကိုမလုပ်ဟူ၍ ဂျပန်တို့နားလည်ခြင်း၊ ယခုကိစ္စမှာ မိမိတို့ဂျပန်အရာရှိကပင်လျှင် မူးယစ်ရမ်းကား ဆဲရေးတိုင်းထွာခြင်း စသည် တို့ကြောင့် ဗိုလ်မှူးဗထူးမှာ မည်သည့်အရေးအပြစ်ပေးခြင်းမှမခံရဘဲ အမှုပြီးပြတ်ခဲ့လေသည်။
ဗိုလ်မှူးဗထူးသည် အမည်နှင့်လိုက်အောင် ထူးခြားသည်။ တနေ့သော် ဗမာပြည်တစ်ပြည်လုံး ဖက်ဆစ်ဂျပန်တို့၏ ရက်စက်မှု၊ မမျှတမှု၊ အ သနားအညှာတာကင်းမဲ့မှုကြောင့် စားသောက်နေထိုင်မှုကျပ်တည်းကာ ကုန်ဈေးနှုန်းမြင့်မားသဖြင့် ‘ငါတည်တဲ့ဘုရား လင်းတပင်နားနား’ ဟူဘိသကဲ့သို့ မျက်စိကိုစုံမှိတ်၍ ခတ်မဆိတ်နေခဲ့သော ရုပ်သေးမဟာ ဗမာအစိုးရသည် အပိုရှားပါးစရိတ်ထုတ်ပေးရန် စီမံရတော့၏။
ထိုစဉ်အခါက ဗိုလ်မှူးဗထူးသည် အပိုစရိတ်ဂျပန်ငွေစက္ကူတော်တော်များများ ရလေသည်။ မိမိရုံးမှ ငွေစာရင်းအရာရှိက ငွေစက္ကူအထုပ်ကြီး ကို စားပွဲတွင်တင်ထားသည်ကို စူးစိုက်ကြည့်နေ၏။
“တချို့တော့လဲ သားမယားဆီ ပြန်ပို့ကြတာပဲ။ ငါလဲအိမ်ကို တစ်ခေါက်မှမပြန်မိဘူး။ ‘ဉာတကာနဉ္စသင်္ဂဟော’ ဆွေမျိုးတို့အား ထောက်ပံ့ရမည် လို့ ဘုရားဟောဒေသနာနဲ့အညီ သားမယားဆီ ငွေကြေးတော့ထောက်ပံ့သင့်တာပဲ။ ဒါပေမယ့် ငါယခုအလုပ်လုပ်နေတာဟာ မင်္ဂလာတရား တော်နှင့်အညီ သားကျွေးမှု၊ မယားကျွေးမှု၊ ဆွေမျိုးများ ထောက်ပံ့မှုအတွက်မဟုတ်ဘူး။ ငါစစ်ထဲဝင်တာ တိုင်းပြည်အတွက်ပဲ။ သူတို့ကို ထောက်ပံ့ချင်လို့ မဟုတ်ဘူး။ သူတို့ကို ဟိုစဉ်ကထောက်ပံ့ခဲ့ပြီ။ ကျွေးမွေးပြုစုခဲ့ပြီ။ အခု ငါ့အဖို့ ဒီငွေတွေကို ငါနဲ့ ဆင်းရဲဖော်ဆင်းရဲဘက် အလုပ်လုပ်ဖက်ဖြစ်တဲ့ ငါ့ရဲ့ရဲဘော်တွေကိုသာ ထောက်ပံ့သင့်တယ်” ဟုဆုံးဖြတ်ကာ စစ်မြေပြင်၌ အမျိုးမျိုးပင်ပန်းခဲ့သည့်ရဲဘော်များ အ ပန်းပြေစေရန် ပွဲလမ်းသဘင်ပြုလုပ်ပျော်ရွှင်ရေးအတွက် အသုံးချခဲ့လေသည်။ ဗိုလ်မှူးဗထူးက အစဉ်သဖြင့် ရဲဘော်များအား သတိရအားကိုး သလို ရဲဘော်တို့ကလည်း ဗိုလ်မှူးဗထူးအား လေးစားယုံကြည်အားထားခဲ့ပေသည်။
လူမျိုးအနေဖြင့် ဂျပန်လူမျိုးများမှာ ချစ်ခင်ဖွယ်ရာကောင်းလှသည်။ သို့ရာတွင် သူတို့ကျင့်သုံးသောဖက်ဆစ်ဝါဒမှာမူ အလွန်ဆိုးရွားလှသည်။ နောက်ဆုံး ဖက်ဆစ်ဒဏ်ကိုမခံနိုင်တော့သဖြင့် ဗိုလ်ချုပ်အမှူးရှိသော တပ်မတော်အရာရှိများ၊ ဗမာနိုင်ငံရှိ ဖက်ဆစ်ကိုတော်လှန်လိုသော အစည်းအရုံးများ၊ အသင်းအပင်းများ၏ အစည်းအဝေးဆုံးဖြတ်ချက်အရ ဂျပန်ကို တော်လှန်ရန်ရွေးချယ်ခြင်း နယ်ခွဲခြားသတ်မှတ်ခန့်ထား ရာတွင် တိုင်းမှူးဗိုလ်မှူးဗထူးမှာ မူလမိမိစီစဉ်ထားရှိပြီးဖြစ်သော အထက်မြန်မာပြည်တိုင်းကိုပင် တာဝန်ခံခေါင်းဆောင်အဖြစ် ရွေးချယ်စေ လွှတ်ခြင်း ခံရလေသည်။ ဗိုလ်မှူးဗထူးသည် အထက်မြန်မာပြည်တိုင်းမှူးအဖြစ် လက်ရွေးစဉ်ရဲဘော်များကို ခေါင်းဆောင်ကာ ပြောင်းရွှေ့ သွားလေသည်။
၁၉၄၅ ခုနှစ်၊ ဇန်နဝါရီလအတွင်းတွင် ဂျပန်ကိုတော်လှန်ရန် ရန်ကုန်မြို့၌ လျှို့ဝှက်စွာကျင်းပသောဆွေးနွေးပွဲသို့ ဗိုလ်ချုပ်အောင်ဆန်းဦးစီး သည့် တော်လှန်ရေးကော်မတီအဖွဲ့ဝင်တို့နှင့်အတူ ဗိုလ်မှူးဗထူး တက်ရောက်ခဲ့သည်။
၁၉၄၅ ခု နှစ်ဦးပိုင်းတွင် မဟာမိတ်တပ်တို့သည် မြန်မာနိုင်ငံမြောက်ပိုင်းသို့ဝင်ရောက်ကာ မန္တလေးမြို့သို့ ဦးတည်ချီတက်ကြသည်။ ဗိုလ်မှူးဗ ထူးသည် နိုင်ငံစည်းရုံးရေး၊ စစ်ရေးအခွင့်သာမှုတို့ကို ရှေ့ရှု၍ မိမိလက်အောက်ရှိ စစ်ကိုင်း၊ မန္တလေး၊ သီပေါမှတပ်များဖြင့် ၁၉၄၅ ခု၊ မတ်လ (၈) ရက်နေ့ ဂျပန်အား စတင်တော်လှန်တိုက်ခိုက်သည်။ ထိုအချိန်တွင် အောက်မြန်မာနိုင်ငံရှိ ဗမာ့တပ်မတော်သည် ဂျပန်ကိုတော်လှန်ရန် အသေးစိတ်စီစဉ်ချက်များ မပြီးပြတ်သေး။ ဤတွင် ဗိုလ်မှူးဗထူးသည် သူ၏တပ်များ ဂျပန်တို့အားတော်လှန်ခြင်းကြောင့် ကျန်တပ်များ ဒုက္ခ တွေ့မည်ကိုသိရှိသဖြင့် ဂျပန်ကို တော်လှန်တိုက်ခိုက်ရေးအတွက် ကြေညာချက်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အဆက်အသွယ်ဖြတ်ကာ မိမိ၏တပ်ကို ဗမာ့တော်လှန်ရေးတပ်မတော်အမည်ဖြင့် ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ကြီးနှင့် ပူးတွဲဆောင်ရွက်လျက် ဗိုလ်ချုပ်အောင်ဆန်းကို ရန်သူအဖြစ်ကြေညာလျက်ရှိကြောင်း ပရိယာယ်ဖြင့် ဖော်ပြကြေညာထားလေသည်။
ဗိုလ်မှူးဗထူး ထုတ်ပြန်ခဲ့သည့်ကြေညာချက်မှာ ....
“ရဲဘော်တို့ .... ငါတို့တစ်တွေသည် ငါတို့တိုင်းပြည်လွတ်လပ်ရေးအတွက် ငါတို့၏အသက်ကိုပမာမထားဘဲ တပ်မတော်သားပီပီ တာဝန် ထမ်းဆောင်ခဲ့ကြကြောင်း အများသိကြသည်။
ဖက်ဆစ်ဂျပန်တွေသည် ငါတို့လူမျိုးများအား အမျိုးမျိုးညှဉ်းဆဲသတ်ဖြတ်ပြီး ငါတို့ကိုလွတ်လပ်ရေးမပေးဘဲ ကျွန်သဘောက်ဘဝသို့ ပို့ ဆောင်ခဲ့ကြကြောင်း၊ ဘမော်နှင့်အောင်ဆန်းအမှူးပြုသည့် ရုပ်သေးအစိုးရရဲ့စစ်တပ်သည် ဂျပန်တွေရဲ့ညှဉ်းပန်းနှိပ်စက်မှုကို ကာကွယ်ပေး နိုင်လိမ့်မည်ဟု ငါတို့ယုံကြည်အားထားခဲ့ကြသော်လည်း ယခုအထိ သူတို့သည် မည်သည့်ကာကွယ်မှုကိုမျှ ပြုလုပ်မပေးနိုင်ခဲ့သဖြင့် ငါတို့ သည် ဤအတိုင်း ခေါင်းငုံ့၍ ခံမနေနိုင်တော့ပေ။
ထို့ကြောင့် ၁၉၄၅ ခုနှစ် မတ်လ ၈ ရက်နေ့မှစ၍ ငါ့လက်အောက်ရှိ စစ်ကိုင်း၊ မန္တလေး၊ သီပေါ စသောနယ်များရှိ တပ်များသည် ဖက် ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်ကြီးနှင့်ပူးပေါင်းလျက် ဖက်ဆစ်ဂျပန်တို့အား စတင်တိုက်ခိုက်ပြီဖြစ်ကြောင်း ကြေညာ လိုက်သည်။
ရဲဘော်တို့ ....
ဖက်ဆစ်ဂျပန်လူရိုင်းများအား တွေ့ရာသင်္ချိုင်း ဓားမဆိုင်းဘဲ သုတ်သင်ကြလော့။
ဗိုလ်မှူးဗထူး
မြန်မာ့တော်လှန်ရေးတပ်မတော်
အထက်မြန်မာပြည်
သို့ရာတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်ကား နားလည်မှု ရရှိပြီးဖြစ်သည်။ ထိုသို့ ပရိယာယ်ဖြင့် ကြေညာချက်ကြောင့်လည်း အောက်မြန်မာနိုင်ငံရှိ တပ်အသီးသီးသည် ၁၉၄၅ ခု၊ မတ်လ (၂၇) ရက်နေ့တွင် ဂျပန်တော်လှန်ရေး အစီအစဉ်များကို အောင်မြင်စွာ ဆက်လက်လုပ်ဆောင်နိုင်ခြင်း ဖြစ်သည်။
မန္တလေးမြို့နှင့် မန္တလေးနယ်အတွင် မဟာမိတ်များမရောက်မီ ဗိုလ်မှူးဗထူးတပ်များသည် ဂျပန်များကို ရှင်းလင်းထားနိုင်ခဲ့သည်။ ဗိုလ်မှူး ဗထူးတို့ဖွဲ့စည်းထားသော ပြောက်ကျားတပ်များအကူအညီဖြင့် မဟာမိတ်တပ်များလည်း အောင်မြင်စွာချီတက်၍ ဂျပန်တပ်များကို ချေမှုန်း နိုင်ခဲ့သည်။ မေမြို့ (ယခု ပြင်ဦးလွင်) ကို မဟာမိတ်များ သိမ်းပိုက် ရာတွင် ဗမာ့မျိုးချစ်ပြောက်ကျားများ၏ အကူအညီဖြင့် သိမ်းပိုက်နိုင်ခဲ့ကြောင်း မဟာမိတ်တို့၏ သတင်းထုတ်ပြန်ချက်များပေါ်တွင် ဖော်ပြထားသည်ကို တွေ့ရသည်။ အထက်မြန်မာပြည်တိုင်းတွင်း ဗိုလ်မှူးဗထူးစတင်တော် လှန်ခဲ့သော မတ်လ ၈ ရက်နေ့မှ ၅ ရက်နေ့အထိ တိုက်ပွဲပေါင်း ၃၇ ပွဲ တိုက်ခဲ့ရသည်။ တိုက်ရသော ရန်သူအင်အားမှာ ၈၁၀၀ ခန့် ရှိသည်။ ရန်သူ့ဘက်မှ အကျအဆုံးမှာ ၄၂၈ ယောက် (ဒုဗိုလ်မှူးကြီးတဦးအပါအဝင်) ၃၁ ယောက် ဒဏ်ရာရခဲ့သည်။ စစ်သုံ့ပန်း ၁၂ ယောက် ဖမ်းဆီး မိခဲ့သည်။ ဗိုလ်မှူးဗထူး၏ ထူးချွန်စွာဆောင်ရွက်မှုကြောင့် ၁၉၄၅ ခုနှစ်၊ မေလ (၁) ရက်နေ့ပါ ပြည်သူ့လွတ်လပ်ရေးတပ်မတော် (ဗမာ့မျိုး ချစ်တပ်မတော်) အမိန့်ဖြင့် ဗိုလ်မှူးဗထူးကို ဗိုလ်မှူးအဆင့်မှ ဗိုလ်မှူးကြီးအဆင့်သို့ နှစ်ဆင့်တိုးတက်ပေးလိုက်လေသည်။ ထိုအမိန့်ကို ဗိုလ် ချုပ်အောင်ဆန်းကိုယ်တိုင် လက်မှတ်ရေးထိုး၍ မန္တလေးတိုင်းတပ်မှူး ဗိုလ်မှူးဗထူးအား သူရသတ္တိရှိခြင်း၊ ထူးခြားစွာ ခေါင်းဆောင်နိုင်ခြင်း တို့အတွက် ဗိုလ်မှူးအဆင့်အတန်းမှ ဗိုလ်မှူးကြီးအဆင့်အတန်းသို့ နှစ်ဆင့်တိုးပေးလိုက်သည်ဟု ဖော်ပြထားသည်။
မန္တလေးမြို့ကို မဟာမိတ်တို့ ပြန်လည်သိမ်းပိုက်ပြီးနောက် ဗိုလ်မှူးကြီးဗထူးသည် ကျောက်ဆည်မှတစ်ဆင့် ရှမ်းပြည်တောင်ပိုင်း အောင်ပန်း မြို့သို့ ချီတက်ခဲ့သည်။ ထိုအချိန်က မိုးဥတုလည်းဖြစ်၍ ရာသီဥတုမှာ ကြမ်းတမ်းလှသဖြင့် ခရီးပမ်းလူပမ်းဖြစ်ခဲ့ရသော ဗိုလ်မှူးကြီးဗထူးနှင့် တကွ ရဲဘော်တို့သည် ကျန်းမာရေးချို့တဲ့၍ ဖျားနာကြ၏။ ဗိုလ်မှူးကြီးဗထူးသည်လည်း အင်းတော်၊ ကလေးဝစစ်ကြောင်း၌ တိုက်ပွဲဝင်ရင်း စွဲကပ်သော ငှက်ဖျားရောဂါပြန်ပေါ်လာတော့သည်။ ငှက်ဖျားရောဂါကို ရှိသမျှဆေးဝါးတို့ဖြင့် အစွမ်းကုန်ကုစားပါသော်လည်း နာလန်မထူ တော့ဘဲ ၁၉၄၅ ခုနှစ်၊ ဇွန်လ (၂) ရက် ည (၈) နာရီ (၁၀) မိနစ်အချိန်တွင် ရှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့နယ်၊ မြင်းကြားဒိုးရွာအနီး တယ်လူးစခန်း၌ (၂၉) နှစ်အရွယ်တွင် ကွယ်လွန်အနိစ္စရောက်သွားရှာလေတော့သည်။ မကွယ်လွန်ခင်အချိန်ကလေးမှာပင် စခန်းရှိရဲဘော် များကို ဗိုလ်အာဠာဝကတပ်ရှိမည့်နေရာကိုမေး၍ “အာဠာဝကကို ပြန်ခေါ်၊ စစ်ကိုဆက်တိုက်ကြ” ဟူ၍ နောက်ဆုံးအမိန့်ပေးခဲ့သေးသည်။ တယ်လူးစခန်းမှာ အောင်ပန်းမြို့နယ် မြင်းကြားဒိုးရွာအနီး အိမ်ခြေ (၇) အိမ်ခန့်သာရှိသော ရွာသိမ်ရွာငယ်ကလေးသာ ဖြစ်လေသည်။ တောင်ကြိုအုံကြား စစ်မျက်နှာတို့၌သာ အချိန်ကုန်ခဲ့ရသော ဗိုလ်မှူးကြီးဗထူးသည် ကွယ်လွန်ချိန်အထိ သူ့အား ဗိုလ်မှူးကြီးအဆင့်သို့ တိုး မြှင့်ဂုဏ်ပြုသော ဗိုလ်ချုပ်အောင်ဆန်း၏အမိန့်စာကို မဖတ်လိုက်ရချေ။ ဗိုလ်မှူးကြီးဗထူးကား ဗမာ့လွတ်လပ်ရေးအတွင်း ဝင်ရောက်သည့် နေ့မှစ၍ ဇနီးနှင့်သားသမီးများထံသို့ တစ်ခါတစ်ခေါက် သွားရောက်ကြည့်ရှုရန် အချိန်မရလောက်အောင် တိုင်းပြည်နှင့်လူမျိုးအတွက် တာ ဝန်များကို ကြိုးပမ်းဆောင်ရွက်ခဲ့သော အာဇာနည်ပုဂ္ဂိုလ်ကြီးတစ်ဦးသာ ဖြစ်လေသည်။ ဗိုလ်မှူးကြီးဗထူး၏ပုံသဏ္ဌာန်မှာ အရပ်ရှည်ရှည်၊ မေးချွန်ချွန်၊ မျက်လုံးပြူးပြူး၊ မျက်ကွင်းချိုင့်ချိုင့်၊ နှုတ်ခမ်းမွှေးမတိုမရှည် ဆံပင်စုတ်ဖွားဖွားဟူ၏။
အောင်ပန်းမြို့ (ကလောနှင့် ၅ မိုင်ကွာဝေးသည်) တွင် ဗိုလ်မှူးကြီးဗထူးနှင့် ရဲဘော်များအတွက် ကျောက်တိုင်တစ်ခု စိုက်ထူထားသည်။ အဆိုပါကျောက်တိုင်တွင် “မြန်မာနိုင်ငံတော် ရှမ်းပြည်တောင်ပိုင်း ဖက်ဆစ်ဂျပန်တော်လှန်တိုက်ခိုက်ရေးတွင် ဦးစီးခဲ့၍ ၁၃၀၇ ခုနှစ်၊ နယုန် လဆုတ် (၈) ရက်နေ့ ည (၈) နာရီ (၁၀) မိနစ်အချိန် တယ်လူးစခန်းတွင်ကျဆုံးရှာသော ဗိုလ်မှူးကြီးကာနယ်ဗထူးနှင့် ရဲဘော်နှစ်ဆယ့် ခြောက်ယောက်” ဟု ကမ္ပည်းထိုးထား၏။ ဗိုလ်မှူးကြီး ဗထူးအားဂုဏ်ပြုချီးကျူးသောအနေဖြင့် တပ်မတော်မှလည်း ‘ဗထူးတပ်မြို့’ ဟူသော အမည်ဖြင့် တပ်စခန်းမြို့တစ်ခုကို ရပ်စောက် (လောက်ဆောက်) မြို့မြောက်ဘက် တစ်မိုင်ခန့်အကွာတွင် ၁၉၅၃ ခုနှစ်၌ တည်ထားလေသည်။
မည်သို့ဆိုစေ… ဖက်ဆစ်ဂျပန်တို့ကို ပထမဦးဆုံးတိုက်ခိုက်ခဲ့သော ဗိုလ်မှူးကြီးဗထူး၏အမည်သည် ထာဝစဉ်ထွန်းလင်းတောက်ပြောင်နေမည်မှာ မလွဲဧကန်ပင်တည်း။
စာကိုး
(၁) မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၇)၊ စာ-၃၃၄၊ ၃၃၇။
(၂) သိပ္ပံစိုးရင်၊ ဗမာ့တော်လှန်ရေးအာဇာနည် ဗိုလ်မှူးကြီးဗထူး၊ ရန်ကုန်၊ ယုံကြည်ချက်စာပေ၊ ပကြိမ် ၁၉၆၉
(၃) တင်တင်ဝင်း ‘ဗမာ့သားကောင်း ဗိုလ်မှူးဗထူး’ ငွေတာရီမဂ္ဂဇင်း အမှတ် ၅၇ (၁၉၆၉၊ မတ်လ) စာ ၁၅-၁၉
(၄) ဗိုလ်မှူးဗထူး၏ ပေးစာများ မြဝတီမဂ္ဂဇင်း (၁၉၇၀၊ မတ်)
အညတရ အလှူဒါန
အညတရ အလှူဒါန
အရှင် ၀ီရသူ
ဧပြီ ၂၁၊ ၂၀၁၂
စာရေးသူ မန္တလေးသို့ရောက်ခါစ (၁၃၅၃၁၉၉၁) ခုနှစ်က ဖြစ်သည်။ ထိုအချိန်က ရဟန်းသိက္ခာလေးဝါရ သကျသီဟ စာသင်တန်း ဖြေ ဆိုမည့်စာသင်သားတစ်ပါး ဖြစ်ခဲ့ပေသည်။
မစိုးရိမ်တိုက်သစ်၏မူဝါဒကား စာသင်သားမှန်သမျှကို “နေရာပေးသည်၊ ပညာပေးသည်၊ အလိမ္မာပေးသည်”ဟူသည့် ဆောင်ပုဒ်အတိုင်းပင် ဖြစ်လေသည်။ ထို့ကြောင့် စာသင်သံဃာများမှာ ကိုယ့်ဒူးကိုယ်ချွန်၊ ကိုယ့်ဝမ်းကိုယ်ကျောင်းရရှာပေသည်။ စာမေးပွဲဝေးချိန်၊ ကျန်းမာရေး ကောင်းနေချိန်များတွင် ကိုယ့်ဆွမ်းကိုယ်ခံစားခြင်းသည် ကျန်းမာရေး၊ ၀မ်းစာရေး၊ ကုသိုလ်ရေး၊ ပညာရေး အရေးအားလုံးနှင့် ညီညွတ်သော် လည်း ကျန်းမာရေးမကောင်းခဲ့လျှင်ကား အရေးအားလုံးဆုံးရှုံးးရလေသည်။ အထူးသဖြင့် စာမေးပွဲတွင်းကာလများ၌ ၀မ်းရေးအခက်ခဲဆုံး ဖြစ်လေ၏။
အစိုးရထောက်ပံ့ငွေ (မြို့လူထုထံကောက်ခံငွေ) ၁၀၀ ကျပ်သည်လည်း ထိုအချိန်က လ္ဘက်ရည်တစ်ခွက်ဖိုးသာရှိလေရာ စာသင်သံဃာများမှာ ဆွမ်းမခံလျှင်လည်း ဆွမ်းစားစရာမရှိ။ ဆွမ်းခံလျှင်လည်း စာကျက်ချိန်မရှိသဖြင့် များစွာကြောင့်ကျခဲ့ကြရပေသည်။
မိမိမှာလည်း စာသင်သားတစ်ပါးသာဖြစ်ရာ စာဖြေသံဃာများအား ကောင်းမွန်ပြည့်စုံစွာ မလှူဒါန်းနိုင်ဖြစ်ခဲ့ရလေသည်။ အလှူလည်းမခံ တတ်၊ အလှူလည်းမခံဝံ့သူဖြစ်လေသောကြောင့် စာသင်သားအချင်းချင်း ကိုယ်ချင်းစာသော်လည်း လုံးဝမတတ်နိုင်ခဲ့ပေ။ ကြည့်လည်း မ ကြည့်ရက်၊ တတ်လည်းမတတ်နိုင်ဖြစ်ကာ လက်မှိုင်ချရမည့်အရေး၌ အတွေးတစ်ခု အလင်းရလာခဲ့ပေသည်။
“မိမိမှာ ရဟန်းဒကာ/ဒကာမများထောက်ပံ့ထားသော ဆန်ရှိသည်။ ဆီရှိသည်။ ငါးပိကြော်-ပါလချောင်ကြော်ရှိသည်။ ဘယာကြော် ပဲချပ် ကြော်အပါအ၀င် အကြော်စုံများ ၀ယ်ခြမ်းလှူဒါန်းလျှင် အနည်းဆုံး အဆာပြေတော့စားနိုင်လောက်သည်။ ဟင်းကောင်း ဟင်းမွန်များ မဟုတ်သောကြောင့် မစားလျှင်လည်း တစ်နပ်စာသာ အလဟဿဖြစ်မည်။ ထို့ကြောင့် စမ်းသပ်ဆက်ကပ်ကြည့်မည်” ဟူသော အတွေးဖြစ်ပါသည်။
ဤသို့ဖြင့် မနက် ၄:၀၀ နာရီဆွမ်းချက်သည်။ ဆွမ်းစားပွဲများ ကိုယ်တိုင်ပြင်သည်။ ကိုရင်များကို အကြော်ဝယ်ခိုင်းသည်။ ဆွမ်းပွဲများပြင်ပြီး သည့်အခါ စာကျက်နေသောသံဃာများကို ပင့်ဖိတ်သည်။ အချိန်ကာလက လွန်စွာအရေးကြီးနေ၍ လ္ဘက်ရည်ဆိုင်မသွားနိုင်သောကြောင့် လည်းကောင်း၊ မနက်အစော စာထကျက်ထားရ၍ ဗိုက်ဆာနေသောကြောင့်လည်းကောင်း၊ သံဃာများမှာ ခေါင်းပင်မဖော်ကြပေ။ မြိန်ရေ ရှက်ရည် ဘုဉ်းပေးနေကြလေ၏။ သူတို့ကိုကြည့်၍ ပီတိများစွာဖြင့် ကြည်နူးမှုအတိ ဖြစ်ခဲ့ရပေသည်။
ကျေးဇူးစကားဆိုသူကဆို။ မေတ္တာပို့သူကပို့။ ဆုပေးသူကပေးနှင့် မိမိနေထိုင်ရာ သိမ်ကျောင်းဆောင်ကလေးသည် ကျက်သရေမင်္ဂလာများ နှင့် ပြည့်လျှံသွားခဲ့ပေသည်။
သိမ်ကျောင်းဆောင်၌ (၂၃) ပါးသာရှိရာ ဆွမ်းပွဲလေးပွဲ-ဆွမ်းဇလုံးကြီးလေးလုံး တည်ခင်းကပ်လှူရုံဖြင့် ကိစ္စပြီးခဲ့လေသည်။ အချို့မှာ အဆာ ပြေစားရုံတင်မဟုတ်ဘဲ နေ့ဆွမ်းလွတ်အောင် အ၀စားကြလေ၏။
ဤသို့ဖြင့် န၀ကမ္မများ၊ ထောက်ပံ့ဆန်ဆီများစုဆောင်း၍ နှစ်စဉ်နှစ်တိုင်း ဆွမ်းကပ်ဖြစ်အောင် စီစဉ်နိုင်ခဲ့ပေသည်။ သိမ်ကျောင်းမှ ယာန ကျောင်းသို့ ပြောင်းရွေ့နေထိုင်သည့်အခါ၌လည်း ဆွမ်းဝတ်မပျက်ခဲ့ပေ။ ကျောင်းဆောင်ကြီး၍ သံဃာဦးရေများပြားလာသည်နှင့်အမျှ စာချ ဘုန်းကြီးဖြစ်လာ၍ လာဘ်လာဘလည်း အထိုက်အလျောက်ရရှိလာခဲ့သည်ဖြစ်ရာ အကြော်အလှော်များဖြင့် ကပ်ရုံတင်မဟုတ်တော့ဘဲ ဟင်းကောင်းဟင်းမွန်များဖြင့်ပင် ကပ်လှူနိုင်ခဲ့ပေသည်။ အမှန်တကယ်လိုအပ်နေချိန်၌ အမှန်တကယ်လိုအပ်နေသည့် လှူဖွယ်ဝတ္ထုကို စေတနာသန့်စွာလှူဒါန်းရခြင်း၏ကျေးဇူးတရားကား ယခုချိန်ထိ အကျိုးပြုနေဆဲဖြစ်ပါ၏။
၁၃၆၁ (၁၉၉၉) ခုနှစ်၌ မိမိ သကျသီဟ စာမေးပွဲအောင်ခဲ့လေ၏။ အဘိဝံသ (မျိုးဆက်သစ်) ဘွဲ့ရရှိခဲ့၏။ အရှင်ဝိစိတ္တမှ အရှင်ဝိစိတ္တာဘိဝံ သ၊ ဘဒ္ဒန္တ၀ိစိတ္တမှ ဘဒ္ဒန္တ၀ိစိတ္တာဘိဝံသဖြစ်ကာ ရဟန်းဘွဲ့နောက်မှာ အမြှီးပေါက်လာခဲ့ပေတော့၏။ စာချဘုန်းကြီးဘ၀မှ ကျောင်းထိုင်နာယက အဆင့်သို့ပင် ရောက်ရှိလာခဲ့ပေသည်။ ထိုအချိန်က မစိုးရိမ်တိုက်သစ်၌ နာယကဆရာတော် (၁၄) ပါးအုပ်ချုပ်လျက်ရှိရာ မိမိမှာ (၁၀)ပါး မြောက် နာယကတစ်ပါးဖြစ်ခဲ့လေသည်။
စာမေးပွဲကာလရောက်သည့်အခါ နီးစပ်ရာ ဒကာ/ဒကာမများခေါ်ကာ ဆွမ်းချက်ခိုင်းရ၏။ ဖွယ်ဖွယ်ရာရာပင်ပြင်ဆင်၍ ကပ်နိုင်လာပေသည်။ စာသင်သားဘ၀မှာစုဆောင်းထားခဲ့သော သင်္ကန်းများကိုရောင်းချကာ ဆွမ်းဟင်းအတွက်အသုံးပြုခဲ့ခြင်းဖြစ်သောကြောင့် ပိုမိုကပ်လှူနိုင် ခဲ့ခြင်း ဖြစ်လေသည်။
၁၃၆၂ (၂၀၀၀) ခုနှစ်တွင် “ထေရ၀ါဒတိုက်ပွဲ” စာအုပ်ထွက်ရှိလာသည့်အခါ ရဟန်ုးဘွဲ့အမည်မထင်ရှားတော့ဘဲ ကလောင်အမည် “၀ီရသူ (မစိုးရိမ်)” သာ ထင်ရှားလာခဲ့တော့၏။ အောင်မြင်လာသည်နှင့်အမျှ ဘုန်းကံလည်းကြီးမားလာရာ စာမေးပွဲကာလ၌ မိမိကျောင်းဆောင်နေ သံဃာများကိုသာ ကပ်လှူရုံတင်မဟုတ်တော့ဘဲ မိမိစာသင်သားဘ၀နေထိုင်ခဲ့ရာ သိမ်ကျောင်း၊ ယာနကျောင်းရှိ သံဃာများကိုပါ ကပ်လှူ နိုင်ခဲ့ပေတော့၏။
၁၃၆၅ (၂၀၀၃) ခုနှစ် အိုးဘိုတောရသို့ ပြောင်းရွှေ့နေထိုင်ရသည့်အခါ၌ကား တပည့်များအတွက် ဘာမျှလုပ်မပေးနိုင်ခဲ့တော့ပေ။ စာဖြေ ကာလရောက်လျှင် သတိတရရှိနေတတ်ရုံမှလွဲ၍ ဘာမျှမတတ်နိုင်ခဲ့တော့ပေ။
၁၃၇၃ (၂၀၁၂) ခုနှစ် မဲဇာလွန်တောရမှ ၀တ်ဆောက်တည်၍ ပြန်လာပြီးသည့်အခါ၌ကား မိခင်မစိုးရိမ်တိုက်သစ် များစွာပြောင်းလဲနေပေ တော့၏။ စာဖြေသံဃာအားလုံးကို တိုက်မှတာဝန်ယူကပ်လှူခြင်းဖြစ်လေသည်။
တာဝန်ယူကပ်လှူခြင်း၌ အကြောင်းတရားများစွာ ရှိပေသည်။ မြို့လူထုထံမှ ကောက်ခံရငွေဖြင့် ထောက်ပံ့ပေးနေသော လ္ဘက်ရည်တစ်ခွက် စာ ဆွမ်းစရိတ်ကိုပင် ပထမပြန်စာဖြေသံဃာ (အငယ်တန်း၊ အလတ်တန်း၊ အကြီးတန်၊) တို့အား မကပ်လှူနိုင်ကြတောပေ။ မစိုးရိမ်တိုက် သစ် မဟာနာယကချုပ်ဆရာတော်ကြီး ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ၏ ကျေးဇူးတော်၊ ဓမ္မသမ္ပတ္တိကျောင်း ဒကာမကြီး ကိုရီးယားအမျိုးသမီးကြီးနှင့် ရှိုင်းဟုပ်ကုမ္ပဏီမှ သာသနဒါယိကာမကြီး ဒေါ်ခင်ခင်ရီတို့၏ ပစ္စယာနုဂ္ဂဟတို့သည်လည်း ဆွမ်းကပ်လှူဖြစ်ခြင်း၏ အဓိကအရင်းခံအကြောင်း တရားများ ဖြစ်နေပေသည်။
ရှိုင်းဟုပ်ကုမ္ပဏီမှ ငွေကျပ်သိန်း (၁၅၀) မတည်လှူသည်။ ကိုးရီးယားကျောင်းအစ်မကြီးက US ဒေါ်လာ (၄၅၀၀) မတည် လှူသည်။
၁၃၆၅ (၂၀၀၃) ခုနှစ်မှ စတင်၍ မစိုးရိမ်တိုက်သစ် တစ်တိုက်လုံးရှိ စာဖြေသံဃာအားလုံးကို ကပ်လှူနိုင်ခဲ့ပေသည်။ စာမေးပွဲကာလမှာ ပထမပြန်ရော ဓမ္မာစရိယပါဆိုလျှင် (၁၃) ရက်ကြာမြင့်ပေသည်။ တစ်ရက်ကုန်ကျငွေမှာ ငွေကျပ် လေးသိန်းမှ ငါးသိန်းအထိရှိပေသည်။ တစ်ရက်လျှင် သံဃာအပါး (၈၀၀) မှ (၂၀၀၀) အထိ ကပ်လှူရပေသည်။
ကိုးရီးယားကျောင်းအစ်မကြီးနှင့် ရှိုင်းဟုပ်သာသနဒါယိကာမကြီး ဒေါ်ခင်ခင်ရီတို့၏ မတည်ငွေနှင့်အတူ ဆွမ်းပဒေသာပင် စိုက်ထူလှူဒါန်း သူများလည်း ရှိလာပေသည်။
မစိုးရိမ်တိုက်သစ် စာဖြေသံဃာတော်များ ၀မ်းစာအရေးကြောင့် ပညာရေးမထိခိုက်တော့ဘဲ အပူပင်ကင်းစွာ စာဖြေခွင့်ရရှိကြပေတော့၏။
ယခင်နှစ်များနည်းတူ ယခုနှစ်တွင်လည်း ၂၆-၃-၂၀၁၂ မှ ၂-၄-၂၀၁၂ အထိ ပထမပြန်စာဖြေသံဃာများအားလည်းကောင်း၊ ၂-၄-၂၀၁၂ မှ ၇-၄-၂၀၁၂ အထိ ဓမ္မာစရိယ စာဖြေသံဃာများအားလည်းကောင်း ကပ်လှူနိုင်ခဲ့ပေသည်။
ထိုသို့ နေ့ဆွမ်းကို တိုက်မှတာဝန်ယူကပ်လှူသောကြောင့် စာဖြေသံဃာများမှာ နေ့ဆွမ်းအတွက် အခက်အခဲမရှိတော့သော်လည်း အရုဏ် ဆွမ်းအတွက်မူ အခက်တွေ့၍နေကြပြန်လေသည်။ မိမိသည်လည်း တရားပွဲများ ကြွရောက်ဟောကြားလျှက်ရှိရာ ထိုတရားပွဲများမှ ဓမ္မပူဇာ ဓမ္မဒါန န၀ကမ္မအလှူငွေများ လက်ခံရရှိခဲ့ပေသည်။ ထိုငွေများဖြင့် အရုဏ်အတွက် တစ်စုံတစ်ခု ဖန်တီးလိုသောကြောင့် နာယကမရှိသေးသော ကျောင်းဆောင်များရှိ စာဖြေသံဃာများအား လ္ဘက်ရည်နှင့် အီကြာကွေးတို့ဖြင့် အော်ဒါမှာယူပေးလှူနိုင်ခဲ့ပေသည်
ပထမတွင် နာယကမရှိသေးသောကျောင်းများကိုသာပေးလှူခဲ့သော်လည်း နောက်ပိုင်းတွင်မူ နာယကရှိသောကျောင်းများကိုပါ ပေးလှူနိုင် ခဲ့လေတော့၏။ ထိုအခါ အရုဏ်ဆွမ်းကပ်လှူနိုင်သော ဓမ္မယာနကျောင်းနှင့် ဓမ္မသမိဒ္ဓိကျောင်းမှလွဲ၍ ကျန်သည့်ကျောင်းအားလုံးကို ပေးလှူ ခွင့်ရခဲ့ပေတော့၏။
ပထမပြန်ဖြေဆိုရက် (၇) ရက်၌ နေ့စဉ် စာဖြေသံဃာ (၈၈၁) ပါးအတွက် လ္ဘက်ရည်နှင့် အီကြာကွေးလှူငွေ ၂၅၇၈၅၀ (နှစ်သိန်းငါးသောင်းခုနှစ် ထောင်ရှစ်ရာ ငါးဆယ်ကျပ်) လှူနိုင်ခဲ့ပေသည်။
စာချတန်းဖြေဆိုကာလ (၆) ရက်အတွင်း၌ နေ့စဉ်သံဃာ ၅၃၃ ပါးမှ ၉၉၀ ပါးအတွက် လ္ဘက်ရည် အီကြာကွေးလှူဒါန်းငွေ ၁၀၂၄၆၀၀ (ဆယ်သိန်းနှစ်သောင်းလေးထောင်ခြောက်ရာကျပ်) နှစ်ရပ်ပေါင်းအလှူငွေ ၁၂၈၂၄၅၀ (တစ်ဆယ့်နှစ်သိန်းရှစ်သောင်း နှစ်ထောင်လေးရာ့ငါး ဆယ်ကျပ်) လှူဒါန်းနိုင်ခဲ့ပေသည်။
မိမိသည် အညတရဘ၀ဖြင့် ၉၉ လ နေထိုင်ခဲ့ရခိုက် ဆရာသမားများ၊တပည့်ဒကာ/ဒကာမများ၊သူငယ်ချင်းများ၏ ပေးစာကမ်းစာ ထောက်ပံ့ စာဖြင့်သာ ရပ်တည်ခဲ့ရပေသည်။ သာသနာပြုဆောင်ရွက်ချက်ဟူ၍ ဘာတစ်ခုမျှမရှိလေသော၊ ဘုရားသားတော်ပင်ဖြစ်သော်လည်း သင်္ကန်းဝတ်ဘ၀ဖြင့်ပင် နေထိုင်ခွင့်မရခဲ့သော၊ အမျိုးဘာသာသာသနာအတွက် အုတ်တစ်ချပ် သဲတစ်ပွင့်ပင် ဆောင်ရွက်ချက်မရှိသော စာရေးသူအား နှစ်ပေါင်းများစွာ ထောက်ပံ့လှူဒါန်း ပေးကမ်းစွန့်ကြဲသူ အားလုံး၏ သဒ္ဓါတရားကား ကြီးမားလှပါဘိ။ ကျေးဇူးတရားသည်လည်း ကြီးမားလှပါဘိ။ တပည့်များ၏ကျေးဇူးကိုပြန်လည် ဆပ်ခွင့်ရခဲ့၍လည်း များစွာကျေနပ်ခဲ့ရပေသည်။
အညတရအကျဉ်းသားလေးအပေါ် ကြင်နာတတ်သော အညတရစာသင်သားလေးများအား လှူဒါန်းသောငွေ အရေအတွက်သည်လည်း အညတရသာမညအဆင့်မှာသာရှိခဲ့မည်ကား အမှန်ပင်။ သို့သော် အညတရအချင်းချင်းမှာကား အညတရဘ၀ကို အလေးအနက်ပင် တန်ဖိုးထားလေးစားနေမည်သာဖြစ်ပေသည်။
ဦးပဉ္စင်း ၀ီရသူ(မစိုးရိမ်)
ဓမ္မသဟာယကျောင်းနာယက
မစိုးရိမ်တိုက်သစ်
မဟာအောင်မြေ၊ မန္တလေး
Email- wirathu2012@gmail.com
ဖုန်း - ၀၉ - ၂၀၀၄၀၁၃
Posted by Aung Htet at 8:15 AM 0 comments
ကျွန်ုပ်၏ မြန်မာနိုင်ငံ (သို့) မြန်မာ့တရားစီရင်ရေးကောက်ကြောင်း သန်းစိုးလှိုင်
ကျွန်ုပ်၏ မြန်မာနိုင်ငံ (သို့) မြန်မာ့တရားစီရင်ရေးကောက်ကြောင်
သန်းစိုးလှိုင်
ဧပြီ ၂၂၊ ၂၀၁၂
  • • ဘာသာပြန်ဆိုသူ - စိန်ဝင်းစိန်
  • • ထုတ်ဝေသည့်ခုနှစ် - ပထမအကြိမ်၊ ဇွန်လ ၂၀၁၀ ခုနှစ်
  • • ထုတ်ဝေသည့်တိုက် - လောကသစ်စာပေ
  • • တန်ဖိုး - ၃၀၀၀ ကျပ်
  • • စာမျက်နှာ - ၃၅၄ မျက်နှာ
........ ...... .....
၁၉၅၀ ခုနှစ်ကျော်ကာလက သမ္မတဖြစ်သူ ဦးဘဦးက ၎င်း၏ကိုယ်ရေးအထ္ထုပ္ပတ္တိစာအုပ်ကို ထိုစဉ်ကတည်းက အင်္ဂလိပ်ဘာသာဖြင့် ရေး သားခဲ့သည်။ လွန်ခဲ့သည့်တနှစ်ကျော်ကမှ ယင်းစာအုပ်ကို ကျွန်ုပ်၏မြန်မာနိုင်ငံဆိုသည့်အမည်ဖြင့် မြန်မာဘာသာသို့ ပြန်ဆိုထုတ်ဝေလိုက် ခြင်းဖြစ်သည်။
ဦးဘဦးမှာ မြန်မာနိုင်ငံရဲ့ ပထမဆုံး ရွေးကောက်ခံသမ္မတဖြစ်သည်။ ဦးဘဦး၏အကြောင်းကိုဖတ်ရှုရင်း သူဖြတ်သန်းခဲ့သည့် ကိုလိုနီခေတ် တလျှောက် တရားစီရင်ပုံများ၊ အင်္ဂလိပ်ဆုတ်ခွာသည့်ကာလ၊ ဂျပန်ခေတ်နှင့် လွတ်လပ်ရေးရပြီးနောက် ဖဆပလခေတ် တရားစီရင်ရေး နောက်ခံပုံရိပ်များစွာကို သိရှိခွင့်ရသည့်စာအုပ်တအုပ်ဖြစ်သည်။
ကိုလိုနီခေတ်နှင့် ပတ်သက်သည့် နိုင်ငံရေးအတွေ့အကြုံ၊ ကိုယ်ရေးမှတ်တမ်း၊ သမိုင်းစာအုပ်စသဖြင့် မရှားလှသော်လည်း တရားစီရင်ရေးနှင့် ပတ်သက်၍ ရေးသားဖော်ပြထားသည့်စာအုပ်ကား သိပ်မတွေ့ရပေ။
မြန်မာနိုင်ငံ ကိုလိုနီခေတ် သမိုင်းများ၊ အထ္ထုပ္ပတ္တိစာအုပ် အများအပြားဖတ်ရသည့်အခါ နိုင်ငံရေးလှုပ်ရှားမှုများကို ဖတ်ရှုရလေ့ရှိသော်လည်း ယခုစာအုပ်ကဲ့သို့ တရားစီရင်ရေးနှင့်သက်ဆိုင်သည့်ကိစ္စရပ်များ ဖတ်ရှုရခဲသည်။
ယခုစာအုပ်တွင် ကိုလိုနီခေတ်လယ်နှင့် နှောင်းပိုင်း မြန်မာနိုင်ငံ၏တရားစီရင်ရေးစနစ်ကို ရှားရှားပါးပါး ဖတ်ရှုခွင့်ရသည့် စာအုပ်တအုပ်ဖြစ် သည်။
ကိုလိုနီခေတ် တရားစီရင်ရေးနှင့်ပတ်သက်ပြီး မောရစ်ကောလစ်၏ မြန်မာပြည်မှ မှုခင်းများ (Trials in Burma) စာအုပ်တွင် ဖတ်ရှုခဲ့ရဖူးသည်။ မောရစ်ကောလစ်က အရေးပိုင်ဘ၀ဖြင့် တရားစီရင်ခဲ့ရသည့် အတွေ့အကြုံများကို ရေးခြယ်ထားခြင်းဖြစ်သည်။ ယင်းစာအုပ်မှာလည်း စိတ် ၀င်စားစရာ စာအုပ်တအုပ်ဖြစ်သည်။
လူထုဒေါ်အမာက အစောပိုင်းတွင် ဘာသာပြန်ထုတ်ဝေခဲ့သလို နောက်ပိုင်းတွင် စာရေးဆရာ ကျော်အောင်ကလည်း မြန်မာပြည်မှ မှုခင်းများ ခေါင်းစဉ်ဖြင့် ဘာသာပြန်ဆို ထုတ်ဝေခဲ့ဖူးသည်။ အင်္ဂလိပ်မျက်နှာဖြူတဦးအနေဖြင့် တရားစီရင်ရာတွင် ဘက်မလိုက်ပဲ မျှတအောင် စီရင်ခဲ့ သည့်အဖြစ်များကို မောရစ်ကောလစ်၏ စာအုပ်တွင် ဖတ်ရှုခဲ့ရသကဲ့သို့ ယခု “ကျွန်ုပ်၏ မြန်မာနိုင်ငံ” ထဲတွင် အင်္ဂလိပ်လူမျိုး အုပ်ချုပ်သူများ လက်အောက်တွင်လုပ်ကိုင်ရာတွင် လူမျိုးခွဲခြားမှုများ၊ တရားမျှတမှုကိုသာ ဦးစားပေးသည့် အင်္ဂလိပ်တရားသူကြီးများလည်း ရှိပုံ စသည့် အတွေ့အကြုံများက စာဖတ်သူစိတ်ဝင်စားစေသည်။
ခရိုင်တရားသူကြီးဘ၀တွင် ၁၉၃၀ ခုနှစ် တောင်သူလယ်သမားအရေးတော်ပုံနှင့် ကြုံတွေ့ရသည့် အတွေ့အကြုံသည်လည်း စိတ်ဝင်စား ဖွယ်ရာ ဖတ်ရှုရသည်။ ဖျာပုံခရိုင်တွင် လက်နက်ကိုင် ပုန်ကန်သူများအား အင်္ဂလိပ်အစိုးရက သေဒဏ်ပေးဖို့ ကြိုးစားရာတွင် ဒေါက်တာဘဦး အနေဖြင့် လူသတ်မှု၊ ဓါးပြမှု၊ မုဒိမ်းမှုများနှင့်မပတ်သက်ပါက သေဒဏ်မချမှတ်ရန် ကြိုးစားခဲ့ပုံကို ဖတ်ရှုရသည်။
ထိုအခန်းတွင် ရေးသားထားသည်မှာ “အင်္ဂလိပ်လူမျိုးအချို့က ပုန်ကန်မှုပေါ်ပေါက်ရသည်မှာ သူတို့၏ဂုဏ်သိက္ခာကို ထိခိုက်စေသည်ဟု ယူဆပြီး ဥပဒေကခွင့်ပြုထားသော အမြင့်ဆုံးပြစ်ဒဏ်ကိုချမှတ်ပေးရန် တောင်းဆိုခြင်းဖြစ်သည်။ ဤအမှုတွင် ရင်တွင်းခံစားချက်နှင့် တာဝန် သိစိတ်၏ ပဋိပက္ခဖြစ်ပါသည်။ တရားဥပဒေရှုထောင့်မှကြည့်လျှင် တရားခံများသည် သူပုန်များ၊ သို့သော် လူထုအမြင်တွင် တရားခံများသည် မျိုးချစ်ပုဂ္ဂိုလ် အာဇာနည်များဖြစ်နေကြသည်။ ကျွန်ုပ်၏ တာဝန်သိစိတ်က အခြေခံအားဖြင့် ကျွန်ုပ်အား လွှမ်းမိုးလျှက်ရှိသည်။ သို့သော် ခေါင်းဆောင် အစစ်အမှန်များနှင့် လူသတ်မှု၊ မုဒိမ်းမှုကျူးလွန်ခဲ့သူများမှအပ မည်သည့်တရားခံကိုမျှ သေဒဏ်မပေးရန် ကျွန်ုပ်သံဓိဋ္ဌာန်ချထား လိုက၏” ဟုရေးသားဖေါ်ပြထားသည်။
ဆရာစံ တောင်သူလယ်သမား သူပုန်ထပြီး လအနည်းငယ်အကြာတွင် သူပုန်များအား စစ်ဆေးရန် ခုံရုံးဖွဲ့သည့်အခါ ဟိုက်ကုတ်တရားသူကြီး ဂျေ-ကန်းလစ်ဖ် က ခုံရုံးဥက္ကဋ္ဌ၊ အေ-ဂျေ-ဒါဝတ်နှင့် ဦးဘဦးက ခုံရုံးအဖွဲ့ဝင်များ အဖြစ်ဆောင်ရွက်ခဲ့ကြသည်။ ယင်းခုံရုံးမှ တောင်သူလယ်သမား သူပုန်ခေါင်းဆောင် ဆရာစံကိုလည်း စီရင်ချက်ချခဲ့ရသည်။
ဦးဘဦးသည် အင်္ဂလိပ် အစိုးရလက်အောက်တွင် ၀တ်လုံ၊ တရားသူကြီး၊ ခရိုင်တရားသူကြီး၊ ဟိုက်ကုတ်တရားသူကြီး စသဖြင့် အဆင့်ဆင့် တာဝန်ထမ်းဆောင်ခဲ့သော်လည်း ကိုလိုနီစနစ်ကို လက်ခံခဲ့သူတဦးမဟုတ်ကြောင်း၊ အမျိုးသားရေးစိတ်ဓါတ်ရှိပုံကိုလည်း သူလုပ်ဆောင်ခဲ့ သည့်အဖြစ်အပျက်များဖြင့် ဖေါ်ပြရေးသားထားသည်။
အင်္ဂလိပ်လူမျိုး ဟိုက်ကုတ်တရားသူကြီး ကန်းလစ်ဖ်က ဒီမိုကရေစီစနစ်နှင့်တရားစီရင်ရေးအကြောင်းပြောရာတွင် “တရားစီရင်ရေးဟာ ဒီမိုကရေစီနိုင်ငံတိုင်းမှာ အဓိကကျောထောက်နောက်ခံဖြစ်ပါတယ်။ အဆုံးစွန်သုံးသပ်ကြည့်လိုက်တဲ့အခါ ဒီမိုကရေစီစံနစ်ကို သင့်တင့် လျောက်ပတ်စွာလည်ပတ်စေနိုင်ဖို့ တရားစီရင်ရေးက ထောက်ကူပေးတယ်ဆိုတာတွေ့လာရတယ်။ ဒါကြောင့် ခင်ဗျားတို့ဟာ တရားသူကြီး တွေအနေနဲ့ အချင်းချင်းဘယ်လိုပဲ သဘောထားကွဲကြသည်ဖြစ်စေ လူထုကို မသိစေသင့်ပါဘူး။ လူထုနဲ့ဆက်ဆံရာမှာဖြစ်ဖြစ် အုပ်ချုပ်ရေး ပိုင်းနဲ့ ဆက်ဆံရာမှာဖြစ်ဖြစ် ခင်ဗျားတို့ဟာ အပြင်ပန်းအားဖြင့် စည်းစည်းလုံးလုံးဖြစ်နေသင့်တယ်။ အသံထွက်ရင်လည်း တစ်သံတည်းပဲဖြစ် သင့်တယ်။ အချင်းချင်း သွားပုပ်လေလွင့် စကားတွေပြောပြီး လူထုကိုဒုက္ခမပေးသင့်ပါဘူး။ အုပ်ချုပ်ရေးပိုင်းကို မျက်နှာလိုမျက်နှာရ မလုပ် သင့်ပါဘူး” ဟု ပြောဆိုခဲ့သည်ဟု စာအုပ်တွင်ဖေါ်ပြထားသည်။
ကိုလိုနီခေတ်တွင် အင်္ဂလိပ်အစိုးရဖွဲ့ထားပေးသည့် မြန်မာအမျိုးသားဝန်ကြီးများအကြား နိုင်ငံရေး အုပ်ချုပ်ရေးနှင့်ပတ်သက်သည့်အတွေ့ အကြုံတို့မှာ အခြားသောသမိုင်းစာပေများနှင့် ရှုထောင့်မတူပဲ ဖတ်ရှုရသည်မှာ စိတ်ဝင်စားစရာတမျိုးကောင်းသည်။
ဒုတိယကမ္ဘာစစ်ဖြစ်ပွားလာသည့်နောက်တွင် အင်္ဂလိပ်အစိုးရဆုတ်ခွာသည့်နောက် ကသာအထိ တိမ်းရှောင်သွားခဲ့ပြီး ဂျပန်အုပ်စိုးစကာလ ကသာတွင် နေထိုင်ရသည့် အတွေ့အကြုံ၊ ၎င်းနောက် မန္တလေးသို့ ပြန်ဆင်းလာပြီးနောက် ရန်ကုန်သို့ ပြန်လာသည့်နောက်တွင် ဒေါက်တာ ဘမော် ဂျပန်ဝင်လာသည့် အခါ ဂျပန်စစ်သေနာပတိက ရှာဖွေခေါ်ယူပုံ၊ ဒေါက်တာဘမော်နှင့် ပတ်သက်သည့် ကိုယ်တွေ့ အတွေ့အကြုံများကို ရေးခြယ်ထားသည်မှာလည်း စိတ်ဝင်စားစရာပင်။
ဂဠုန်ဦးစောနှင့်ပတ်သက်၍ ဖေါ်ပြထားရာတွင် “ ဦးပုနေရာသို့ နန်းရင်းဝန်အဖြစ် အစားဝင်ရောက်လာသော ဦးစောကား အလွန်လျင်သော နိုင်ငံရေးသမားတယောက်ဖြစ်သည်။ သူတို့၏ အမျိုးသားရေးရည်မှန်းချက်မပြည့်ဝပါက မြန်မာများ၊ အထူးသဖြင့် မြန်မာလူငယ်များသည် သည်အတိုင်းငြိမ်နေလိမ့်မည်မဟုတ်ကြောင်းကို သူသိသည်။ ထို့ကြောင့် စစ်ကြီးအပြီးတွင် မြန်မာနိုင်ငံအား ဒိုမီနီယန်အဆင့်ပေးရန် တောင်း ဆိုခြင်းဖြင့် ပုံကြီးချဲ့ပြောဆိုလေသည်။ သို့သော် သခင်များအား နှိပ်ကွပ်ရာတွင် သူအမှားကြီးမှားသွားသည်။ သခင်အများစုမှာ လူငယ်များနှင့် ကျောင်းသားများဖြစ်ကြပြီး သူတို့၏ နိုင်ငံရေးခံယူချက်မှာ မြန်မာ့လွတ်လပ်ရေးဖြစ်သည်။ ဗြိတိသျှ အုပ်ချုပ်သူများနှင့် အဆင့်အတန်းတူ ညီကြောင်းပြသရန်အလို့ငှာ သူတို့ကိုယ်သူတို့ သခင်များဟုခေါ်ကြသည်။ သခင်လှုပ်ရှားမှုကို မချေမှုန်းနိုင်လျှင် နိုင်ငံရေးခေါင်းဆောင် အ ဖြစ် သူ့အနေအထား ပျောက်ကွယ်သွားနိုင်သည်ကို ဦးစောသဘောပေါက်ထား၏။ သို့ဖြင့်သူသည် ငဠုန်တပ်အမည်ရှိ နိုင်ငံရေး တပ်ဖွဲ့တခုကို ထူထောင်လိုက်သည်တွင် ဂဠုန်တပ်နှင့် သခင်တို့ ထိပ်တိုက်တွေ့ကြတော့သည်” ဟု ရေးသားထားသည်။
ခြုံ၍ပြောရလျှင် ဦးဘဦး၏ ကိုယ်ရေးအထ္ထုပ္ပတ္တိသည် ယင်းစာအုပ်ကိုကို ဖတ်ရှုရင်း ကိုလိုနီခေတ်လယ်၊ ခေတ်နှောင်းပိုင်း တရားဥပဒေ ၀န် ထမ်းဘ၀အတွေ့အကြုံများ၊ အင်္ဂလိပ်ဆုတ်ခွာပြီး ဂျပန်တို့က တရားစီရင်ရေးစံနစ်ကို မည်ကဲ့သို့ဖေါ်ဆောင်ခဲ့ပုံ၊ လွတ်လပ်ရေးရသည့်ခေတ် တွင် တရားရေးစံနစ်ကို ပြန်လည်တည်ဆောက်မှု တစိတ်တပိုင်းတို့ကို သူ့ဘ၀အကြောင်း ဖတ်ရှုရင်း သိရှိနိုင်သည့် စာအုပ် တအုပ်ဖြစ်ပေသည်။
အင်္ဂလိပ်ဘာသာဖြင့်ရေးသားသည့်စာအုပ်ဖြစ်သည့်အားလျှော်စွာ အချို့သောအရေးအသားများမှာ မြန်မာဝါကျကဲ့သို့ တိုတိုရှင်းရှင်း ဖြစ်ချင် မှဖြစ်ပေလိမ့်မည်။ သို့ရာတွင် အကြောင်းအရာနှင့်အတွေ့အကြုံက စိတ်ဝင်စားဖွယ်ရာဖြစ်သဖြင့် အသေးအဖွဲ အားနည်းချက်များမှာ သတိ သိပ်မပြုမိလောက်ဟု ထင်မြင်မိပါသည်။
ဘဝမှာ… ဆောင်းယွန်းလ ဧပြီ ၂၂၊ ၂၀၁၂
ဘဝမှာ …
အထိမ်းအမှတ်တွေကို ခပ်များများသိမ်းမထားချင်သလို
အမှတ်တရတွေကိုလည်း ခပ်ပါးပါးပဲထားချင်တယ်….
ဘဝမှာ..
လူထူထူအရပ်ထဲ စကားပူပူတွေ နားဆူအောင် မပြောချင်ဘူး
တကိုယ်ရည်ရူးသွပ်မှုသံစဉ်ခပ်ပါးပါနဲ့ပဲ နားအေးချင်တယ်….
ဘဝမှာ..
တစုံတရာကို ဦးညွှတ်ချင်တဲ့အခါတိုင်း သမိုင်းစာအုပ်ကိုပြန်လှန်ဖတ်ပြီ
အတိတ်လှေခါးထစ်တွေကို တဆစ်ဆစ်အိပ်မက်မက်ချင်တယ်…
ဘဝမှာ..
အတိတ်ခေတ်ရဲ့ အမျိုးသားတယောက်ကို လေးစားချစ် ချစ်ခဲ့ရပြီး
လက်ရှိခေတ်ရဲ့ အမျိုးသမီးတယောက်ကို အလေးထားချစ် ချစ်နေမိတယ်…
ဘဝမှာ…
မကြာမကြာရစ်တတ်တယ်လို့ ပြောတတ်သူတယောက်အကြောင်းကို
တခါတရံပေါင်းများစွာ အထပ်ထပ်ပြန်တွေးနေချင်မိတယ်…
ဘဝမှာ..
သတိတရလှုပ်နှိုးတတ်တဲ့ ကိုယ့်ရဲ့အသံသီချင်းနဲ့
တယောက်သောသူရဲ့ အိပ်ပျော်နေတဲ့နံနက်ခင်းတွေကို လင်းစေချင်တယ်…
ဘဝမှာ…
တစုံတယောက်ကို သတိရမိတဲ့ ညနေခင်းတွေတိုင်း
သက်မဲ့ဓာတ်ပုံတချို့ထဲက အလှအပြုံးတွေထဲမှာ ကဗျာစပ်ချင်တယ်….
ဘဝမှာ
ကိုယ့်ကိုကိုယ် သတိရမိတဲ့အခါတိုင်း
စိတ်ဒဏ်ရာတွေကို ကော်ဖီတခွက်ထဲမှာ ထည့်သိပ်ပြီး
အရိပ်ဆိုးတွေထဲက လက်ရှိဘဝကို တိတ်တခိုး မီးမှိတ်ချင်တယ်..
ဘဝမှာ…
အလျော်အစားမရှိတဲ့ နားလည်မှုစားပွဲဝိုင်းတခုမှာ ထိုင်ရင်း
အရုဏ်ရဲ့ဂီတကို ညီညီမျှမျှ စည်းချက်လိုက်ချင်တယ်…
ဘဝမှာ..
အပေးအယူမရှိတဲ့ ဖေးကူမှုစားပွဲဝိုင်းတခုမှာထိုင်ရင်း
ဆည်းဆာရဲ့ ဂီတကို ပီပီသသဆိုပြီး ကြည်ကြည်မြမြတီးခတ်ချင်တယ်…
ဘဝမှာ….
လွဲမှားစွာကွဲပြားနေတဲ့ အစွဲများစွာကို ကြယ်သီးတပ်ပြီး
ရင်ဘတ်ချင်းအတူတူထပ် တရားဒေသနာရှုမှတ်ချင်တယ်….
ဘဝမှာ..
အဝေးဆုံးဝေးခဲ့ရတဲ့ တိုင်းပြည်နဲ့ အနီးဆုံးနီးချင်ပြီး
မပြီးဆုံးသေးတဲ့ ပန်းချီကားတချပ်ကို ငြိမ်းချမ်းစွာလက်စသပ်ချင်နေမိတယ်…
ဘဝမှာ ... ဘဝမှာ ... ဘဝမှာ ... ။ ။
illustration - Vincent Van Gogh's A Pair of Shoes, 1886
Posted by Aung Htet at 8:34 PM 0 comments
Monday, April 9, 2012
သံချပ်လေး
၂၀၁၂  မိုးမခသင်္ကြန်သံချပ်
ဂျော်ဒီး၊ ဧပြီ ၉ ၊ ၂၀၁၂
(Illustation - old cartoons from moemaka)
၂၀၁၂ သင်္ကြန်အခါ.. (အတာရေ နဲ့ ဆေးကြကြောကြ..)
သိကြားမင်းကြီး  လူ့ ပြည်လာ..(အတာကြပ်တာ  ..လက်ပ်တော့ကြီးနဲ့ )
သိကြားမင်းကြီး  လက်ပ်တော့ ကိုင်….(.အင်တာနက်ဆိုင် မှာ.... မီးစက်ကိုနှိုး)
လိပ်ဖိုးဖိုးရဲ့  ကိုးနတ်ရှင်….(သိကြားမင်းကိုတောင်  အရေးမစိုက်)
ရွှေပုရပိုဒ် နဲ့  ခွေးသားရေ..သာ..….(ရှေးဟောင်း  အစဉ်အလာ… ပြန်ကာသုံးရ..)။
၂၀၁၂ သင်္ကြန် အခါ..တို့ ပြည်မြန်မာ  ..(ဘာတွေထူးသတုံး)
ဖုန်းလိုင်းတွေက  မကြည်လင်……(၂သိန်းတန်တောင်  ရောင်းချင်သေးသတဲ့ )
တို့ ပြည်သူများတောင်းဆိုတာ…(၅၀၀၀တန် ဖုန်းပါ ..လူအများသုံးဖို့ )
၅၀၀၀တန် ဖုန်း အသာနေ…..(ထမင်းရေ တောင် နပ်မမှန်ကြ)
ထမင်းရည်လေးတော့… လျှော့ သောက်ပါ…(ပြည်သူတွေရယ်..ခြိုးခြံမှပေါ့ )
အသက်ကလေး.. နဲနဲ လျှော့ ရှူ ပါ….(ပြည်သူတွေ ရယ်…ခြိုးခြံမှပေါ့ )
ပေါတာကြီးတို့  ချမ်းသာအောင်….(ပြည်သူတွေရယ်..ခြိုးခြံမှပေါ့ )
မီးခွန်  ရေခွန်..တိုးလို့ ဆောင်….(ပြည်ပကြွေးတွေ  ကြေအောင် တဲ့ လား)
ဟေ့ ..စိန်လား…ဟေ့ ..ရွှေလား..(စာဖတ်နေတယ်..နော်)
ဟေ..လား  စိန် တို့ ဝါး…။
ပြည်ပ ကြွေးတွေ  တောင်လိုပုံ..  (.ဆပ်လို့ မကုန်..ဘယ်သူတွေ သုံးသလဲ)၂
ဆပ်မကုန်တဲ့   အကြွေးတွေ….(နေပြည်တော်မှာတော့ ..တထီးတနန်း)
နေပြည်တော်ကြီး  ရွှေပြောင်ပြောင်…..(တို့ ပြည်သူတွေ   ၀မ်းခေါင်ခေါင်  ပေါ့ )
ဝမ်းခေါင် ပေမယ့်   မနေသာ….…(အခွန်အဖြာဖြာ  စည်းကြပ်ခံရ….)
အခွန်ရှောင်တဲ့   သူဌေးတွေ သာ.. ..(ပိုက်ဆံတွေဟာ…ထားစရာရှိဘူး)
ထားစရာမရှိတဲ့ အတူတူ…သူများလယ်မြေ….( မတရားယူကြ)
လယ်သမားလယ်မြေ..….(မတရားသိမ်းကြ)
လယ်သမားတွေ…မြေမဲ့ ရင်….(တို့ တတွေ မှာ…ဘာပင်စားမလဲ)။
သိကြားမင်းကြီး  တငိုင်ငိုင် ….(ခွေးသားရေ မလောက်လို့ မှိုင်..)
မသူတော်တွေက..တလွှားလွှား….(ခေါင်းပေါင်းတကားကား)
ဟေ့..လား..စိန်..တို့ .. ၀ါး…။ဟေ့ လား…ရွှေ တို့ ဝါး..။
မိုး…မိုး..မိုး..လားမောင်တို့ ..(သူခိုး..သူခိုး..သူခိုးများ  ..ရှောင်ဗျို့ )
တိုင်းပြည် ဘဏ္ဍာ မခိုးကောင်းပါ..(သန့် ရှင်းကောင်းမွန်…ဘာညာ ..ဆိုလား)
သမတကြီး က…. စကားကြွယ်…(နားထောင် ရတာ..တကယ်ကောင်းသဗျိုး)
အောက်ခြေ အဆင့် ဆင့်   ၀န်ထမ်းတွေ..(သမတကြီး ပြောတာ.. ကြားကြမဟုတ်လား)
မကြားချင်ယောင်  ဆောင်တဲ့ ဝန်ထမ်းတွေ..(နားလေးနေရင်..ဆေးမြန်မြန်ကုကြ)
ခေတ်ကြီးကတော့  ပြောင်းနေပြီ…(မြောင်းထဲ မရောက်ခင်..သောက်ကျင့် ပြင်ကြ)
သမတကြီးလဲ..၀န်ထမ်းပါ..(ကိုယ်ပြောတာကို ..ကိုယ်မမေ့ နဲ့ )
တရားဥပဒေ ရဲ့  အထက်မှာ…(.ဖိထားနိုင်တာ..ငွေထုပ်ကြီးလား)
ပါးတခါရိုက်..ငွေတထောင်…(ဒဏ်ဆောင်လိုက်ရင်..အေးဆေးပဲတဲ့ )
ခေတ်မမီတော့ တဲ့   ဥပဒေတွေ..(လွှတ်တော်ထဲမှာ  ပြင်ကြပါဦး)၂
လွှတ်တော်ထဲမှာ  ငိုက်သူတွေ..(ဒေါင်းတွေ အော်ပြီ…နိုးလော့ ..ထလော့ )
တမတ်တန်းက  အချောင်သမားတွေ (ပြည်သူ့ မဲ..မပါ..ရှက်စရာကြီး)
ရှက်စရာကြီးလို့   အသိမှန်..(ပြည်သူ့ အသံ..နာခံကြလော့ )။
ဟေ့…စိန်လား…ဟေ့ …ရွှေလား.. (စာဖတ်နေတယ်..ရှူးးးတိုးတိုး) 
ဟေ့ ..လား  ရွှေ တို့ ဝါး…။
ဓါတ်ငွေ့ သိုက်ကြီး  ဖင်ခုထိုင်..  (ဖယောင်းတိုင်လေးမှာ…  မှိတ်တုပ်…မှိတ်တုပ်)
ပြတ်တယ်..လာတယ်..တရားမှတ်ကာ..(တို့ ပြည်သူတွေ..ကျွတ်တမ်းဝင်နိုး)
မီးခွဲတမ်းကို  စောင့် ရတာ..(လေးသင်္ချေ နဲ့   ကမ္ဘာ တသိန်း)
ဝါယာရှော့ တွေ..ကြောက်စရာ…(ဈေးကြီးတွေ  ရေ…သတိ..သတိ)
ဈေးသစ်ဆောက်ဖို့ ..ဂွင်သစ်ရှာ…(ကန်ထရိုက်တာ..မင်းမြှောင် ကပ်ဖါး)
သူများမျက်ရည်..ချွေးနည်းစာ..  (မညှာ မတာ..သူတို့ ခြေဆေး)
အသက်ငင်နေတဲ့   မြစ်ချောင်းတွေ…(သူများ တိုင်းပြည်  …မီးလင်းဖို့ တဲ့ )
ပိုလျှံ နေလို့ ..ရောင်းတာပါ…..(ပြောတတ်လိုက်တာ..သူ့ ပါးစပ်ကြီး)၂
သူ့ ဇနီးနဲ့  သမီးတွေပါ…(စေတနာရှိရင်..အဆစ်ပေးလိုက်)၂
ဟေ့ ..စိန်လား…ဟေ့ …ရွှေလား..
(ငါ့ ဘကြီး..စာကျက်နေတယ်..ဘယ်ကောင်တွေလဲ)
ဟေ့လား..ရွှေတို့ ဝါး..။
အိမ်နီးနားချင်း..သူခိုးတွေ….(ကမ္ဘာ့ အလည်မှာမှာ…နံမယ် ဆိုးလွန်း)
သူခိုး..ဓါးပြ နဲ့   ပေါင်းသင်းကာ..(တိုင်းပြည့် ရတနာ…ရောင်းမစားနဲ့ )
ပြည်သူ့ အသံ…တကယ်နားခံ…..(ဟန်ဆောင်ပန်ဆောင်..ချွေးမသိပ် နဲ့ )
တိုင်းပြည်ချစ်စိတ်  အရင်းခံ……(အမျိုးသား ပြန်လည်  သင့် မြတ်ကြစို့ )
         (အမျိုးသမီးတွေကော…  မပါဘူးလား…တော့ )
အမျိုးသမီးထုက  ခေါင်းဆောင်လာ…(အမျိုးသားတွေ မှာ…  မသက်သာ ဘူးလား)
အခွင့် အရေး  တန်းတူညီ….(တို့ တိုင်း မြန်ပြည်..စည်ပင်ဝပြော)
တိုင်းရင်းသားတွေ  အခွင့် အရေးညီ…..(ပြည်တွင်းစစ်တွေ..ခုချက်ချင်းရပ်)
   ဟေ့ ..စိန်လား….. ဟေ့ ..ရွှေလား..(စာဖတ်နေပါတယ်..ဆို)
  ဟေ့ လား…စိန်ရော  ရွှေရော.. …၀ါး…။       ။