Wednesday, June 13, 2012

ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ကြဖို့

  ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ကြဖို့
ဇာဝါရီ၊ ဇွန် ၁၄၊ ၂၀၁၂
ရွှေလူမျိုးများတိုင်းဌာနေ၏ ရခိုင်ပြည်နယ်မှာ မြင့်မြတ်တဲ့ သာကီနွယ်များအခေါ် xxxx (ဝါ) ဘင်္ဂလီ (ဝါ) မိမိတို့ကိုယ်မိမိ ရိုဟင်ဂျာလို့ အမည်နာမသမုတ်ထားသူ လူမျိုးစုတစု နဲ့ ဒေသခံ ရခိုင်လူမျိုးများ ယ္ခုရက်အတွင်း အပြန်အလှန် ရန်ငြိုးဖွဲ့  အခြေအတင်ဖြစ်နေခဲ့တာ အသက်ပေါင်းများစွာပင် ဆုံးရှုံးခဲ့လေပြီ။ သမိုင်းအထောက်အထားများအရ ဒီလိုအချင်းများခြင်းက ပထမအကြိမ် မဟုတ်။ ဒီတကြိမ်တော့ တဏှာရာဂစိတ်နဲ့ ဘင်္ဂလီ၊ ရိုဟင်ဂျာ၊ xxxx တစု၏ ကိုယ်ထိလက်ရောက် ကျူးလွန်မှုမှအစ။ မြှောက်ထိုးပင့်ကော်၊ သွေးထိုးလှုံဆော်မှုများကြောင့် အတော်မသတ် ဒေါသမီးနဲ့ အပြန်အလှန် တိုက်ခိုက်သတ်ဖျက် သွေးချောင်းစီးခဲ့တာ ရက်များစွာရှိလာလေပြီ။ အာဏာပိုင်အစိုးရအနေနဲ့ ပြည်သူလူထု ငြိမ်းချမ်းစွာ တောင်းဆိုမှုများကို အရှိန်နဲ့အဟုန် တားမြစ်နှိမ်နင်းနိုင်ခဲ့ပေမယ့် အခုအခါမှာ အတော်လေး နှေးနှေးကွေးကွေး လုပ်ဆောင်နေတာကို တွေ့ရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလို ရုပ်ဆိုး အကျည်းတန်လှတဲ့ ဖြစ်ရပ်မျိုးများမဖြစ်ဖို့ သက်ဆိုင်ရာ အစိုးရ၊ ဒေသဆိုင်ရာ တာဝန်ရှိသူများ အချိန်မှီ တားမြစ်ဟန့်တားနိုင်ဖို့က အရေးကြီးပါတယ်။
လူ့သမိုင်းတလျှောက်မှာ ကမ္ဘာနဲ့တဝှမ်း လူသား၊ တိရစ္ဆာန် သတ္တဝါများ ရေကြည်ရာ မြက်နုရာကို ရွှေ့ ပြောင်းနေထိုင်ခဲ့ကြရာ ရခိုင်တိုင်းဌာနေ နဲ့ မြန်မာပြည်တစိတ်တပိုင်းကို အခြေချရောက်ရှိလာခဲ့ကြတဲ့ အိန္ဒိယနွယ်ဖွား ဘင်္ဂလီ၊ ရိုဟင်ဂျာ (တခြားအမည် သူတို့ခေါ်ဝေါ်လိုပါကလည်း ခေါ်ဆိုပိုင်ခွင့် ရှိပါတယ်) တို့သည်လည်း အကြောင်းအမျိုးမျိုး၊ အခြေအနေအရပ်ရပ်ကြောင့် မိမိတို့မူလဇစ်မြစ်ကို စွန့်ခွါ တမြို့ တရွာပြောင်းရွှေ့  နယ်မြေသစ်မှာ ခိုလှုံနေထိုင်လာခဲ့ကြတာ တရက်မှသည် နှစ်ပေါင်းများစွာ ရှိလာခဲ့ပါပြီ။
စစ်ဘေး၊ သဘာဝဘေးဒဏ်၊ စီးပွားရေး၊ အငတ်ဘေး အကြောင်းများကြောင့် ဇာတိချက်ကြွေမွေးရပ်မြေကို မစွန့်ခွါချင်ဘဲ စွန့်ခွါ ပြီး မိမိတို့မငြိမ်းချမ်းမြေထက်သာတဲ့ တခြားတိုင်းဌာနေများသို့ ပြောင်းရွှေ့ အခြေချသူ သိန်းသန်းပေါင်းများစွာ ကမ္ဘာအနှံမှာ ရှိနေကြသည် မဟုတ်ပါလား။ 
ကျနော်တို့ ရွှေအမည်ခံ မဟာဗမာ၊ မြန်မာများပင် ကျေးဇူးရှင် စစ်အာဏာရှင်အဆက်ဆက် ကောင်းမှုကြောင့် တရားဝင်၊ တရားမဝင် ကမ္ဘာ့တိုင်းနိုင်ငံအသီးသီးသို့ ပြောင်းရွှေခိုလှုံလာကြသူ၊ ဒုက္ခသည်စခန်းများမှာ ခိုလှုံနေကြသူ၊ တောတောင်ထဲများမှာ အိုးမဲ့အိမ်မဲ့ ပုန်ခိုနေသူ သန်းပေါင်းများစွာ ရှိလာခဲ့ပါပြီ။ ထိုလူများအထဲမှာ မိမိတို့ ခိုလှုံရာ နယ်မြေဒေသများမှာ ကောင်းကောင်းမွန်မွန် နေထိုင်လုပ်ကိုင် စားသောက်ကြသူများ ရှိသလို၊ မကောင်းမှု ဒုစရိုက် ပြစ်မှုများ ကျူးလွန်ကြသူများ၊ စော်ကားရန်ပြုသူများကိုလည်း တွေ့ရှိနိုင်ပါတယ်။
ဒီလို ငါးခုံးမတကောင်ကြောင့် တလှေလုံး ပုပ်ရမယ့် အဖြစ်မျိုးကိုတော့ ဘယ်အုပ်စု၊ အမျိုးအနွယ်မှ လက်ခံကြမယ် မဟုတ်ပါ။ ဒါပေမဲ့ ဆွမ်းဆန်ထဲမှာတော့ ကြွက်ချေးပါသလို၊ စုန်းပြူးတကောင်ကြောင့် လူအုပ်စု၊ တမျိုးစုလုံး ထိခိုက်နစ်နာမှုများ ရှိခဲ့ပါတယ်။
ရေကြည်ရာ မြက်နုရာ ရွှေ့ ပြောင်းခိုလှုံသူများအကြောင်း လေ့လာဖို့အကောင်းဆုံး တိုင်းနိုင်ငံကိုကြည့်မယ်ဆိုရင် နိုင်ငံရေး၊ စီးပွားရေး ဘက်ပေါင်းစုံ တိုးတက်ဖွံ့ဖြိုးနေတဲ့ အမေရိကန်ပြည်ထောင်စုဖြစ်ပြီး၊ ကမ္ဘာအရပ်ရပ်မှ ပြောင်းရွှေ့ ခိုလှုံလာသူများကို တိုင်းပြည်စတင်တည်ထောင်ချိန်မှ ယနေ့အချိန်ကာလအထိ တွေ့မြင်နိုင်ပါတယ်။ အမေရိကန်အစိုးရအနေနဲ့ မျှတသော တရားဥပဒေများပြဌာန်း၊ နယ်စပ်လုံခြုံရေးဆိုင်ရာများ တိုးမြှင့်လုပ်ကိုင်နေသည့်ကြားက ဆင်းရဲနွမ်းပါးသော နိုင်ငံများမှလူများ အိမ်နီးနားချင်းနိုင်ငံ မက်ဆီကို၊ ကျူးဘား၊ ကနေဒါတို့မှတဆင့် သက်စွန့်ဆံဖျား၊ နည်းမျိုးစုံနဲ့ ဝင်ရောက်လာသူတွေ ရှိနေဆဲရှိနေခဲ့ရာ အခုဆိုရင် တရားမဝင် ဝင်ရောက်နေထိုင်သူ သန်းပေါင်း ၁၂ သန်းကျော်ရှိကြောင်း အစိုးရထုတ်ပြန်ချက်များတွင် တွေ့ရှိရတယ်။
ဒီလို မနေ့တနေ့ကမှ တရားမဝင် ဝင်ရောက်လာသူ၊ နေထိုင်သူများကို ပဝေသဏီကတည်းက အခြေချနေထိုင်သူများက ရန်ပြုတိုက်ခိုက်ခြင်းမျိုး မရှိစေ၊ မဖြစ်စေဖို့ ဥပဒေစိုးမိုးမှုရှိတဲ့ အစိုးရအနေနဲ့ တရားဥပဒေနဲ့ တရားမျှတ၊ နည်းလမ်းတကျနဲ့ ဆုံးဖြတ် ထိန်းသိမ်းလုပ်ကိုင် ဖြေရှင်းနေတာကို တွေ့ရှိနိုင်တယ် (ရွေးကောက်ပွဲကာလများမှာဆို တရားမဝင် ဝင်ရောက်လာသူများကို ဘယ်လို အရေးယူဆောင်ရွက်ဖို့၊ တားဆီးဟန့်တားဖို့များကို ကိုယ်စားလှယ်လောင်းများ အကြိတ်အနယ် ငြင်းခုံပြောဆိုကြပါတယ်)။ ဒါပေမဲ့ မျှတမှန်ကန်သော ဥပဒေစိုးမိုးရေး၊ လူ့အခွင့်အရေး လေးစားလိုက်နာရေး တို့က အဓိက ဖြစ်ပါတယ်။
ဒီအပြင် တိုးတက်ပွင့်လင်းတဲ့ လူဘောင်အဖွဲ့အစည်းနေ တိုင်းနိုင်ငံသားများအနေနဲ့ တရားမဝင်၊ တရားဝင် ပြောင်းရွှေ့ ဝင်ရောက်လာကြတဲ့ မျိုးနွယ်စုများထဲမှ လူတဦးတယောက်၊ အစုအဖွဲ့ (ဂိုဏ်း) တို့ မတော်မတရား၊ ရာဇဝတ်ပြစ်မှု များ (လူသတ်၊ မုဒိမ်ကျင့်၊ လုယက်ခိုးယူ၊ အကြမ်းဖက်တိုက်ခိုက်မှု) ကျူးလွန်တဲ့အခါ မနေ့တနေ့ကမှ ရောက်လာကြတဲ့ ကောင်တွေရဲ့  စော်ကားမှုကို ငါတို့ မခံဘူးဆိုပြီး နှစ်ပေါင်းများစွာ အခြေချနေထိုင်လာသူများက ဝါးလုံးရှည်နဲ့ သိမ်းကြုံးရမ်း မဆီမဆိုင် အပြစ်မဲ့သူများ ရန်ပြုခြင်း၊ တိုက်ခိုက်တာမျိုးများကို မတွေ့ရ၊ မရှိပါ။
အစောပိုင်း ၁၉၆၀ ပတ်ဝန်းကျင်ကာလအထိ လူဖြူအစွန်းရောက် (KKK ~ Ku Klux Klan) အဖွဲ့ဂိုဏ်းကတော့ သူတို့သည်သာ မြင့်မြတ်သောလူမျိုးစု (Aryan Race) ဆိုပြီး တခြားအသားအရောင် လူမျိုးစုများနဲ့ တိုင်းတပါးမှာ ရွှေ့ ပြောင်းလာသူများ၊ ဘာသာရေး ဂိုဏ်းဂဏ ကွဲပြားသူများအပေါ် ရန်ပြုတိုက်ခိုက် သတ်ဖြတ်မှုများကို လုပ်ဆောင်ခဲ့ပေမယ့် ယနေ့ တရားဥပဒေ စိုးမိုးမှုရှိလာချိန်မှာ ဒီလို ကျဉ်းမြောင်းတဲ့လုပ်ရပ်များ ပျောက်ကွယ်သွားခဲ့လေပြီ။
လူမျိုးစု၊ ဘာသာတရား ယုံကြည်ကိုးကွယ်မှု ကွဲပြားမှုအပေါ် ခွဲခြားဆက်ဆံခြင်း၊ ရန်ထောင်ရန်ပြုသူများကို လူအဖွဲ့အစည်းကြီးက ပြစ်တင်ရှုတ်ချသလို၊ တပါးသူအား နိမ့်ကျရိုင်းစိုင်းသော အခေါ်အဝေါ် (derogatory) များ သုံးနှုန်း ခေါ်ဆိုခြင်း၊ ဥပမာ လူမဲတယောက်ကို နစ်ဂါ (nigger) ၊ နီဂရို (negro)၊ အာရှတိုက်သားများ၊ တရုတ်တို့ကို ချင်ချောင် (ching chong) ခေါ်ဆိုခြင်းများကိုပင် ဥပဒေအရ အရေးယူအပြစ်ပေး နိုင်ပါတယ်။ 
ဒါကြောင့် တဦးတယောက် ရာဇဝတ်မှု ကျူးလွန်ခဲ့သော ဂျွန် (John)၊ နီကိုလိုင် (Nikolai) ၊ ဟိုဟေး (Jorge)၊ ကိုဖြူ၊ မောင်မဲ စသဖြင့် အမည်နာမနဲ့ ပြစ်မှုကျူးလွန်မှုကို တရားဥပဒေအရ သက်ဆိုင်ရာ အစိုးရ၊ အာဏာပိုင်များမှ ပြစ်ဒဏ်ချမှတ် စီရင်မှုပြုကြပြီး၊ ဒီလူတွေရဲ့  လူမျိုးစုနွယ်များအပေါ် ပြစ်တင်ရှုတ်ချ၊ ရန်ပြုခြင်းများ မရှိပါ။ တခါတရံ အစွန်းရောက်ဝါဒီများ၏ သွေးထိုးလှုံဆော်မှုများကို တစွန်းတစ တွေ့မြင်ကြားရပေမယ့် သူတို့အသံ၊ လုပ်ရပ်များအတွက် ၂၁ ရာစုမှာ နေရာမရှိတော့ပါ။
အုပ်ချုပ်ရေး ယန္တယား မတည်ငြိမ်၊ တရားဥပဒေ စိုးမိုးမှု ကင်းမဲ့သော တိုင်းနိုင်ငံများ၊ မပွင့်လင်းသော လူ့အဖွဲ့အစည်းများနဲ့ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျန်နောက်ပြန်သွားနေသော တိုင်းနိုင်ငံ၊ နေရာဒေသများမှာ ဒီလို လူအုပ်စုချင်း ခွဲခြားဆက်ဆံခြင်း၊ ရန်ပြုဆက်ဆံခြင်း၊ မယုံကြည်၊ မလေးစား၊ အခြေခံ လူ့အခွင့်အရေး ရပိုင်ခွင့်များကို ချိုးဖောက်ခြင်းများ နဲ့ ဘာသာရေးဆိုင်ရာ ပဋိပက္ခများကို မကြာခဏ တွေ့ရှိနိုင်သလို။ နိုင်ငံရေး၊ စီးပွားရေး အကျိုးအမြတ်ထုတ်လိုသူများ၏ လှုံဆော်သွေးထိုးမှုကြောင့် လူမျိုးဘာသာ အဓိကရုဏ်းများ ဖြစ်ပေါ်လာဖို့လည်း အလွန်လွယ်ကူပါတယ်။
သာဓကအားဖြင့် အင်ဒိုနီးရှားနိုင်ငံ ဆူဟာတို လက်ထက် ၁၉၉၈ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ တရုတ်-အင်ဒိုနီးရှား အဓိကရုဏ်းကြောင့် လူရာပေါင်းများစွာ သေကြေ၊ အိုအိမ်ပစ္စည်းများစွာ ဆုံးရှုံးပျက်စီးခဲ့သလို။ အဆိုးဆုံးက ၁၉၉၄ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ရီဝမ်ဒါနိုင်ငံ လူသိန်းပေါင်း ၈ သိန်းကျော် သေဆုံးခဲ့တဲ့ ဟူတူ နဲ့ တုဆီ လူမျိုးစုနွယ်ကြား သွေးချောင်းစီးသတ်ဖြတ်မှု ဖြစ်တယ်။ ဒီလို သွေးချောင်းစီး ဖြစ်ပွားမှုများအား အဓိက သွေးထိုးလှုံဆော်ခဲ့သူများမှာ အကျိုးအမြတ်ကြည့် အချောင်သမား နိုင်ငံရေးသမားများ၊ ကျင့်ဝတ်မဲ့ မီဒီယာများကြောင့် ဖြစ်တယ်။ ဒီလိုမျိုး မဖြစ်သင့်တာထက် မဖြစ်ရအောင် အာဏာပိုင်များနဲ့အတူ သတင်းမီဒီယာများလည်း ကျင့်ဝတ်နဲ့အညီ တိတိကျကျ၊ မှန်မှန်ကန်ကန် ထုတ်ဖော်တင်ပြသွားဖို့လိုသည်။
ယနေ့ ရခိုင်ပြည်နယ် မြို့ ရွာများမှာ ဖြစ်ပေါ်နေသော လူမျိုးစု ပဋိပက္ခ သည် လုံးဝမဖြစ်သင့်သော နိုင်ငံအရေးကိစ္စဖြစ်ပြီး အဆိုးဆုံးမရောက်ခင် တရားဥပဒေနည်းလမ်းတကျ ထိန်းသိမ်းဖို့ကို အများပြည်သူ မျှော်လင့်လက်ခံကြပါလိမ့်မည်။ နှစ်ပေါင်းကာလတခုအတွင်း မိမိတို့တိုင်းနိုင်ငံအတွင်းသို့ အကြောင်းအမျိုးမျိုးကြောင့် ထွက်ပြေးတိမ်ရှောင်၊ ဝင်ရောက်ခိုလှုံနေကြသူ ဘင်္ဂလီ ခေါ်ခေါ်၊ ရိုဟင်ဂျာ ခေါ်ခေါ် လူသားမျိုးနွယ်စုကို အာဏာပိုင်အစိုးရအနေနဲ့ တရားဥပဒေအရ လူသားတဦး ရသင့်ရထိုက်၊ ရပိုင်ခွင့်များကို စီမံဆောင်ရွက် လုပ်ကိုင်ပေးခဲ့ခြင်း၊ ဒေသခံများ၏ မကျေနပ်လက်မခံ၊ ဒေသခံများနဲ့ မပြေလည်မှုများကို ဖြေရှင်းမှုများနဲ့ လုပ်ကိုင်ပေးရမည့် တာဝန်များ ပျက်ကွက်မှုကြောင့် အခုလို မဖြစ်သင့်တဲ့ သွေးချောင်းစီးမှုများ ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ 
ဒါကြောင့် ဒီ ပဋိပက္ခ၏ အဓိက တာဝန်ရှိသူများမှာ ခေတ်အဆက်ဆက် အာဏာအလွဲသုံးစား လုပ်ခဲ့၊ မိမိတို့ ပြည်သူပြည်သား တိုင်းရင်းသားများအပေါ် ဖိနှိပ်ချုပ်ချယ်၊ သွေးခွဲမှုများလုပ်ခဲ့၊ အခြေခံ လူ့အခွင့်အရေး ရပိုင်ခွင့်များကို ချိုးဖောက်ခဲ့သော အစိုးရအဆက်ဆက်ဖြစ်ခဲ့ပေမယ့် အခုလက်ရှိ ဒီမိုကရေစီနိုင်ငံတော် တည်ထောင်မည်ဟု ကြွေးကြော်နေတဲ့ ဦးသိန်းစိန် အစိုးရအနေနဲ့ …
သွေးချောင်းစီးမှုကို အမြန်ဆုံး ရပ်တန့်ပြီး၊ ဥပဒေဖောက်ဖျက် ကျူးလွန်သူများကို စုံစမ်းအရေးယူအပြစ်ပေးရေး …
 နောင် နိုင်ငံအတွင်း မှီတင်နေထိုင်နေကြသော မတူကွဲပြား လူသားမျိုးနွယ်၊ ဘာသာတရား ကွဲပြားသူများကြား  ဒီလိုမျိုး အဖြစ်အပျက်များ မဖြစ်အောင် ပြည်သူများ ယုံကြည်ကိုးစား၊ နိုင်ငံတကာ လူ့အခွင့်အရေး မီးရှူးတန်ဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးခေါင်းဆောင်များအနေနဲ့ မှန်မှန်ကန်ကန်၊ မျှမျှတတ လူသားဆိုင်ရာ အခွင့်အရေးများ ရပိုင်ခွင့်များအပေါ် အခြေခံပြီး အချိန်မီ တားမြစ်လုပ်ကိုင် ဖြေရှင်းရေး …
ဆောင်ရွက်ဖို့လိုသည်။
ပြစ်မှုဆိုင်ရာ ကျူးလွန်သူများကို မောင်ဖြူ၊ မောင်မဲ မခွဲခြားဘဲ တရားဥပဒေအရ အရေးယူဆောင်ရွက်သွားပြီး
နောင်ကို ဒီလိုမျိုး တိုင်းရင်းသား၊ လူမျိုးစုပေါင်းစုံ ယုံကြည်ကိုးကွယ်မှု မတူကွဲပြား လူအဖွဲ့အစည်းအတွင်း ကျဉ်းမြောင်းတဲ့ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ၊ မုန်းတီးမှုများ မဖြစ်ပေါ် မတည်တန့်အောင်၊ တဦးအပေါ်တဦး ယုံကြည်မှု၊ လေးစားမှု၊ နားလည်းမှု၊ သည်းခံမှု စတဲ့ အခြေခံလူ့အခွင့်အရေး ကျင့်ဝတ်ဆိုင်ရာ ပညာပေးလုပ်ငန်းများ၊ လှုံဆော်မှုများကို ဥပဒေ၊ သတင်းမီဒီယာများမှ စဉ်ဆက်မပြတ် အသိပေးလုပ်ဆောင်သွားဖို့ လိုအပ်ပါတယ်။
ရှေ့ တိုးခြေလှမ်းများနဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီ တိုင်းနိုင်ငံ ထူထောင်မယ်ဆိုရင် နိုင်ငံတော်အစိုးရနဲ့ ပြည်သူပြည်သားများအနေနဲ့ အသားဖြူ၊ အသားညို၊ အသားမဲ၊ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ် ဘာသာ မခွဲခြား၊ အယုတ်အလတ် အမြတ်မရွေး လူတိုင်း၊ သက်ရှိသတ္တဝါတိုင်း တရားဥပဒေ စိုးမိုးမှုအောက်မှာ မျှမျှတတ၊ လွတ်လွတ်လပ်လပ် တန်တူညီတူ အခွင့်အရေးများ ရရှိဖို့ ပူးပေါင်းလုပ်ဆောင်သွားရပါမယ်။
တနေ့တချိန် တိုင်းပြည် ငြိမ်းချမ်းသာယာ၊ ဖွံ့ဖြိုးတိုးတက်လာခဲ့ရင် ရေမကြည် မြက်မနု၊ ငြိမ်းချမ်းစိမ်းလန်မစိုပြေတဲ့ တိုင်းဌာနေမှသူများ၊ ဆင်းရဲနွမ်းပါး ဒုက္ခရောက်သူများ ကျွန်ပ်တို့ အမိရွှေနိုင်ငံကြီးဆီသို့ တရားဝင်၊ တရားမဝင် ဝင်ရောက် ခိုလှုံလာကြတဲ့အခါ နိုင်ငံကြီးသား ဖြစ်လာမယ့် ရွှေနိုင်ငံသားများ ဒီထက်မက အမြင်ကျယ်၊ သဘောထားကြီး၊ လူ့အခွင့်အရေး စာနာထောက်ထားမှုများနဲ့ ကူညီတောင်းခံ၊ ခိုလှုံလာသူများ၏ လိုလားချက်၊ တောင့်တချက်များကို ကမ်းလှမ်းကူညီသွားရမှာပါ။
အခုအချိန်မှာတော့ မိမိတို့ ကိုယ်ကျိုးအတွက် အနှိမ်ခံ လူအုပ်စုများကို အိုးမဲသုတ် ရန်တိုက်သတ်ဖြတ်မှုများကို ဟန့်တား၊ ဝိုင်းဝန်းဖြေရှင်းကြပြီး တချိန်တည်းမှာ ဒီမိုကရေစီသစ် နိုင်ငံတော်ထူထောင်ရေးမှာ လူသားအားလုံး အခြေခံ တန်တူအခွင့်အရေး ရရှိနိုင်ရေး၊ မျှတမှန်ကန်သော ဥပဒေစိုးမိုးရေး ပေါ်ပေါက်လာမှုကို တိုက်တွန်းတောင်းဆိုသွားရမှာပါ။
ကမ္ဘာ့ငြိမ်းချမ်းရေးဖခင်ကြီး မဟတ္တမဂန္ဓီ ဆိုမိန့်တခုဖြစ်တဲ့ မျက်လုံးတလုံးအတွက် မျက်လုံးတလုံးကို ဖျက်ဆီးရမယ်ဆိုရင် တကမ္ဘာလုံး ကြောင်းကျိုးမမြင် မျက်ကန်းဖြစ်သွားမယ် (An eye for an eye makes the whole world blind) စကားကို သတိရဆင်ခြင်မိရင် ရခိုင်ပြည်နယ်အတွင်း တောက်လောင်နေသော ရန်မီးရန်ပွား၊ တို့မီးရှို့ မီးများ ပျောက်ပျက်ငြိမ်သက်ပြီး၊ ကမ္ဘာ့နယ်မြေဌာနေအသီးသီး ပြောင်းရွှေ့ နေထိုင်၊ ခိုလှုံနေကြသော မြန်မာပြည်သူပြည်သားအပေါင်း ဘေးဘယာဝေးကွာ၊ ရန်ဘေးအပေါင်းမှ လွတ်မြောက်၊ လူသားမျိုးနွယ်များကြား ခွဲခြားဆက်ဆံခြင်း၊ မုန်းတီးမှုများမှ ကင်းကွာ ငြိမ်းချမ်းစွာ နေထိုင်နိုင်ကြပါစေ။ 
(Photos - News Photos on anti immigrant and anti Muslim Protests in USA & Europe) 

No comments:

Post a Comment