Sunday, June 3, 2012

သူ့မာန်နဲ့ လူ့စံ (၂) မောင်စွမ်းရည် ဇွန် ၃၊ ၂၀၁၂

သူ့မာန်နဲ့ လူ့စံ (၂)
မောင်စွမ်းရည်
ဇွန် ၃၊ ၂၀၁၂


André Kertész, Distortion, photograph, Paris, 1933

လူဆိုတာ အရင်းစစ်ပြန်တော့
ဒင်းအဖြစ်က တိရိစ္ဆာန်တမျိုး
“ဗာတီဘရိတ်” * မျိုးဆက်
“ဟိုမို ဆက်ဗီးယား” **
လူသားမည်တွင် ဉာဏ်ကြီးရှင်ပဲတဲ့။
မြင်မြင်သမျှ အကောင်ဗလောင် ဓလေ့
“တရွေ့ရွေ့ဖြစ်စဉ်” 
ဝန်းကျင်နဲ့ အံဝင်အောင်
ပြုပြင်ပြောင်းလဲ၊ တိုးတက်မြဲမို့
လူလဲ မျောက်လို၊
တောထဲမှာ ခိုရင်
လက်ကိုမြေထောက်၊ လေးဖက်လျှောက်ရာက
မျောက်လွှဲကျော် ပွေလီပြီ
“ပေလီယို လစ်သစ်” *** တဲ့
“နီယိုလစ်သစ်” **** တဲ့
ကျောက်ခဲနဲ့ခြစ်၊ လောက်လွှဲနဲ့ပစ်
ထုဆစ်ရိုက်ဖဲ့၊
ကျောက်ဓါးတဲ့၊ ဆောက်သွားတဲ့
လူသားရဲ့လက်၊ တချက်မျှဆုပ်မိရင်
နောက်မဆုတ်တမ်း၊ ရှေ့ကိုလှမ်း
ကျောက်ကြမ်းခေတ်၊ ကျောက်ချောခေတ်
ကြေးခေတ် သံခေတ်၊ လေး ပစ် လှံ ပစ်
ဆန် ဖွပ် စပါးထောင်း

ရစ်ပွေ ရစ်ပွေနဲ့
အထစ်တွေ ကြောင်လှိမ်လှေခါးပမာ
အသစ်တွေသာ ဟောင်းဟောင်းသွားပြီး
ခေတ်တွေ စနစ်တွေ အဖြစ်တွေက ပြောင်းခဲ့။

မိုးပေါ်ကပဲကျကျ မြေကြီးကပဲ ပေါက်ပေါက်
မျောက်မျိုးပဲဖြစ်ဖြစ် လောက်မျိုးပဲဖြစ်ဖြစ်
ဗြဟ္မာမျိုးပဲဖြစ်ဖြစ် ဗမာမျိုးပဲဖြစ်ဖြစ်
သာကဒိုးပဲဖြစ်ဖြစ် သာနိုးပဲဖြစ်ဖြစ်
ဘာမျိုးပဲ ဖြစ်ဖြစ်
လူ့အဖြစ် လူ့ဘ၀ ရခဲစွ
မနုဿတ္တဘာဝ ဒုလ္လတဲ့
လူ့ပြည်က အပ်တစင်း
ဗြဟ္မာပြည်က အပ်တစင်း
အပ်သွားချင်း ထိချင်ထိမယ်
လူ၏ဘ၀ရဖို့ မလွယ်ဘူးတဲ့။
အဲ လူဖြစ်ဖို့ မလွယ်ပေမဲ့
လူပျက်ဖို့က လွယ်ပေရဲ့တဲ့။

လမ်းကြားမှာ လမ်းဘေးမှာ
ဆေးရုံထဲမှာ ဘေးချုံထဲမှာ
အူဝဲသံ ဒရစပ်၊ မပြတ်မွေးဖွား
လူသားလေးတွေ တပြွတ်ပြွတ်
ဖားဗိုက်က ဖားဥတွေ လွှတ်သလို
အပြွတ်လိုက် မွေးဖွား
“ကလုန်းနင်း” ***** များ လုပ်ရော့သလား
သားဖွားစက်ချိတ်တဲ့ ခါးလို
ဖွားပဲ ဖွားနိုင်လွန်း
ရှင်မွေးလွန်း လွန်းတရာ
လွမ်းစရာ ဖွားဖက် မိတ်တွေနဲ့
ချစ်ဒုက္ခ ကားဂိတ်
ဒပ္ဖရင် ဆေးရုံထိပ်မှာ
ပရွတ်ဆိပ်လို စီတန်း
ရှက်ကိုး ရှက်ကန်းနဲ့
ဝမ်းဗိုက်တွေ တရမ်းရမ်း
ကိုယ်ဝန်ဆောင် လူတန်းကြီး
လမ်းတလျှောက် ရှုမဆုံး
အဲ - အဲသည်ဘ၀၊
မနုဿတ ဒုလ္လဘမှာ
အနာကလဲ မကင်း၊ ရောဂါကလဲ မရှင်းရင်တော့
ဘယ်သင်းကို၊ ဘယ်လိုသွားပြီး
ဘယ်နေရာ ဘယ်လိုကားကြီးနဲ့
ဘယ်ဟာတွေဝယ် ဘယ်လိုစားမလဲ
အလကားပဲပေါ့။

ရှိမိတဲ့ အနာ၊ ထိမိတဲ့ အနာ
တိုက်မိတဲ့ အနာ၊ ခိုက်မိတဲ့ အနာ
ကြိုက်မိတဲ့ အနာ၊ မိုက်မိတဲ့ အနာ
ပိုက်မိတဲ့ အနာ၊ ရှိုက်မိတဲ့ အနာ
မလိမ္မာတဲ့ အနာ၊ ဇိမ်ရှာတဲ့ အနာ
လိမ်ညာတဲ့ အနာ၊ လိင်ဆာတဲ့ အနာ
အစားအိမ်ရဲ့ အနာ၊ သားအိမ်ရဲ့ အနာ
ရင်ခေါင်းက အနာ၊ ကျင်ချောင်းက အနာ
ခွာနာလျှာနာ၊ အာနာပါနာ
အနာအမျိုးမျိုး၊ ကိုးဆယ့်ခြောက်ပါး
“နမိုးနီးယား” ****** နဲ့ “အိုက်ဆို မိုးနီးယား” *******
“ဟစ္စတီးရီးယား” ******** နဲ့ “ဟစ်ပီရီးယား” *********
ဟိုပေါင်ကယား၊ ဒီချောင်ကယား
ရံဖန်ရံခါ ယား၊ ရံဖန်ရံခါ ယောင်
ရံဖန်ရံခါ အောင့်၊ ရံဖန်ရံခါ ကိုက်
လေးဘက်နာ “အာ သရိုက်တစ်” **********
ငါး ဖက် ဘာစရိုက်ဖြစ်မလဲ
ကုသိုလ်ဖြစ်တာလဲရှိ၊ အကုသိုလ်ဖြစ်တာလဲရှိ
ကုလို့ဖြစ်တာလဲရှိ၊ ကုလို့ မဖြစ်တာလဲရှိ
ခွဲရသည့်အခါ ခွဲ၊ စိတ်ရသည့်အခါ စိတ်
တီဘီ အကျိတ်၊ အဆီရည် အဆိပ်
အကျိတ်အမျိုးမျိုး၊ အဆိပ်အမျိုးမျိုး
ကိုးဆယ့်ခြောက်ပါး ခုနှစ်ပါး
စားဆေး သောက်ဆေး၊ ပွတ်ဆေး ရှုဆေး
သွတ်ဆေး ဆူးဆေး၊ ထိုးဆေး ထဲ့ဆေး
ချိုးဆေး ဖဲ့ဆေး၊ ဆေးအမျိုးမျိုး
ဘုရားကိုး၊ နတ်ကိုး
ဘိုးတော်ကိုး၊ ဘွားတော်ကိုး
တိုးလိုက်လျော့လိုက်၊ ကျိုးလိုက် ဆော့လိုက်
ငုတ်လိုက် ပေါ်လိုက်၊ ရှုပ်လိုက် ပျော်လိုက်
ပြန်ပေါ်လိုက်၊ ပြန်ငုတ်လိုက်နဲ့
ဖုတ်လှိုက် ဖုတ်လှိုက် ဖြစ်ပြီး
ဗြုတ်သိုက်ကြီး ပုတ်လိုက်တဲ့သဘော
ခေတ်အလိုက် ရောဂါ၊ အချစ်အကြိုက် ရောဂါ
အဆစ်ကိုက် ရောဂါ၊ အမြစ်လှိုက် ရောဂါ
ညှော်ခံနာ စော်ဖန်နာ၊ မော်ဒန်အနာ ရှေ့တန်း
ရောဂါအဆန်းကတော့၊ ငန်းသမျှသောင်ဆိပ်
ကျွမ်းသမျှ အမှောင်ဂိတ်
ဘိတ်ကနေ ဘန်ကောက်
နယူးယောက်က နယူးဇီလန်
ရှန်ဟိုင်းက ရှန်ဂရီလာ
မြန်မာပြည်မှာ ကော့ကရိတ်
ကော့သောင်မှ ကော့မိုင်တို့ လမ်းထိပ်
ကေသွယ်တို့ ကမ်းဆိပ်အထိ
အိတ် (ဒ်စ်) ပါတဲ့။

(ခုခံအားကျ ရောဂါတိုက်ဖျက်ရေးအဖွဲ့ ပညာပေးစာစောင်အတွက် ဆရာဝန် စာရေးဆရာမ မြနှောင်းညိုရဲ့ပန်ကြားချက်အရ ရေးခဲ့ရာမှာ စာ ပေစိစစ်ရေးကပယ်လို့ မသုံးဖြစ်ခဲ့တဲ့ကဗျာ)

No comments:

Post a Comment