Sunday, March 11, 2012

ဘဝအဖေါ်များ



ဘဝအဖေါ်များ

     ကိုယ်နှင့်အတူရှိသောအချိန်များတွင်
အစားသောက်ကောင်းများကို ကိုယ့်အတွက်အမြဲ
ချန်ထားတတ်ပြီး ရာသီဥတုအေးလျှင် အနွေးထည်ဝတ်ဖို့၊
အပြင်ထွက်လျှင်အစစအရာရာ သတိနှင့်နေဖို့
ဂရုတစိုက်အမြဲမှာတတ်သည်။ တစ်ခါတစ်ရံ ထိုအပြောများကို
ကိုယ်ကနားပူသည်ဟု ထင်နေခဲ့သော်လည်း စိတ်ထဲတွင်မူ
နွေးထွေးသောမေတ္တာကိုခံစားရသည်။
ကိုယ်မုန့်ဖိုးလိုသောအချိန်လက်ဖြန့်တောင်းလျှင်
ပိုက်ဆံရှာရသည်မှာမည်မျှခက်ခဲကြောင်း
ပိုက်ဆံ၏ တန်ဖိုးကိုပြောပြတတ်သည်။
ပါးစပ်ကတပျစ်တောက်တောက်ရေရွတ်နေသော်လည်း
လက်ကကမ်းပေနေတတ်သည်။
ထိုလူမျိုးကို မိဘဟုခေါ်သည်။

       လောကကြီးတွင်လူတစ်မျိုးရှိသည်…..
အမှားအမှန်ခွဲခြားသိမြင်အောင် သွန်သင်ဆုံးမတတ်ပြီး
သားသမီးအရင်းအချာကဲ့သို့ ပဲ့ကိုင်လမ်းညွှန်တတ်သည်။
စည်းကမ်းတွေချမှတ်ပေးတတ်ပြီး
ဗဟုတုတများကိုမျှဝေပေးတတ်သည်။
ဆူပူကြိမ်းမောင်းခြင်းမှာလည်း
လူတော်လူကောင်းဖြစ်စေချင်သော စေတနာသာလျှင်ဖြစ်သည်။
ထိုလူမျိုးကို ဆရာဟုခေါ်သည်။

       လောကကြီးတွင်လူတစ်မျိုးရှိသည်…..
တစ်ခါတစ်ရံ ကိုယ်နှင့်ရန်ဖြစ်တတ်ပြီး
စကားနိုင်လည်းလုတတ်သေးသည်။
ကိုယ်ဝေစုကိုလည်းလုစားတတ်သေးသည်။
မိဘကိုလည်း အတိုင်တောလုပ်တတ်သေးသည်။
သို့သော် ကိုယ်ကိုတစ်ခြားလူများထက်ပိုချစ်ပြီး
ပိုဂရုစိုက်တတ်သည်။ အရေးကြုံပါက သွေးနီးတတ်ကြသည်။
ထိုလူမျိုးကို မောင်နှမဟုခေါ်သည်။

       လောကကြီးတွင်လူတစ်မျိုးရှိသည်…..
မတွေ့မမြင်ရလျှင်လွမ်းနေတတ်ပြီး တွေ့ပြန်လျှင်ရင်တွေခုန်ကာ
ဆွံ့အနေတတ်သည်။
စိတ်ထဲအတွေးထဲတွင်အမြဲလွှမ်းမိုးနေတတ်ပြီး
နှစ်နှစ်ခြိုက်ခြိုက်အိပ်မပျော်အောင်လည်း
အိပ်မက်ထဲထိကြီးစိုးနေတတ်သည်။
ကိုယ့်အတွက်အလှပဆုံးနှင့်
အချိုမြိန်ဆုံး ပန်းသီးလေးတစ်လုံးလိုပင်
ထိုလူမျိုးကိုချစ်သူဟုခေါ်သည်။


       လောကကြီးတွင်လူတစ်မျိုးရှိသည်…..
တခြားသူမသိသော ကိုယ်၏လျှို့ဝှက်ချက်များကိုသူသိသည်။
ကိုယ်စာမရသောအချိန်မျိုးတွင် ရှင်းပြတတ်ပြီး
ကိုယ်အမှားလုပ်မိသော အချိန်များတွင်
ကိုယ်ဘက်မှ ရပ်တည်ဝန်ခံပေးတတ်သည်။
အားငယ်သောအချိန်မျိုးတွင် အားပေးတတ်ပြီး
ဝမ်းနည်းသောအချိန်မျိုးတွင် နှစ်သိမ့်ပေးတတ်သည်။
ကိုယ်အဆင်ပြေနေချိန်တွင် သူ့ကိုမေ့နေတတ်ပြီး
အဆင်မပြေသောအချိန်များတွင် ကိုယ်ရင်ဖွင့်သမျှကို
စိတ်ရှည်ရှည် ဖြင့်နားထောင်ပေးတတ်သည်။
ကိုယ်နှင့်အတူရှိနေသည့်အချိန်များမှာ
ချစ်သူတစ်ယောက်ထက်ပင် ကြာရှည်ခိုင်မြဲတတ်သည်။
ထိုလူမျိုးကို သူငယ်ချင်းဟုခေါ်သည်။

   လောကကြီးတွင်လူတစ်မျိုးရှိသည်…..
မိဘတို့၏ဆိုဆုံးမှုနှင့် နွေးထွေးသောမေတ္တာအောက်တွင်
ကြီးပြင်းလာခဲ့သည်။
ဆရာများ၏ဆိုဆုံးမှုအောက်တွင်
အမှားအမှန်ကို ခွဲခြားတတ်လာသည်။
မောင်နှမများ၏ ချစ်ခင်မှုအောက်တွင်
စည်းလုံးခြင်းတွေရယူတတ်လာခဲ့သည်။
ချစ်သူ၏ကြင်နာယုယမှုအောက်တွင်
အချစ်စစ်ကိုရှာဖွေတတ်လာပြီး
သူငယ်ချင်းများ၏ ကူညီမှုအောက်တွင်                                                                                                               
ဘ၀တက်လမ်းကိုရွေးချယ်တတ်လာခဲ့သည်။
ထိုသူများသည် ကိုယ့်ဘ၀ထဲသို့
ဧည့်သည်တစ်ယောက်လိုပင် ၀င်လာတတ်ကြသည်။
အချိန်တန်လျှင် ပြန်ထွက်သွားကြသည်။
သူတို့သည် ဘ၀ကိုအသိဥာဏ်နှင့်ဗဟုတုတတိုးပွားအောင်
ကူညီပေးကြသည်။
ဘ၀ကိုပျော်ရွှင်မှုများဖြင့် စိုပြေစေခဲ့သည်။
ထိုသူများကို ကျေဇူးတင်ကြောင်းလှိုက်လှိုက်လှဲလှဲပြောဖို့
တစ်ခါတစ်ရံတွင်မေ့နေတတ်ကြသည်။
ထိုလူမျိုးမှာ ကိုယ့် ကိုယ်တိုင်ပင်ဖြစ်သည်။

ရေးသား- အမည်မသိ

No comments:

Post a Comment