Sunday, February 26, 2012

မေတ္တာတော်တို့ဖြင့် ရပ်တန့်ကြပါအံ့ ချိုတူးဇော် ဖေဖော်ဝါရီ ၂၃၊ ၂၀၁၂

ခင်ဗျားတို့ရဲ့ ဘုရားသခင်ဆီမှာ. . .
မေတ္တာတော် တောင်းခံပါတယ်
ကျနော်တို့ရဲ့ ဗုဒ္ဓရှင်တော်မြတ်ထံမှ
မေတ္တာတော်ကို ဖြန့်ဝေပါတယ်။

နာကျင်မှုတွေနဲ့
နာကြည်းစွာ ကျခဲ့ကြတဲ့
မျက်ရည်များကို
မေတ္တာတော်တို့ဖြင့် ရပ်တန့်ကြပါအံ့။

ဟောဟိုက ဒုက္ခသည်စခန်းထဲမှာ
မွေးဖွားလာတဲ့
ကချင်ကလေးငယ်တယောက်ရဲ့အနား
သူ့ဖခင် မရှိရှာဘူး။
အဲဒီလိုပဲ
နောက်တန်း အိမ်ထောင်သည်လိုင်းထဲက
ဆနွင်းဝါ၀ါနဲ့ မီးနေသည်ရဲဘော်မယားက သူ့သားကို မချီရင်း . .
သူ့လင်သားကို တ,နေတယ်။

ကလေးတွေက တအဲ့အဲ့
အဖေတွေ တဒိုင်းဒိုင်း တဒက်ဒက်
အဲဒါ ငါ့တို့ပြည်ထောင်စုပဲ. . .။

ဘယ်ကလေးမှ ဖခင်မဲ့ဖြစ်စရာမလို
ဘယ်မိခင်မှ မုဆိုးမ ဖြစ်စရာမလို
ဘယ်သူက နယ်ချဲ့လို့
ဘယ်သူက နယ်မြေကို ကာကွယ်တဲ့
စစ်ပွဲတွေ ဆင်နွှဲနေရပါသလဲ
ငါတို့အားလုံး ဒီပြည်ထောင်စုကို ပိုင်ဆိုင်ကြတယ်
မွေးလာသမျှ ကချင်ကလေးတိုင်း ပိုင်ဆိုင်တဲ့နယ်နမိတ်ဟာ.
.မြောက်ဘက် နောင်မွန်းကစ
တောင်ဘက်စွန်း ကော့သောင်းအထိ
အရှေ့ဘက် တာချီလိတ်ကစ
အနောက်ဘက် မောင်တောအထိ. . .
တန်းတူရည်မျှ ပိုင်ဆိုင်ကြတယ်။

အဲဒါ ဖက်ဒရယ်ပြည်ထောင်စုကြီးပဲ။

ဖက်ဒရယ်ပြည်ထောင်စုမှာ
ဘယ်ဘာသာမှ နိုင်ငံတော်ဘာသာမဟုတ်
ဘယ်လူမျိုးမှ လူမျိုးကြီးမဟုတ်
ငါတို့အားလုံး
ဒီပြည်ထောင်စုကြီး လွတ်လပ်ရေးအတွက်တန်းတူညီမျှ တိုက်ပွဲဝင်ခဲ့တယ်
ငါတို့အားလုံး တဦးအပေါ်တဦးသစ္စာရှိရမယ်တန်းတူညီမျှရမယ်တဲ့
ငါတို့အမျိုးသားခေါင်ဆောင်ကြီးက ချမှတ်ခဲ့တယ်။

လောဘ. . .ဒေါသ အတ္တ တွေကြီးစိုးတဲ့. .လူတစုကြောင့်
ငါတို့အားလုံး ငါတို့ပြည်ထောင်စုကို ဆုံးရှုံးခဲ့
စည်းလုံးတဲ့ ပြည်ထောင်စုမှ မရှိရင်လွတ်လပ်တဲ့ ဖက်ဒရယ်ပြည်ထောင်စုဆိုတာလည်း မရှိနိုင်ပေဘူး
အပြန်အလှန်ချစ်ကြည်တဲ့ တိုင်းရင်းသားတွေမှ မရှိရင်
အပြန်အလှန်မှီခိုရတဲ့ ဖက်ဒရယ်ပြည်ထောင်စုဆိုတာလည်း မရှိနိုင်ပေဘူး

ငါတို့ရဲ့ကလေးတွေကို
စစ်မီးတွေကြားက
ယမ်းခိုးတွေကြားက
ဆွဲထုတ်နိုင်ပါမှ
ငါတို့ပြည်ထောင်စုကို ငါတို့ပြန်ရမယ်။

အို မိအို ဖအိုတို့ . . .
သားပျိုသမီးပျို ဆုံးရှုံး၍. . .
ကျရသော မျက်ရည်များကို
ဒေါသဖြင့်ချေဖျက်မည်ဆို
ကျွန်ုပ်တို့ မြေးမြစ်တို့ပါ ဆုံးရှုံးကြရပေလိမ့်မယ်။

နာကျင်မှုများဖြင့်
နာကြည်းစွာကျနေရတဲ့
မျက်ရည်များကို
ကျွန်ုပ်တို့ပြည်သူအပေါင်းက
ဘုရားရှင်အားလုံးထံမှ
တောင်းခံရယူသော မေတ္တာတော်တို့ဖြင့် ရပ်တန့်ကြပါအံ့။ ။

No comments:

Post a Comment