Sunday, February 26, 2012

လမ်းလျှောက်ဖို့လမ်းပြောက်နေဆဲ

အာဏာရှင်တွေ အာဏာမမက်တော့ဘူး
ယုံမလားတော့မသိဘူး၊
ယုံတမ်းစကားပြောနေတာမဟုတ်ဘူး
ကျဗန်းစကားပြောနေတာမဟုတ်ဘူး
အောင်မှတ်ရမဲ့ စာစီစာကုံးရေးနေတာမဟုတ်ဘူး
ပြည်ပက ဟိုဘက်မလိုက် ဒီဘက်မလိုက် မြန်မာသတင်းဌာနက သတင်းကြေညာတာမဟုတ်ဘူး
ဘယ်သူမှနားမထောင်တဲ့ မြန်မာ့ရုပ်မြင်သံကြားက သတင်းလွှင့်နေတာမဟုတ်ဘူး။

အာဏာရှင်က အာဏာရှင်ဖြစ်တာ ခေတ်ကုန်သွားပြီ
ခေတ်ပျက်ငွေရှင်တွေ စနစ်တကျပညာရှင်တွေ
အာဏာရှင်ဖြစ်ချင်လာတဲ့ တူးဟန်ဒရက်ယီးယားဘီဖိုး ပြန်ဆိုတေးစီးကြောင်းမှာ
ကိုယ်တိုင်သဘောမတူပေမဲ့ စကားလုံးလှလှလေးသုံးတဲ့
အများသဘောတူရင် လေးဆယ့်ကိုးနဲ့ငါးဆယ့်တစ်
ငါးဆယ့်တစ် အသာရတဲ့ခေတ်မှာ
ငါးဆယ်မှာတစ်ပေါင်းဖို့ ငါးဆယ်မှာတစ်နှုတ်ဖို့
မနှုတ်လောက်တစ်ဆယ်ချေး … လျှော်ဖို့စားဖို့ကြံနေတဲ့သူတွေ
အကြံကုန် ဂဠုန်အဖြစ်ခံ … ဆားချက်မဲ့သူတွေ
ငါးပွက်ရာ ငါးစာချ … မွေးမြူရေးလုပ်ချင်သူတွေ
ထင်းခွေမကြုံ ရေခတ်မကြုံ … အဝီစိတွင်းတူးချင်သူတွေ
တိုက်ရာပါငွေနဲ့ … ဂေါပကအလုပ်လျှောက်လွှာတင်ထားသူတွေ
နှောင်ကြိုးနဲ့ နဖားထိုးခံထားရပြီး ... စားကျက်သစ်ရှာနေတဲ့သူတွေ
တစ်ရွာပြောင်းပြီးခဲ့လို့ … ရွာပြန်ကျီဆောက်မဲ့သူတွေ
ပြည်တော်ပြန် ပြည်တော်သာ … စက္ကူဖြူစီမံကိန်းရေးဆွဲပြီးသူတွေ
နိုင်ငံတော် နိုင်ငံတော်နဲ့ လမ်းဖောက်တံတားဆောက် … အခြောက်တိုက်ကျေးဇူးတင်ခံချင်သူတွေ
ပြည်သူသာအမိ ပြည်သားသာအဖ … ကိုယ့်ဆိုင်းဘုတ်ကိုယ်မသိသူတွေ
ဟိုလူကြည့် ဒီသူကြည့်နဲ့ … ဘယ်သူ့နောက်လိုက်ရမှန်းမသိသူတွေ
ကိုယ်တိုင်သဘောမတူလို့ … ရပ်ကြည့်ကျန်ခဲ့တဲ့သူတွေ

ဒီလူတွေ ဒီသူတွေနဲ့
ဒီလူတွေ ဒီသူတွေနဲ့
ကမ္ဘာမှာ မြန်မာဖြစ်ဖို့ကြံ
ကမ္ဘာမှာ မြန်မာဖြစ်ဖို့ကြံ၊
ကျုပ်လည်း ဘယ်လမ်းသာလို့ ဘယ်လမ်းလိုက်ရမယ်ကြံ
ကြံသာကြံ ဘယ်လမ်း ဘယ်မှာဆုံးမယ်မသိ
အမယ်ဘုတ်ရဲ့ချည်ငင် ဘဲဥအစပျောက်
ဘယ်လမ်းဘယ်လိုပျောက် ဆက်လျှောက်ဖို့ရန်
အကြံဉာဏ် ….
လမ်းပျောက်နေဆဲ
လမ်းလျှောက်နေဆဲ……။ ။ 
Posted by Aung Htet at 5:05 PM 0 comments  

No comments:

Post a Comment