Wednesday, March 28, 2012

NLD ရဲ့ ထိပ်တန်းကိစ္စသုံးရပ်နဲ့ ကာကွယ်ဦးစီးချုပ်ရဲ့အဓိကတာဝန် တူမောင်ညို မတ်လ ၂၈၊ ၂၀၁၂

“(၆၇) နှစ်မြောက် တပ်မတော်နေ့” မှာပြောတဲ့ ဗိုလ်မင်းအောင်အောင်လှိုင်ရဲ့မိန့်ခွန်းထဲက အောက်ပါအချက် ၂ ချက်ကို သတိပြုမိပါတယ်။

တပ်မတော်ဖခင် ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်ချုပ်ကြီးနေဝင်း၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ကို တပ်မတော်ကို ခေတ်ကာလနဲ့အညီ တည်ဆောက် ပေးခဲ့လို့ကျေးဇူးတင်ထိုက်သူများအဖြစ် တတန်းတည်းထားပြီး ရည်ညွန်းပြောကြားတဲ့အချက်နဲ့ လွှတ်တော်ထဲမှာ စစ်သားအမတ် ၂၅% ဘာကြောင့်ပါဝင်နေရသလဲဆိုတဲ့အချက်တွေပဲဖြစ်ပါတယ်။

တပ်မတော်ဖခင်လို့ ဗိုလ်ချုပ်အောင်ဆန်းကိုရည်ညွန်းသော်လည်း ယခင်က “အောင်ဆန်းစစ်ကြောင်း” ဆိုတာရှိခဲ့ပြီး (နဝတ-နအဖ) ခေတ် မှာ ဖြုတ်ပယ်ခဲ့ပါတယ်။ အခုလည်းဖြုတ်ပယ်ထားဆဲပါ။ ထားပါတော့။

နောက်တချက်က ဗိုလ်ချုပ်အောင်ဆန်း နိုင်ငံရေးလုပ်တော့ စစ်တပ်ကနေပြတ်ပြတ်သားသားထွက်ပြီး နိုင်ငံရေးကို ခြေစုံပစ်ပြီးလုပ်ခဲ့သူဖြစ် တယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ “ကိုအောင်ဆန်း- သခင်အောင်ဆန်း- ဗိုလ်အောင်ဆန်း- ဦးအောင်ဆန်း” စသဖြင့် ကျောင်းသား၊ နိုင်ငံရေး သမားဘဝကနေ တော်လှန်ရေးတပ်မတော်သား၊ တော်လှန်ရေးတပ်မတော်သားဘဝကနေ နိုင်ငံရေးသမားဘဝကို အဆင့်ဆင့်ပြောင်းလဲ ခဲ့တာပါ။

ဗိုလ်ချုပ်အောင်ဆန်းနဲ့ဗိုလ်နေဝင်းကို တတန်းထဲထားဖေါ်ပြစရာဆိုလို့ “ရဲဘော်သုံးကျိပ်” စာရင်းကိုရေးသားဖေါ်ပြရာမှာပဲဖြစ်တယ်။ ဒါ တောင် ဒို့ဗမာအစည်းအရုံးဆိုတဲ့ ရှုဒေါင့်ကနေကြည့်ရင် “သခင်ကိုယ်တော်မှိုင်း ” အုပ်စုဝင် သခင်အောင်ဆန်းနဲ့ “သခင်ထွန်းအုပ် - သခင်ဗ စိန် ”အုပ်စုဝင် သခင်ရှုမောင်အဖြစ် ကွဲပြားနေသေးတယ်။

ဗိုလ်နေဝင်းဟာ စစ်တပ်ကို တလက်ကိုင်တပ်အဖြစ် အုပ်စီးခဲ့ပြီး စစ်အာဏာရှင်စနစ်ကိုစတင်အခြေချခဲ့သူ အကောင်အထည် ဖော်ခဲ့သူဖြစ် တယ်။ ဒါကြောင့် ဗိုလ်နေဝင်းဟာ လက်ရှိစစ်အုပ်စုနဲ့ စစ်အာဏာရှင်စနစ်ရဲ့ ဂေါ့ဖားသားဖြစ်တယ်။

ဗိုလ်နေဝင်းဟာ “တော်လှန်ရေးကောင်စီ” ဆိုပြီး ၁၂ နှစ်အုပ်စိုးခဲ့ပြီး စစ်အာဏာရှင်စနစ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ (၁၉၇၄) စိတ်ကြိုက်ရေး ဆွဲကာ (မဆလ) တစ်ပါတီအာဏာရှင်စနစ်နဲ့ (၁၄) နှစ် (၁၉၇၄- ၁၉၈၈) ကြာဖိနှိပ်ခဲ့တယ်။

ဗိုလ်သန်းရွှေကတော့ (နဝတ-နအဖ) စစ်ကောင်စီက ၂၁ နှစ် (၁၉၈၈ -၂၀၁၀) ဖိနှိပ်အုပ်စိုးခဲ့ပြီး၊ စစ်အာဏာရှင်စနစ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) စိတ်ကြိုက်ရေးဆွဲပြီး “စည်းကမ်းပြည့်ဝတဲ့ဒီမိုကရေစီ” ဆိုတဲ့ မျက်နှာဖုံးစွပ်ပေးခဲ့တယ်။

စစ်အုပ်စုဖွဲ့ပြီး စစ်တပ်ကို တလက်ကိုင်လုပ်တဲ့အစဉ်အလာဟာ ဗိုလ်နေဝင်းလုပ်နည်းဖြစ်တယ်။ ဒီနည်းကို ဗိုလ်သန်းရွှေက ဆက်ခံခဲ့တာဖြစ် တယ်။

ဒါကြောင့် ဗိုလ်မင်းအောင်လှိုင်တို့ လက်ရှိစစ်အုပ်စုဟာ ဗိုလ်နေဝင်း- ဗိုလ်သန်းရွှေတို့ရဲ့ စစ်အာဏာရှင်နစ်အမွေခံတွေသာ ဖြစ်တယ်။

လက်ရှိစစ်အုပ်စုဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့နိုင်ငံရေးအစဉ်အလာကို ဆက်ခံသူတွေမဟုတ်ဘူး။

ဗိုလ်ချုပ်အောင်ဆန်းက တပ်ကိုအသုံးချပြီး နိုင်ငံရေးမလုပ်ခဲ့ဘူး။ ကိုယ်ကျိုးစီးပွား မစုဆောင်းခဲ့ဘူး။ ဗိုလ်နေဝင်းတို့ ဗိုလ်သန်းရွှေတို့က စစ် တပ်ကို ခါးပိုက်ဆောင်တပ်အဖြစ် တလက်ကိုင်ပြုကာ စစ်အာဏာရှင်နစ်ဖန်တီးပြီး ကိုယ်ကျိုးစီးပွားစု ဆောင်းခဲ့ကြတာဖြစ်တယ်။ ဒါဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဗိုလ်နေဝင်း- ဗိုလ်သန်းရွှေတို့ အရင်းခံခြားနားချက်ဖြစ်ပါတယ်။ ထပ်တူနှိုင်းယှဉ်လို့မရတဲ့ မတူညီတဲ့အစဉ်အလာ ဖြစ်တယ်။

ဒီနေ့စစ်အုပ်စုဟာ စစ်တပ်နဲ့ရှင်းရှင်းပြတ်ပြတ်ခွဲခြားပြီး နိုင်ငံရေးလုပ်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းအစဉ်အလာနဲ့ ပြဒါးတလမ်း သံတလမ်း ဆန့် ကျင်ပြီး ဗိုလ်နေဝင်း- ဗိုလ်သန်းရွှေတို့ရဲ့ စစ်တပ်ကိုခါးပိုက်ဆောင်တပ်အဖြစ်ထားပြီး နိုင်ငံရေးလုပ်ကာ ကိုယ်ကျိုးစီးပွားရှာတဲ့ လုပ်ဟန်ကို အမွေဆက်ခံထားသူတွေဖြစ်ပါတယ်။ “အမျိုးသားနိုင်ငံရေး” ဆိုတာကို ဗန်းပြအရေခြုံထားတယ်။

ဗိုလ်မင်းအောင်လှိုင်က “လွှတ်တော်အသီးသီးမှာ စစ်သားအမတ်တွေပါဝင်နေတယ်ဆိုတာ သမိုင်းကြောင်းအရပါဝင်နေတာဖြစ်ပြီး၊ အမျိုး သားနိုင်ငံရေးတာဝန်တစ်ရပ်ကိုထမ်းဆောင်နေတာဖြစ်တယ်” လို့ သူ့မိန့်ခွန်းထဲမှာထည့်ပြောထားတယ်။ စစ်မှုထမ်းဥပဒေနဲ့ စစ်သားလုပ်နေ သူတွေ မဟုတ်ဘူး၊ ခံယူချက်နဲ့ စစ်ထဲဝင်ခဲ့ကြသူတွေဖြစ်တယ်လို့လည်း ဆိုတယ်။

(လပခ) တိုင်းမှူးဟောင်း (နဝတ) ဗိုလ်ထွန်းကြည်ရဲ့ကိုယ်တိုင်ရေးအထ္ထုပ္ပတ္တိမှာပါတဲ့ (ဝင်းဦးကိုအားကျတဲ့) ခံယူချက်မျိုးလားမသိပါ။

ဒါအပြင် “ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈” ထဲက ပုဒ်မ ၂၀၊ ပုဒ်မခွဲ (စ) ကိုကိုးကားပြီး “စစ်တပ်က ဖွဲ့စည်းပုံအခြေခံဥပဒေကို အဓိကတာဝန် တရပ်အနေနဲ့ ကာကွယ်စောင့်ရှောက်သွားမယ်” လို့ အခိုင်အမာထည့်သွင်းပြောကြားခဲ့ပါတယ်။

ဒီပြောကြားချက်ဟာ ရေဒီယိုနဲ့ရုပ်မြင်သံကြားကနေ မတ်လ ၁၄ ရက်နေ့ကပြောကြားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပြောကြားချက်ကို တုန့်ပြန်တာလို့ ယူဆနိုင်ပါတယ်။

“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အဓိကရည်ရွယ်ချက်တွေအနက် ထိပ်တန်းတင်ထားတဲ့ကိစ္စသုံးရပ်ကတော့ တရားဥပဒေစိုးမိုးရေး၊ ပြည် တွင်းငြိမ်းချမ်းရေးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး တို့ဖြစ်ပါတယ်”

ဒေါ်အောင်ဆန်းစုကြည်က သူ့ဟောပြောချက်ထဲမှာ လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ထဲက ဒီမိုကရေစီစံနှုန်းနဲ့ မကိုက်ညီတာတွေ ထဲက ထင်ရှားတဲ့ဥပမာတခုအဖြစ် “၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ရွေးကောက်ခံမဟုတ်တဲ့ (စစ်တပ်) လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာ ခိုင်နှုန်းပါဝင်နေတာကို ပြည်သူတွေအသိဖြစ်ပါတယ်” ဆိုပြီး ထည့်သွင်းပြောကြားခဲ့ပါတယ်။

“အခြေခံဥပဒေကို အဓိကတာဝန်တရပ်အနေနဲ့ ကာကွယ်စောင့်ရှောက်သွားမယ်”လို့ဆိုရာမှာ အခြေခံဥပဒေနဲ့အညီ အာဏာသိမ်းနိုင်တဲ့ တာဝန်နဲ့ လွှတ်တော်အသီးသီးအတွင်းမှာရှိတဲ့ စစ်သားအမတ်တွေရဲ့တာဝန်လို့ ပေါင်းပြီးပြောတာဖြစ်ပါတယ်။

ဒါပေမယ့် ဒီတာဝန်တွေကို ကာကွယ်ရေးဦးစီးချုပ်ကသာ အမိန့်ပေးညွန်ကြားဆောင်ရွက်မှာဖြစ်ပါတယ်။

လွှတ်တော် အသီးသီးမှာရှိတဲ့ ၂၅% စစ်သားအမတ်တွေကို ကာကွယ်ရေးဦးစီးချုပ်က စိတ်ကြိုက်ခန့်နိုင်/ဖြုတ်နိုင်/ လဲလှယ်နိုင်ပါတယ်။

စစ်သားအမတ်ဆိုတာမှာလည်း အမြင့်ဆုံးအဆင့်က “ဗိုလ်မှူးကြီး” အထိပဲပါတာပါ။ ဒါကလည်း အနည်းစုပါ။ ကျန်တဲ့အများစုက ဗိုလ်မှူးအ ဆင့်နဲ့ ဗိုလ်ကြီးအဆင့် ဂျူနီယာလေးတွေဖြစ်ပါတယ်။ သူတို့ခမျာလည်း “စစ်စည်းကမ်း” ဆိုတာနဲ့ အသေချည်တုတ်ခံထားရသူတွေဖြစ်ပါ တယ်။ ဒါကြောင့် ကာကွယ်ရေးဦးစီးချုပ်ကို ဆန့်ကျင်တဲ့မဲ စစ်သားအမတ်တွေမပေးဝံ့ပါဘူး။

ဒါကြောင့် “ဖွဲ့စည်းပုံအခြေခံဥပဒေကို အဓိကတာဝန်တစ်ရပ်အနေနဲ့ကာကွယ်စောင့်ရှောက်သွားမယ့်” ဗိုလ်မင်းအောင်လှိုင်နဲ့ NLD က ထိပ် တန်းတင်ထားတဲ့ ကိစ္စသုံးရပ် (တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ) ကတော့ ရှောင်လွှဲလို့မရ အောင် ထိပ်တိုက်တွေ့နေပါပြီ။

“၁ ဧပြီ၊ ကြားဖြတ်ရွေးကောက်ပွဲ” မှာ အနိုင်ရရုံနဲ့ “NLDရဲ့ထိပ်တန်းကိစ္စသုံးရပ်” ဖြစ်မြောက်မလာနိုင်ဘူးဆိုတာ NLD ကလည်း နားလည် သလို၊ လက်ရှိ ဦးသိန်းစိန်စစ်တစ်ပိုင်းအစိုးရကလည်း သိပါတယ်။

NLD ရဲ့ ထိပ်တန်းတင်ထားတဲ့ကိစ္စသုံးရပ်ဆိုတာဟာ စစ်တပ်နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြုပြင်ပြောင်းလဲ၊ ပြင်ဆင်နိုင်မှသာ ဖြစ်မြောက်ပါ လိမ့်မယ်။

ဒီလိုပြုပြင်ပြောင်းလဲနိုင်ဖို့အတွက် NLD အနေနဲ့ လွှတ်တော်အဆင့်ဆင့် (ပြည်သူ့လွှတ်တော်+ အမျိုးသားလွှတ်တော်) ထဲမှာ ၇၅%ကျော်မယ့်လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ဆန္ဒမဲတွေလိုပါတယ်။ ပြည်သူ့ဆန္ဒခံယူပွဲမှာလည်းထက်ဝက်ကျော်မဲဆန္ဒရဖို့လိုပါတယ်။

လောလောဆယ်မှာတော့ ရွေးကောက်ပွဲကော်မရှင်နဲ့ အဆင့်ဆင့်သောအာဏာပိုင်တွေရဲ့ ညစ်ပတ်ကောက်ကျစ်မှုတွေကို NLD ရင်ဆိုင် နေရ ပါတယ်။

ညွန်း
ညွန်း
၁။ မတ်လ ၁၄ ရက်နေ့၊ ရေဒီယို/ရုပ်မြင်သံကြားတို့မှ ဒေါ်အောင်ဆန်းစုကြည်၏ဟောပြောတင်ပြချက် (ဒီလှိုင်း စာစောင် အတွဲ ၁ အမှတ် ၁၀၊ စာမျက်နှာ ၆)
၂။ ၂၀၁၂ ခုနှစ်၊ မတ်လ ၂၇ ရက်၊ ကာကွယ်ရေးဦးစီးချုပ်မိန့်ခွန်း (မြန်မာ့အလင်းသတင်းစာ ၂၈ မတ်)

Posted by Aung Htet at 8:14 AM 0 comments

မြန်မာသက္ကရာဇ် ၁၃၇၄ ခုနှစ်အတွက်..မိးမခ မဟာသင်္ကြန်စာု

မြန်မာသက္ကရာဇ် ၁၃၇၄ ခုနှစ်အတွက်..မိးမခ မဟာသင်္ကြန်စာ


                                                                                                                                     မိးမခ
(ရှေးမြန်မာမိုးမခမင်းများ အဆက်ဆက်လက်ထက်ကတည်းက မိးမခပညာရှိများ


ညှိနှိုင်းတွက်ချက်တော်မူသောမူအရ ဆရာမကြီးဂျော်ဒီး စီစဉ်တွက်ချက်ထားသည့် မိးမခ မဟာသင်္ကြန်စာ)


မတ်လ ၂၈၊ ၂၀၁၂

၁၃၇၃ ခု၊ အတိတ်သာသနာတော်နှစ် (၂၅၅၅)

၁၃၇၄ ခု၊ သာသနာတော်နှစ် (၂၅၅၆)

● မဟာသင်္ကြန်ကျချိန် ။ ။ ကြိုတင်မဲပိုး ..မဲခိုး၊ မဲမသမာ အဖြာဖြာနည်းလမ်းကြိုးပမ်းသော်လည်း မရှုမလှ

အရှက်ရကာ၊ နိုင်ငံတကာ၊..မီဒီ ယာနဲ့  ပြည်သူအများမှ အကြားမလပ်စောင့်ကြပ်ဖော်ထုပ်ကြရသော

ဘိုင်အီလက်ရှင်အပြီး တဆယ့်နှစ်ရက်ကြီးအကြာ မြန်မာစံတော်ချိန် ညစက် (၉) နာရီ၊(၅၃) မိနစ်၊ (၂၆)

စက္ကန့်။

● ဇေယျတု သဗမင်္ဂလံ ။ ။ အချင်းယူဇနာ အ၀န်းယူဇနာဘဇာမသိ၊ အိမ်နးချင်းဆိုးများဧ။်


တအိအိဖိခြင်းကိုခံနေရရှာသော ဧရာဝတီ၊ ချင်း တွင်း၊ သံလွင် အသက်ငင်အောင် ရေအားလျှပ်စစ်ကို

နို့စားနွားမကြီးမှနို့ညှစ်သလို မညှာမတာ ညှစ်ရောင်းခံနေရရှာသော၊ ထွက်သမျှ သံယံဇာတ

အငုတ်မစမကျန် နိုင်ငံတကာထုတ်ရောင်းနေပါသော်ငြား၊ ပြည်သူအပေါင်း ထောင်းလမောင်းကြေညက်

ကြွေးပင်လယ်ထက် လက်ပစ်ကူးနေရရှာသော ဘဒ္ဒကမ္ဘာမှ ရွှေပြည်မြန်မာသို့

မဟာသင်္ကြန်ကျချိန်တန်သော် တနင်္ဂနွေဂြိုလ်မင်းသည် ပခုံးထက်တွင် ဒေါင်းအိုး ဝေကိုတင်ပြီး

ညာလက်တွင် ရေချမ်းအိုးကိုပိုက်၊ ဘယ်လက်တွင် အောင်သပြေညိုခက်ကို ကိုင်ဆောင်ကာ အများပြည်သူ

သဘောမတူသော မတရားတဲ့အမိန့်အာဏာဟူသမျှ တာဝန်အရဖီဆန်ကြဟု ကြွေးကြော်လျှက်

ရှပ်ပြေးရေယာဉ်ကိုစးပြီး မြိတ်ကျွန်းစုအနီးမှဝင်ကာ မဟာ သင်္ကြန်ကျ၏။


ထိုသို့ မဟာသင်္ကြန်ကျချိန်တန်သော် ဖွပ်သထက်ညစ်သော ပြည်သူ့ချဉ်ဖတ်အိုး နတ်ဆိုးသည် ဘယ်လိုပင်

ကြိုတင်မဲခိုး အချိန်ခိုးရန်ကြိုးစား သော်လည်း ဂျူတီချိန်စေ့ သက်တမ်းပြည့်သဖြင့် အာဏာတည်းဟူသော

ဗြမ္မာကြီးဦးခေါင်းကို ပြည်သူ့အားအင် နတ်သမီးအား မလွှဲချင့် လွှဲချင် ကမ်းပေး၏။

ပြည်သူ့အားအင်နတ်သမီးက ဒေါင်းအိုးဝေတွန်သံများနှင့်အတူ ပိုင်ပိုင်နိုင်နိုင် လက်လွှဲယူလိုက်၏။

ထိုကဲ့သို့ အတာဆန်းထူး နှစ်သစ်ကးစ တန်ခူးလတွင် နှစ်အမည်ကား ၂၀၁၂ နှစ်၊ ဧပြီ (၁)၊ ဧပရယ်ဖူးလ်


အရူးလုပ်ကြသည်ကာလတွင် ဘိုင်အီလက်ရှင်အား ကြိုတင်မဲစောင့်၏။ ကြိုတင်မဲကို မဲသူခိုးပါတီစောင့်၏။

မဲသူခိုးများကို သေလွန်ပြီးသော နာနာဘာဝများက အသေရေ ဖျက်မှု၊ ၀တ္တရားနှောင့်ယှက်မှု၊

အလွဲသုံးစားလုပ်မှုတို့နှင့် တရားစွဲရန် သင်္ချိုင်းကုန်းမှ စောင့်၏။ ထိုမဲသူခိုးများအား

အရွယ်မရောက်သေးသော ကလေးသူငယ်များကလည်း ကလေးသူငယ် အခွင့်အရေးချိုးဖောက်မှုနှင့်

အရေးယူရန် မူကြိုကျောင်းများမှ စောင့်၏။ မဲသူခိုးဓါးပြများ ထကြွ သောင်းကျန်းသော တချို့မြို့ရွာများတွင်

မဲစာရင်းများ ရွာလုးကျွတ် ပျောက်၏။ လေးထပ်တိုက်များ အလိုလို ရှစ်ထပ်တးကြ၏။

မှတ်ပုံတင်တခုထဲတွင် ကိုယ်တသောင်း ခွဲ၏။ ထိုမဲသူခိုးများကို မီဒီယာစောင့်၏။ မီဒီယာကို

အင်တာနက်လိုင်းစာင့်၏။ အင်တာနက်လိုင်း ကို ကိုးနတ်ရှင်စောင့်၏။ ကိုးနတ်ရှင်ကို လိပ်ဖိုးဖိုးစောင့်၏။
်မဲသူခိုးများကား ပြောင်းဖူးပြုတ်ကိုစားပြီး နတ်ကနားစည်းအသွင် ၀တ်ဆင်လျက် လောက်လေးခွကိုကိုင်ကာ

မဲဆန္ဒရှင်များကိုစောင့်၏။ မဲဆန္ဒရှင်များကား အသဲကြားမှ မဲတပြားကို ၀ဲစားတို့ မခုးယူနိုင်ရန်သတိကြီးစွာထား စောင့်ကြပ်ကြ၏။

မဲသူခိုးတို့၏ အဓိပတိကား ကော်မရှင့်တရှင်။ ကော်မရှင်တရှင်၏ အဓိပတိကား မဲစာရင်းအမှား။ မဲစာရင်း

အမှားတို့၏ အဓိပတိကား ၂၀၁၀၊ (ရာဇ၀င်ထဲမှာ ၂၀၁၀ ကိုထားရစ်ခဲ့လို့ ကော်မရှင့်တရှင်က

ငလောက်ပြုံးလေးနဲ့ ၀န်ခံသော်လည်း ထားခဲ့လို့မရတဲ့ လွှတ်တော်ကြီးအတွင်းတွင် ကား ငိုက်မြည်းသူတို့

အိပ်ရေးဝလျက်၊ မဲစာရင်းအမှားများကား နိုးကြားတက်ကြွစွာ ၂၀၁၂ အထိ လိုက်ပါချီတက်လျက် )

နားလေးသူကြီးရဲ့ အဓိပတိကား မဟေသီ။ မဟေသီ၏ အဓိပတိကား ဘိုးတော်။ ဘိုးတော်၏ အဓိပတိကား

ယတြာ။ ယတြာ၏ အဓိပတိကား အဆင်အခြင်မရှိ သော မင်းခစား ကပ်ပါးများ။ ကပ်ပါးများ၏

အဓိပတိကား အထက်ဖားအောက်ဖိခြင်း။ အထက်ဖားအောက်ဖိခြင်း၏ နောက်အဓိပတိကား ၀န်ထမ်း။

ဝန်ထမ်းတို့၏ အဓိပတိကား လစာမလောက်ငခြင်း။ လစာမလောက်ငခြင်း၏ အဓိပတိကား

အကျင့်ပျက်ခြစားမှု။ အကျင့်ပျက်ချ စားမှု၏ အဓိပတိကား အိမ်ခေါင်မိုးမလုံခြင်း။ ပြည်သူတို့၏

အဓိပတိကား ကုန်ဈေးနှုန်း။ ကုန်ဈေးနှုန်း၏ အဓိပတိကား အခွန်အတုပ်အမျိုးမျိုး။ အခွန်အတုပ်အမျိုးမျိုး၏

အဓိပတိကား ပြည်သူများမသုံးရပဲ တင်သည့် နိုင်ငံခြားကြွေးမြီ။ ပြည်သူ့ကိုယ်စားလှယ်များ၏ အဓိပတိကား

ပြည်သူ့လွှတ်တော်။ ပြည်သူ့လွှတ်တော်၏ အဓိပတိကား ပြည်သူများအတွက် လိုအပ်ချက်များကို

ပြင်ဆင်ပြဌာန်းပေးရသော ဥပဒေ။ ထိုပြင်ဆင်ပြဌာန်းပေးရသော ဥပဒေများ၏ အဓိပတိကား မလိုတမျိုး

လိုတမျိုး ဥပေဒကို လက်သးလုံးခြားထားသော နည်းဥပဒေ။

● တောင်သူလယ်သမားများ သိမှတ်ရန်။ ။ မိုးဦး မိုးလည် မိးနှောင်း ကောင်းမကောင်း၊ မုန်တိုင်းဘေးဒဏ်

်ရှိမရှိ။ ဦးထွန်းလွင်ဝက်ခြံမှ အသံ ကိုနားစွင့်ရန်။ မိုးရေးအခြေအနေမကောင်းပါက စစ်အာဏာရှင်စနစ်ဆိုးက

အကျင့်ဆိုးဖြစ်သော ဆည်စောင့်တံခါးမှူးကို ပူဇော်ရန်မလို။ ကိုယ့်အရေးကို ကိုယ်ဆိုကြရန်။ မိမိတို့

မိရးဖလာ ဘုးစဉ်ဘောင်ဆက် စိုက်ပျိုးထွန်ယက်လာသော လယ်မြေတလက်မမျှ ခရိုနီ ခရိုနီကို

ခေတ်ပျက်သဌေးများလက်သို့ မကျရောက်စေရန် အချင်းချင်း ညီညွှတ်စာ အသင်းအပင်းများဖွဲ့

ကာကွယ်ရန်။ အီ .. မဟာသင်္ကြန် အတာ စား ကြွပ်ကြွပ်ဝါးပြီးချိန်မှ စပြီး တတိုင်းပြည်လုံး

လူ့အခွင့်အရေးမဆုံးရှုးစေအံ့။ ကျောင်းသားသမဂ္ဂ၊ အလုပ်သမားသမဂ္ဂများ စုစည်းသင်းဖွဲ့ ပြီး


အညီအညွှတ်ရှိအံ့။ အာဏာလက်မဲ့ အာဏာရှင်အစုပ်အပဲ့များပါမကျန် အာဏာရှင်ဟောင်းများ သမဂ္ဂ၊

ဂျိုကုပ်များသမဂ္ဂ ဖွဲ့စည်းခွင့်ရသည် အထိ သူတို့လက်ထက်က တွန့်တိုခဲ့သော လူ့အခွင့်အရေး အပြည့်အဝ

ရရှိစေအံ့။ ထိုမျှသာမက အာဏာရှင်ဟောင်း သမဂ္ဂမှ အာဏာရှင် ဟောင်းများ ရသင့်ရထိုက်သော

အပြစ်ဒဏ် အ၀၀ကို တရားမျှတစွာ အပြည့်အ၀ရရှိစေရန် တောင်းဆိုတိုက်ပွဲဝင်ပြီး အပြည့်အ၀ ရရှိခံစားရ

ဝန်ထမ်းများနှင့် အစုးရမင်းများသည် ပြည်သူ့ကျွေးတာစားပြီး ပြည်သူ့ဝန်ကိုသာ ထမ်းဆောင်ကြတော့အံ့။
ိပြည်သူသာ အမိအဘမှန် အမြင် မှန်ရအံ့။ တိုင်းပြည်အတွင်းတွင် သဘာဝ သံယံဇာတများ ရှေးကထက်

ပိုမိုပေါကြွယ်အံ့။ တိုငးသူပြည်သားများအားလုံး လှဲနေလှေအောင်း မြင်းဇောင်းမကျန် စားဝတ်နေရေး
်ချောင်လည်ဖူလုံအံ့။ ဆန်ရေစပါး ပေါများအံ့။ မြစ်ချောင်းများ ဘေးအန္တရာယ် အသွယ်သွယ်မှ ကင်းဝေးအံ့။

သူတပါးတိုင်းပြည်မှ သံယံဇာတများကို မလိုလောဘတက်သူများ ကပ်ဆိုးကျရောက်အံ့။ ထို

မသမာသူများဘေးမှ ကင်းလွတ်ကုန်သဖြင့် တတိုင်းပြည်လုံး လျှပ်စစ်မီးကို ဖရီးသုံးရအံ့။

မီတာထိနးသိမ်းစောင့်ရှောက်ခဆိုသည့် မတရားကောက်ခံငွေများ ပေးရန်မလိုတော့အံ့။
်လျှပ်စစ်မီးများလည်း (၁၅) မိနစ်တခါ ပြတ်တောက် ပြတ်တောက်မဖြစ်ရှာပဲ (၂၄) နာရီလုံးလုံး
ံမျက်လုံးကျိမ်းသည်အထိ ထိထိန်ငြီးအံ့။ အင် တာနက်လိုင်းများ ဖလမ်း ဖလမ်းထအောင် မြန်ဆန်အံ့။
သတင်းမီဒီယာလုပ်ငန်းများ ကြီးပွားတိုးတက်အံ့။ ပလီပလာ မီဒီယာဥပဒေကြီး သားလျောအံ့။

မီဒီယာသမားများ တရားစွဲခံရမှု နည်းပါးအံ့။ သတင်းမီဒီယာဆု၊ ဘာဆု ညာဆု သူ့နယ်ပယ်နှင့်သူ

ပေးသည့်ဆုများကို ပုပုကွကွက မလိုတိုရှည် ဆင်ဆာဖြတ်ခြင်းများ ကင်းဝေးအံ့။ ပွင့်လင်းသော

လူ့အဖွဲ့အစည်းများအား ကောင်းလာအံ့။ ကောင်းကျိုးအထွေထွေ နှင့် ဒေါင်းအိုးဝေသံများ တွန်ကျူး

ကြွေးသီနိုင်အံ့။

အီ ..တနှစ်တာအတွင်း ပြည်သူအများ ရှောင်ရန်ကား အကြောက်တရားနှင့် တရားမမျှတမှု၊ ပြည်သူများ

ဆောင်ရန်ကား သတ္တိနှင့် အမှန်တရားကို ချစ်မြတ်နိုးကာကွယ်စောင့်ရှောက်မှု၊

အီကား ... ၁၃၇၄ ခုနှစ်အတွက် မုးမခ သင်္ကြန်စာအလိုတည်း ....။

Tuesday, March 27, 2012

ဗုဒ္ဓဝါဒီနှင့် ဒီမိုကရေစီနိုင်ငံတော် ဘိက္ခုဓမ္မပိယ (ယူအက်စ်အေ) မတ်လ ၂၆၊ ၂၀၁၂


လွန်ခဲ့တဲ့နှစ်လခန့်က “ဒီမိုကရေစီနဲ့ ဗုဒ္ဓဝါဒီ’’ အမည်နဲ့ ဆောင်ပါးတစ်ပုဒ်ရေးဖြစ်ခဲ့တယ်။ ဒီမိုကရေစီကိုမျှော်လင့်နေကြတဲ့ မြန်မာပြည်သူ၊ ပြည်သားတွေကို ဒီမိုကရေစီဆိုတာ ဘာလဲ၊ ဒီမိုကရေစီအရေးဟာ ဘယ်သူ့အရေးလဲ၊ ဒီမိုကရေစီကျင့်ထုံးက ပြည်သူတို့ဘဝအတွက် ဘယ် လောက်ထိအရေးပါသလဲဆိုတာ ပြည်သူ၊ ပြည်သားတွေကိုသိစေချင်လို့ ဒီမိုကရေစီရှုဒေါင့်နဲ့ ဗုဒ္ဓဝါဒီရှုဒေါင့် အမြင်နှစ်မျိုးနဲ့ရေးလိုက်တာပါ။
အဲဒီဆောင်းပါးကို အီးမေးလ်မှတဆင့်ဖြန့်ဝေပြီးတဲ့နောက် တုန့်ပြန်စာတွေ၊ တုန့်ပြန်စကားတွေ အများအပြားလက်ခံရရှိခဲ့တယ်။ တချို့ကလဲ မြန်မာပြည်သူ၊ ပြည်သားအများစု “ဒီမိုကရေစီဆိုတာဘာလဲ’’ ဆိုတာသိခွင့်ရအောင် အဲဒီဆောင်းပါးကို မြန်မာပြည်အတွင်းမှာ ကျယ်ကျယ်ပြန့် ပြန့်ဖြန့်ဝေပေးဖို့ တောင်းဆိုအကြံပြုစာတွေ အီးမေးလ်နဲ့ ပေးပို့လာကြတယ်။ တချို့ကလဲ အဲဒီဆောင်းပါးကိုဖတ်ရတော့ ဗုဒ္ဓစာပေထဲမှာ ဒီမိုကရေစီကျင့်ထုံးတွေ အများကြီးပါဝင်နေတာတွေ့ရလို့ ဝမ်းသာမိကြောင်း၊ ဖြစ်နိုင်ရင် ဗုဒ္ဓစာပေမှာပါတဲ့ ဒီမိုကရေစီကျင့်ထုံးတွေကို ပိုမို၍ ကျယ်ကျယ်ပြန့်ပြန့်ရေးသားပေးစေလိုကြောင်း တောင်းဆိုလာကြပြန်တယ်။ တုန့်ပြန်စာများနဲ့ တုန့်ပြန်စကားများကို အလေးထားလျှက် ဒီဆောင်းပါးကို ထပ်မံရေးသားခြင်းပါ။ ဒီဆောင်းပါးမျိုးဆိုတာ နိုင်ငံရေးဘာသာရပ်ကိုကျွမ်းကျင်သူများရေးသင့်တဲ့ ဆောင်းပါးမျိုးဖြစ်လို့ ပြောလိုရင်းအဓိပ္ပါယ်များ မသဲမကွဲဖြစ်နေခဲ့ရင် ဒီမိုကရေစီရဲ့အနှစ်သာရများနဲ့ ကျင့်ထုံးများကို မြန်မာပြည်သူ၊ ပြည်သားများ ပိုမိုသိရှိခွင့်ရအာင် ဖြည့်စွက်ဆောင်းပါးများကိုရေးပေးကြပါလို့ တိုက်တွန်းရခြင်းပါ။

ဒီဆောင်းပါးကို ၂ဝ၁၂-ခု၊ မတ်လ (၂၁) နေ့ညက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ထဲမှာရှိတဲ့ Royal Princess ဟိုတယ်၊ အခန်း (၆ဝ၇) မှာ တည်း ခိုရတဲ့ညက ရေးခဲ့တာပါ။ ဘန်ကောက်မြို့ကိုရောက်လာရခြင်းရဲ့ အဓိကအကြောင်းရင်းကတော့ ဘန်ကောက်မြို့မှာရှိတဲ့The United Nations Conference Center မှာ (၃) ရက်တိုင်တိုင် “Citizenship and the Future of Thai Democracy” ခေါင်းစဉ်နဲ့ KPI (King Prajadhipok’s Institute) က ကြီးမှူးကျင်းပပြုလုပ်တဲ့ကွန်ဂရက်ကို တက်ရောက်ရန် ရောက်နေခြင်းပါ။ ဘန်ကောက်မြို့ကို ရောက်တဲ့ညမှာပဲ (၉) နာရီခွဲလောက်အချိန်မှာ ဟိုတယ်လ်ပြင်းတင်းပေါက်ကနေ အပြင်ဘက်ကို အမှတ်မထင်လှမ်းမျှော်ကြည့်ဖြစ်တယ်။ ဘန်ကောက်မြို့ရဲ့ ညရှုခင်းက စာရေးသူရဲ့စိတ်အာရုံကို ဖမ်းစားနိုင်ခဲ့တယ်။ ခဏလောက်အာရုံမှာလွင့်မျှောသွားတဲ့ အတွေးများရဲ့နောက်မှာ စိတ်ကူးတစ်ခု ရုတ်ချည်းဝင်ရောက်ဖြစ်ပေါ်လာလို့ ဒီဆောင်းပါးကိုရေးဖြစ်တာပါ။ ဘန်ကောက်မြို့ရဲ့ညအလှဟာ မြင်ရသူတိုင်းရဲ့စိတ်အာရုံကို ညှိုယူဖမ်းစား နိုင်တဲ့ ဆွဲဆောင်မှုရှိတဲ့ရှုခင်းမျိုးပါ။ ညရှုခင်းရဲ့အလှဟာ ပုံခိုင်းပြောရရင် နတ်ဘုံ၊ နတ်နန်းကြီးတွေလို အံမခန်းရှိလှတယ်။ မြို့ကြီးတမြို့လုံး လည်း မီးရောင်တွေထိန်ထိန်လင်းလို့။ ထိန်ထိန်လင်းနေတဲ့ မီးရောင်တွေ ထဲမှာ အဖြူတွေရော၊ အဝါတွေရော၊ အပြာတွေရော၊ အစိမ်းတွေရော စုံလို့ပါ။ ဒါပေမဲ့ အဖြူရောင်က အာလုံးကို လွှမ်းခြုံထားသလိုပဲ။

လှပတဲ့ရောင်စုံမီးတွေရယ်၊ မနီးမဝေးမှာလှမ်းမြင်နေရတဲ့ Prince Palace နဲ့ Prince Suit တို့လို မြင့်မားလှတဲ့ ဟော်တယ်လ်အဆာက် အဦးကြီးတွေကလဲ တဂုဏ်တခဲ။ ရွှေတောင်ကြီးတစ်ခုလို ကောင်းကင်ကို ဖောက်ထွင်းတော့မည့်အလား တောင်ကုန်းအမြင့်တခုပေါ်မှာ ထီးထီးမားမားကြီးတည်ရှိနေတဲ့ Golden Mount အမည်တော်ရတဲ့ဘုရားကို အဝေးကနေလှမ်း၍ဖူးမျှော်ရတော့ “ရွှေပြောင်ပြောင် တောင် ပေါ်ကဘုရား မယ်နဲ့မောင် သစ္စာထား ...’’ ဆိုတဲ့ မြန်မာသီချင်းလေးကို သတိရမိတယ်။ ဘန်ကောက်မြို့ရဲ့ ကျက်သရေဆောင် အဲဒီရွှေ တောင်ဦးဘုရားဟာ မြဘုရားလို့ပဲ လာရောက်ဖူးမျှော်သူများ များပြားလှတယ်လို့လဲ သိခဲ့ရတယ်။ ဒါတွေအားလုံးအတွက် ဗုဒ္ဓဘာသာဝင် တွေဖြစ်တဲ့ ထိုင်းနိုင်ငံပြည်သူ၊ ပြည်သားတွေဟာ ဂုဏ်ယူလို့မဆုံး၊ ဝမ်းသာလို့မဆုံးနိုင်အောင် ရှိနေမယ်ဆိုရင်လဲရှိလောက်စရာပါ။ ဘန် ကောက်မြို့ကို ခဏတာလေးရောက်လာတဲ့ စားရေးသူပင် ရင်သပ်ရှုမောစွာငေးမောရင်း သာယာလှပတဲ့ဘန်ကောက်မြို့တော်ကြီးရဲ့ ညရှု ခင်းအလှများကို မြန်မာပြည်သူ၊ ပြည်သားတွေကို မြင်စေချင်စမ်းလိုက်တာ။

ဒီနေ့မျက်မှောက်ခေတ်ကမ္ဘာမှာ ဒီမိုကရေစီနိုင်ငံတော်များဟာ တည်ငြိမ်အေးချမ်းလှတာကြောင့် ဒီမိုကရေစီစံနစ်ကို မကျင့်သုံးနိုင်ကြသေးတဲ့နိုင်ငံများမှာနေတဲ့ ပြည်သူ၊ ပြည်သားတွေဟာ ဒီမိုကရေစီကို သိပ်လိုလားနေကြတာ။ ဒီမိုကရေစီကိုတောင်းဆိုနေကြတဲ့နိုင်ငံတွေမှာ မြန် မာနိုင်ငံလဲပါဝင်နေတယ်ဆိုတာ အများသိပြီးသားပါ။ နိဗ္ဗာန်ထက်အေးချမ်းတဲ့နေရာ ဘယ်မှာရှိမှာလဲလို့ တစုံတယောက်က ပြောကောင်း ပြောလာပေလိမ့်မယ်။ ပုထုဇဉ်နဲ့နိဗ္ဗာန် အလှမ်းကဝေးကွာလွန်းနေတာကြောင့် ပုထုဇဉ်တွေအတွက် နိဗ္ဗာန်စကားကို ခဏထားပြီး၊ ငြိမ်းချမ်း ရေးရဲ့ အခြေခံအုဋ္ဌ်မြစ်လည်းဖြစ်၊ ဖေါင်းဒေးရှင်းလည်းဖြစ်တဲ့ ဒီမိုကရေစီစကားကို အစဦးထားပြီး ပြောနေခြင်းပါ။ ဗုဒ္ဓရဲ့တရားတော်တွေထဲမှာ ငြိမ်းချမ်းစွာနေနိုင်ရေးကို အလေးထားပြီး ဟောကြားတော်မူခဲ့တဲ့ တရားတော်တွေက အများကြီးပါ။ ဥပမာ - အခြေခံကိုယ်ကျင့်သိက္ခာဖြစ်တဲ့ ငါးပါးသီလ၊ ရှစ်ပါးသီလစတဲ့ လူမှုကျင့်ဝတ်များ၊ ဗြဟ္မစိုရ်ကျင့်စဉ်များ၊ မင်းတို့ (အုပ်ချုပ်သူတို့) ကျင့်ထိုက်တဲ့ မင်းကျင့်တရား (၁ဝ) ပါး၊ စသည်တို့ဟာ ငြိမ်းချမ်းရေးရဲ့ အခြေခံအုဋ္ဌ်မြစ်အနေနဲ့ ဘုရားဟောခဲ့တာပါ။ ထိုမှတစ်ဆင့် သန္တိလက္ခဏာ (မပျက်စီးနိုင်တဲ့ လောကုတ္တရာ ငြိမ်းချမ်းရေး)အသွင်ကိုဆောင်တဲ့ နိဗ္ဗာန်ကိုအရောက်လှမ်းဖို့ မြတ်ဗုဒ္ဓကတိုက်တွန်းတော်မူတာပါ။ ဒါပေမဲ့ ရဟန်းရှင်လူအများစုဟာ ဗုဒ္ဓရဲ့ ငြိမ်းချမ်းရေးလမ်းစဉ်ကို မြတ်နိုးစွာနဲ့ လိုက်နာကျင့်သုံးမှုအပိုင်းမှာ အားပျော့နေသေးတော့ ငြိမ်းချမ်းစွာနေနိုင်ရေးဆိုတာ ဘာပါလိမ့်ဆိုတဲ့ အတွေးစိတ်တွေဝင်နေကြတာ။ တွေးစိတ်ရဲ့နောက်ကွယ်မှာ သံသယစိတ်တွေကများနေလေတော့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာ စိတ်သာရှိပြီး ကိုယ်တိုင်ပူးပေါင်းပါဝင်မှုအပိုင်းမှာ အားပျော့နေကြတာပါ။ ဘာပဲဖြစ်ဖြစ် အကျင့်မပါပဲ မျှော်လင့်ရုံသက်သက်နဲ့တော့ ဘာမှဖြစ် လာနိုင်မှာမဟုတ်ပါ။ ဒီမိုကရေစီစည်းမျဉ်း၊ စည်းကမ်းများကို ကိုယ်တိုင်မလိုက်နာနိုင်ပဲနဲ့ ဒီမိုကရေစီိကိုတောင်းနေလဲ နားငြီးရုံကလွဲလို့ ဘာမှဖြစ်လာနိုင်မှာမဟုတ်ပါ။ အမြင့်ကိုတက်လှမ်းနိုင်ဖို့ အခြေခံမတည်ဆောက်ပဲနဲ့ ဇွတ်တက်ရင် မောရုံပဲရှိတော့မှာပေါ့။ စဉ်းစားနိုင်ကြဖို့ပါ။

ဒီနေ့မျက်မှောက်ကာလ မြန်မာပြည်သူ၊ ပြည်သားတွေအကြားမှာ အပြောများလှတဲ့ “စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီနိုင်ငံတော်’’ ဆိုတာ ဘာကိုပြောပါလိမ့်။ မေးကြည့်ရင် မဖြေနိုင်သူက များမှာပါ။ တကယ်တော့ စည်းကမ်းပြည့်ဝတဲ့ဒီမိုကရေစီနိုင်ငံတော်ကြီးဆီသို့ ရောက်နိုင် ဖို့ဆိုတာ မြန်မာပြည်သူ၊ ပြည်သားတွေအတွက် အဝေးကြီးမှာရှိနေသေးတာပါ။ ဒါကိုလဲ သိထားမှဖြစ်မှာပါ။ ဘာကြောင့်လဲဆိုရင် ကိုယ်တိုင် က ဒီမိုကရေစီကို တကယ်ရလိုတဲ့စိတ်ထား (Democracy Attitude) နဲ့ ဒီမိုကရေစီရဲ့ဘက်တော်သားမဖြစ်ကြနိုင်သေးရင်၊ ဒီမိုကရေစီ အစိုးရဆိုတာ ပြည်သူကရွေးချယ်တင်မြောက်ထားတဲ့အစိုးရဖြစ်တယ်ဆိုတာ ကိုယ်တိုင်ကသိမထားသေးဘူးဆိုရင်၊ ဒီမိုကရေစီအစိုးရမျိုးဆို တာ အပြစ်မဲတဲ့ပြည်သူတွေကို အကြောင်းမဲ့နှိပ်စက်တဲ့အစိုးရမျိုးမဟုတ်ဘူးဆိုတာ ကိုယ်တိုင်ကနားလည်မထားသေးဘူးဆိုရင်၊ ပြည်သူ တွေရဲ့ရပိုင်ခွင့်ကို ပြည်သူအများစုက သိမထားကြသေးဘူးဆိုရင်၊ ပြည်သူတွေရဲ့ပညာရေးအဆင့်အတန်းတွေ (နိုင်ငံသားတိုင်းရဲ့ပညာအဆင့် အတန်းဟာ အနည်းဆုံး အထက်တန်းပညာထိ အခမဲ့သင်ယူခွင့်၊ မသင်မနေရ ပညာရေးအဆင့်မျိုးထိ ပြုလုပ်မပေးနိုင်သေးသမျှ) နိမ့်ကျနေ ဦးမယ်ဆိုရင်၊ မြန်မာပြည်သူတို့မျှော်လင့်နေတဲ့ စည်းကမ်းပြည့်ဝသောဒီမိုကရေစီနိုင်ငံမျိုးဆိုတာ ဟိုအဝေးကြီးမှာပဲ ရှိနေဦးမှာပါ။ ဉာဏ်နဲ့ ယှဉ်ပြီး စဉ်းစားနိုင်ဖို့ပါ။

မြန်မာပြည်သူ၊ ပြည်သားတွေဟာ များသောအားဖြင့် ဒီမိုကရေစီကို လွယ်လွယ်နဲ့ရချင်နေကြတာ။ ဒီမိုကရေစီစနစ်ဆိုတာ ပြည်သူတွေရဲ့ရပိုင် ခွင့်တွေကို အခမဲ့ပေးတဲ့စနစ်မဟုတ်ပါ။ ဒီမိုကရေစီစနစ်ကို ပြည်သူတွေကိုယ်တိုင်တည်ဆောက်ပြီး ပြည်သူတွေရဲ့ရပိုင်ခွင့်တွေကို ပြည်သူ တွေကိုယ်တိုင် ယူရတဲ့စံနစ်မျိုးပါ။ အဖြောင့်ပြောတော့ ပြည်သူတွေ စည်းကမ်းရှိကြဖို့ပါ။ ဒီမိုကရေစီစံနစ်နဲ့အညီ ရေးဆွဲထားတဲ့ စည်းမျဉ်း၊ စည်းကမ်းတွေကို လိုက်နာကြဖို့ပါ။ ဥပမာ – ကားလမ်းကို ဖြစ်ကူးရာ၌ သတ်မှတ်ထားတဲ့နေရာမှ ဖြတ်ကူးဖို့။ အမှိုက်သရိုက်များကို သတ်မှတ် ထားတဲ့စွန့်ပစ်နေရာများသို့ ကိုယ်တိုင်သွားရောက်၍ စွန့်ပစ်ဖို့၊ (ပြည်သူများ ထိုသို့စွန့်ပစ်နိုင်ရန် မြူနီစပယ်မှ အမှိုက်ပုံးများထားပေးဖို့၊ အမှိုက်ပစ်ကန်များကို ပြုလုပ်ထားပေးဖို့ပါ)၊ လူသူလေးပါး သွားလာနေတဲ့ လမ်းမများပေါ်၌ ကလေးများအား ဆော့ခြင်း၊ ကစားခြင်းမျိုးကို ဥပဒေနဲ့တားမြစ်ပေးဖို့၊ (ကလေးကစားကွင်းများကို သက်ဆိုင်ရာမှ တည်ဆောက်ပေးဖို့ပါ) လမ်းမများပေါ်၌ အရက်သောက်ခြင်း၊ အရက် မူးလျှက် ဆဲရေးတိုင်းထွာနေခြင်းမျိုးကိုမပြုလုပ်ဖို့ (သို့မဟုတ်) မပြုလုပ်ရန် ဥပဒေဖြင့်တားမြစ်ပေးဖို့၊ ပြည်သူများ စိတ်အနှောက်အယှက်ဖြစ် စေနိုင်တဲ့ အသံချဲ့စက်များကို ကျယ်လောင်စွာဖွင့်ခြင်း၊ လောက်ဒ်စပီကာများတပ်ဆင်၍ လူမှုရေးအခမ်းအနားများ၊ ဘာသာရေးအခမ်းအနား များ (အများနားမချမ်းသာအောင်) မပြုလုပ်ကြဖို့၊ ကွမ်းတံတွေးများကို လမ်းမများပေါ်၌ လည်းကောင်း၊ ကားလမ်းမများပေါ်မှာလည်းကောင်း၊ လှေခါးတက်-စသည်နေရာမျိုး၌လည်းကောင်း ဗရမ်းဗတာမထွေးဖို့ (တွေ့ရှိပါက ဒဏ်ငွေပေးဆောင်ရသောစံနစ်ကိုကျင့်သုံးပေးဖို့ပါ)၊ ဆေး လိပ်တို၊ ကွမ်းထုပ်သည့်ပလပ်စတစ်များ၊ ဇီးထုပ်၊ အချဉ်ထုပ်၊ နေကြာစေ့၊ ကွာစိစေ့-စသည်ကိုထုပ်သည့် ပလပ်စတစ်များကို စည်းမဲ့ကမ်းမဲ့ မပစ်ဖို့၊ ထိုသို့ပြုလုပ်သူများကို ဥပဒေအရ အရေးယူပေးဖို့၊ လာဘ်ပေး၊ လာဘ်ယူပြုသော တိုင်းပြည်ဝန်ထမ်းများ၊ အကျင့်ပျက်၊ ချစားနေတဲ့ပြည့်သူ့ဝန်ထမ်းများကိုလဲ မညှာမတာအရေးယူပေးဖို့နဲ့ လိုအပ်လာလျှင် ထိုသို့သောဝန်ထမ်းများကို ဒဏ်ငွေများပေးဆောင်စေဖို့ စသည့် အရေးများကို အစိုးရနဲ့ပြည်သူ အတူပူပေါင်း၍ နိုင်ငံအတွက်၊ လူမျိုးအတွက် မပြုလုပ်နိုင်သေးဘူးဆိုရင် “ရွှေပြည်တော် မျှော်လေတိုင်း ဝေး’’ဆိုတဲ့ ကိန်းဆိုက်နေမှာပါ။ ဒီမိုကရေစီနည်းအရ ကိုယ်တိုင်ဆောင်ရွက်ရမဲ့ ကိစ္စတွေကို ကိုယ်တိုင်က မဆောင်ရွက်နိုင်ကြသေးဘူးဆိုရင်၊ ကိုယ်တိုင်ယူရမဲ့တာဝန်တွေကို ကိုယ်တိုင်က တာဝန်မယူနိုင်ကြသေးဘူးဆိုရင် ရွှေရေစိမ်လွတ်လပ်ရေးကြီးလိုပဲ ရွှေရည်စိမ်ဒီမိုကရေစီနိုင်ငံကြီးသာ ဖြစ်နေဦးမှာပါ။ ဉာဏ်ကြီးသူများ ဝေဖန်စဉ်းစားနိုင်ကြဖို့ပါ။

ထိုကဲ့သို့ ပြည်သူနဲ့ဝန်ထမ်းများအကြား မျှတစွာလုပ်မပေးနိုင်သေးဘူးဆိုရင် “ဒီမိုကရေစီနိုင်ငံတော်ကြီး’’ ပါလို့ စကားနဲ့ ဘယ်လောက်ပြော ပြော၊ ကြီးမားတဲ့ဆိုင်ဘုတ်ကြီးတွေကို ဘယ်လောက်ထောင်ထားထောင်ထား စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီနိုင်ငံဆိုတာ ဖြစ်လာနိုင်မည် မဟုတ်ပါ။ ဒီမိုကရေစီကို တကယ်လိုချင်သောပြည်သူ၊ ပြည်သားများအဖို့ ဒီမိုကရေစီစံနစ်ဆိုတာ ယူဖို့ထက် ပေးဆပ်နိုင်ဖို့ပါ။

ဒီနေရာမှာ စိတ်ဝင်စားဖို့ကောင်းတဲ့ သာဓကတစ်ခုကို တင်ပြပါရစေ။ မြန်မာနိုင်ငံနဲ့ရေမြေသဘာဝကအစ ယုံကြည်မှုဘာသာတရားထိ တူညီလှတဲ့ထိုင်းနိုင်ငံရဲ့ ဒီမိုကရေစီစနစ်ကို ပြောပြချင်တာပါ။ ထိုင်းနိုင်ငံမှာ နှစ်ပေါင်းရှစ်ဆယ်နီးပါး ဒီမိုရေစီစနစ်ကို ကျင့်သုံးနေတာပါ။ ဒီမို ကရေစီစနစ်အောက်မှာ ပြည်သူတွေကို လွပ်လပ်စွာနေထိုင်နိုင်ဖို့၊ အပြစ်မဲ့ပြည်သူ၊ ပြည်သားများအား အကြောင်းမဲ့ အချုပ်အနှောင်အဖွဲ့များမှ ကင်းဝေးစွာနေနိုင်ဖို့နဲ့ တိုင်းသူပြည်သူ၊ ပြည်သားများ ရပိုင်ခွင့်ရှိတဲ့ရပိုင်ခွင့်တွေကိုပေးပြီး ထိုက်ထိုက်တန်တန် ဂုဏ်ပြုဖို့ဆိုတဲ့ ရည်မှန်းချက်ပန်းတိုင်များကိုထားပြီး ဒီမိုကရေစီစံနစ်ကို နှစ်ပေါင်းများစွာကျင့်သုံးနေခဲ့ကြတာပါ။ ဒါပေမဲ့ ယနေ့အချိန်အထိ ထိုင်းပြည်သူ၊ ပြည်သားများ စစ်မှန်သောဒီမိုကရေစီနိုင်ငံတော်ကြီးဆီသို့ အရောက်မချီတက်နိုင်သေးကြောင်းကို သိရှိနေရခြင်းပါ။ အကြောင်းက ပြည်သူ၊ ပြည်သားတွေ ဟာ ဒီမိုကရေစီစနစ်ကို အသိစိတ်ဓာတ်ဖြင့် အပြည့်အဝမလိုက်နာနိုင်သေးခြင်း၊ ဒီမိုကရေစီစံနစ်ရဲ့ ဖေါင်းဒေးရှင်းဖြစ်တဲ့ အထက်တန်းပညာရပ် များကို ပြည်သူအများစု မရရှိသေးခြင်း၊ Civic Education (ဒီမိုကရေစီစံနစ်နဲ့ ပြည်သူများလိုက်နာကျင့်သုံးရမဲ့ စည်းမျဉ်း၊ စည်း ကမ်းများ ရဲ့သဘောတရားများကို သိနားလည်အောင်၊ ဒီမိုကရေစီအစိုးရအကြောင်းကို ပြည်သူများကို သိရှိနားလည်အောင် သင်ကြားပေးရတဲ့ ပညာ ရေးမျိုး) လို့ခေါ်တဲ့ ပညာရေးမျိုးကို ကောင်းစွာနားမလည်ခြင်း-စသောအကြောင်းများဟာ ထိုင်းနိုင်ငံကို စစ်မှန်သောဒီမိုကရေစီနိုင်ငံမဖြစ်နိုင်ခြင်းရဲ့ အခြေခံအကြောင်းရင်းတွေ ဖြစ်နေလို့ပါ။

ထို့ကြာင့် ထိုင်းနိုင်ငံမှာ နိုင်ငံတော်က ပြည်သူ၊ ပြည်သားများကို ဒီမိုကရေစီစိတ်ဓာတ်များ ပြည့်ပြည့်ဝဝ ရှင်သန်မွေးဖွားလာ နိုင်စေဖို့ ပညာ ပေးဆောင်ရွက်မှုများကို ဆက်လက်ပြုလုပ်နေရဆဲပါ။ စည်းကမ်းပြည်ဝတဲ့ ဒီမိုကရေစီနိုင်ငံတော်ကြီးဆီသို့ အရောက်လှမ်းနိုင်ဖို့ ဆွေးနွေးပွဲ များ၊ ဆီမီနာများ၊ ကွန်ဖရင့်စ်များကို အားသွန်းခွန်စိုက် ပြုလုပ်ပေးနေရဆဲပါ။ ဆွေးနွေးပွဲတစ်ခု၌ တင်ပြထားသည်မှာ “အကယ်၍သာ ပြည် သူ၊ ပြည်သားတွေဟာ ပြည်သူ၊ ပြည်သားများရဲ့ ရပိုင်ခွင့်တွေ၊ ပြည်သူ၊ ပြည်သားများဆောင်ရွက်ရမဲ့တာဝန်တွေ၊ တာဝန်သိစိတ်တွေ၊ တာဝန်ယူမှုတွေသာမက ဒီမိုကရေစီစံနစ်နဲ့ လိုက်လျောညီထွေတဲ့ စည်းမျဉ်းစည်းကမ်းတွေကိုပါ တရားဥပဒေနဲ့အညီ ပူးပေါင်းဆောင်ရွက်မှု တွေကို အားလုံးဝိုင်းဝန်းပြုကြရမယ်ဆိုတာကို သိထားကြမယ်ဆိုရင် ပြည်သူ၊ ပြည်သားတွေနဲ့ ထိုင်းနိုင်ငံတော်ဟာ စစ်မှန်တဲ့ဒီမိုကရေစီရဲ့အကျိုးကျေးဇူးတွေကို မလွဲမသွေရကြမှာပါ’’တဲ့။ ၁

စည်းကမ်းပြည်ဝတဲ့ ဒီမိုကရေစီနိုင်ငံတော်ကြီးဆီသို့ မရောက်နိုင်သေးတဲ့နိုင်ငံတွေမှာနေကြရတဲ့ ပြည်သူ၊ ပြည်သားတွေကို ပညာပေး၍ ပြောကြားသင့်သည်မှာ “ပြည်သူတွေမှာ (ဒီမိုကရေစီနှင့်စပ်လျဉ်းတဲ့) အသိဉာဏ်တွေ ချို့တဲ့နေသေးရင်၊ (ဒီမိုကရေစီနှင့် စပ်လျဉ်းတဲ့) နား လည်မှုတွေ မရနိုင်ကြသေးဘူးဆိုရင်၊ (ဒီမိုကရေစီစနစ်၌) ပြည်သူ၊ ပြည်သားတွေ ပူးပေါင်းပါဝင်ဆောင်ရွက်ရမဲ့ တာဝန်နဲ့ဝတ္တရားများကို အမှန်အကန်မသိမြင်နိုင်ကြသေးဘူးဆိုရင် ဒီမိုကရေစီစနစ်၌ ပြည်သူတို့ရရှိနိုင်တဲ့ လူ့အခွင့်အရေးများကို ဂဃနဏ သဲသဲကွဲကွဲ သိမထားကြ သေးဘူးဆိုရင် စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီနိုင်ငံမျိုးဆိုတာ ဘယ်သောခါမှ ဖြစ်လာနိုင်မည်ဟုတ်ဘူးလို့ပဲဆိုရမှာပါ’’ တဲ့။၂

မှန်ပါတယ်။ စည်းကမ်းပြည်ဝတဲ့ ဒီမိုကရေစီနိုင်ငံတော်ကြီးတစ်ခုကို တည်ထောင်နိုင်ဖို့ဆိုတာ အုပ်ချုပ်သူ လူတန်းစားတွေမှာရော၊ ပြည်သူ၊ ပြည်သားတွေမှာပါ ဒီမိုကရေစီနဲ့စပ်တဲ့ အသိတရားတွေ၊ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီနိုင်ငံတော်ကြီးဆီသို့ မရောက်၊ ရောက်အောင် ချီ တက်လိုတဲ့ဆန္ဒတွေက တကယ်ကိုပြင်းပျမှ ရနိုင်မယ်ဆိုတာ ပြည်သူ၊ ပြည်သားတွေ သိထားနိုင်ဖို့ပါ။

ဒီမိုကရေစီကို ဘုရားဟောတရားမဟုတ်လို့ စိတ်မဝင်စားပါဘူးလို့ ဒီလိုတော့မပြောသင့်ဘူး။ ဘုရားရှင်လက်ထက်တော်ကာလက လိဇ္ဇဝီမင်း တွေ ကျင့်သုံးခဲ့တဲ့ နိုင်ငံရေးစနစ်မှာ ဒီမိုကရေစီကျင့်ထုံးတွေပါဝင်နေလို့ပါ။ ဒီမိုကရေစီနိုင်ငံတော်ရယ်လို့ အမည်နာမကို တိတိကျကျ တပ် ပြမထားသော်လည်း ဒီမိုကရေစီစနှုန်းနဲ့ ကျင့်သုံးနေထိုင်ခဲ့ကြတာပါ။ ပြည်သူက ရွေးကောက်တင်မြောက်တဲ့စနစ်နဲ့ အုပ်ချုပ်သူအစိုးရကို ရွေးချယ်တင်မြှောက်ခဲ့ကြတာပါ။ ပြည်သူကတင်မြောက်ထားတဲ့မင်း (အစိုးရ) က တိုင်းပြည်ကို အလှည့်ကြအုပ်ချုပ်ရတဲ့ အုပ်ချုပ်ရေးစနစ်ကို ကျင့်သုံးသွားခဲ့ကြတာပါ။ အလှည့်ကြ ရွေးချယ်တင်မြောက်ထားတဲ့စနစ်မျိုးဖြစ်လို့ တိုင်းပြည်တွင်းမှာ အာဏာလုပွဲတွေ၊ အာဏာအတွက် အုပ်စုဖွဲ့ခြင်းမျိုးတွေ ကင်းရှင်းပြီး၊ အေးချမ်းချမ်းနဲ့ နေထိုင်သွားခဲ့ကြတာပါ။ ပိုပြီးအံ့အားသင့်စရာကောင်းတာက ရွေးကောက်ခံ လိဇ္ဇဝီမင်း များဟာ သက်တန်းကုန်ဆုံးလို့ အာဏာကိုစွန့်လွတ်ကြရတဲ့အခါမှာ ပြည်သူ၊ ပြည်သားများနဲ့အတူ၊ ပြည်သူ့ဘဝထဲမှာပဲနေလို့ ပြည်သူများ လုပ်ကိုင်တဲ့ လယ်ယာကိုင်ကျွန်းများကို လုပ်ကိုင်ခြင်း၊ အရောင်းအဝယ်များကို ပြလုပ်ခြင်း၊ တိုင်းပြည်ရဲ့ ကျရာတာဝန်များကို ထမ်းဆောင်ခြင်း စတဲ့ တာဝန်တွေကိုဆောင်ရွက်ရင်း ပြည်သူများနဲ့တသားတည်း ရှိနေခဲ့ကြတာပါ။ ခေါင်းဆောင်ဖြစ်သူများ အတုယူစရာပါ။ ဒါကြောင့် ဘုရား ရှင်ကိုယ်တော်တိုင် လိဇ္ဇဝီမင်းတို့ရဲ့ကျင့်ထုံးများကို စံထားပြီးဟောကြားထားတဲ့ ရာဇအပရိဟာနိယဓမ္မ (မင်းတို့ရဲ့ မဆုတ် ယုတ်ကြောင်းတရား)ဟာ လိဇ္ဇဝီမင်းတို့ရဲ့ဂုဏ်သိက္ခာကို ဂုဏ်တင်ပြီး ဘုရားရှင်ကိုယ်တော်တိုင် အသိအမှတ်ပြုဟောကြားထားခဲ့တာပါ။ ၃

မြတ်စွာဘုရားရဲ့တရားတော်များဟာ ယခုခေတ် ဒီမိုကရေစီကျင့်ထုံးတွေနဲ့ အလွန်နီးစပ်နေတာကြောင့်၊ (အဖြောင့်ပြောရရင်) ယခုခေတ် ဒီမို ကရေစီကျင့်ထုံးတွေဟာ မြတ်စွာဘုရားရဲ့တရားတော်တွေနဲ့ အလွန်နီးစပ်စွာတူနေတာကြောင့် အံ့အားများလည်း သင့်မိပါရဲ့။ မြတ်စွာဘုရားရဲ့ တရားတော်များကို စနစ်တကျလေ့လာကြည့်တဲ့အခါ ဒီမိုကရေစီစနစ်ထဲမှာ ဘုရားရှင်ပြဌာန်းသတ်မှတ်တော်မူခဲ့တဲ့ ကျင့်ထုံးတွေနဲ့ အများ ကြီး ဆက်နွယ်နေတာကို တွေ့ကြရမှာပါ။ ဒီမိုကရေစီစနစ်ကို စနစ်တကျပုံဖေါ်ခဲ့တဲ့ ဂရိ ဖီလိုဆိုဖာများရဲ့သက်တမ်းထက် ရှေးရာစုနှစ်ပေါင်းများစွာစောပြီး ပွင့်တော်မူသွားတဲ့မြတ်စွာဘုရားရဲ့ ကျင့်ထုံးတွေကို ဂရိဖီလိုဆိုဖိုများက နည်းမှီပြီစနစ်တစ်ခုကို ဖေါ်ထုတ်နိုင်ဖို့ ဝေါဟာတမျိုးနဲ့ “ဒီမိုကရေစီ’’ ရယ်လို့ ခေါ်ဝေါ်သုံးစွဲ ထားခဲ့ကြရော့လေသလားလို့ တွေးမိလို့ပါ။ ဥပမာ - ဘုရားရှင်ကိုယ်တော်မြတ်ကြီးက သံဃာတော်များအား ဝိနည်းဆိုင်ရာကျင့်ထုံးများကို လိုက်နာကျင့်သုံးစေတဲ့အခါ ပြောသူ၊ နာခံသူ နှစ်ဦးနှစ်ဖက်အကြားမှာ မည်သူကိုမျှ မနစ်နာစေရအောင် တစုံတခုသောကိစ္စကိုဆောင်ရွက်ကြရာ၌ သံဃာအများကို သိမ်လို့ခေါ်တဲ့ သံဃာများ ကံကြီး ကံငယ်ဆောင်ရာ ဟောခန်းမထဲမှာ စည်းဝေး စေပြီး သံဃာများ၌ဖြစ်ပေါ်နေသောပြဿနာကို သံဃာအား ရှေးဦးစွာတင်ပြရပြီး ဖြေရှင်းရတဲ့နည်းကို ကျင့်သုံးစေခြင်းပါ။ အများရဲ့ဆန္ဒကို ဦးစွာရယူပြီး၊ အတည်ပြုဆောင်ရွက်ရတဲ့ ဝိနည်းဆိုင်ရာဥပဒေတော်ကျင့်ထုံးပါ။ စိတ်ဝင်စားစရာပါ။

ဒီနေရမှာလဲ ဝိနည်းပါဠိတော်လာ သာဓကတစ်ခုကို ထုတ်ပြပြီးရှင်းဖို့ပါ။ “သုဏာတု မေ ဘန္တေ သံဃော၊ အယံ ဣတ္ထန္နာမော ဘိက္ခု သမဂ္ဂ ဿ သံဃဿ ဘေဒါယ ပရက္ကမတိ...’’ အစချီထားတဲ့ ဝိနည်းကျင့်ထုံးမျိုးကို တွေ့ရမှာပါ။ ၎

ပါဠိတော်မြန်မာပြန်ကို အကျဉ်းချုံးပြီး အဓိပ္ပါယ်ပြန်ရမယ်ဆိုရင် “အသျှင်ဘုရားတို့ သံဃာသည် တပည့်တော်၏ (စကားကို) နားထောင်တော် မူကြပါ။ (နှစ်ကြိမ်တိုင်တိုင် ...ပြောဆိုပါ၏၊ သုံးကြိမ်တိုင်...ပြောဆိုပါ၏) ဤမည်သောရဟန်းသည် ညီညွတ်နေသောသံဃာကို ကွဲပြားအောင် လုံးလပြုနေပါ၏။ သံဃာတော်သည် ထိုရဟန်းကို ထိုအမှုမျိုး ဆက်လက်မပြုလုပ်နိုင်စေရန် ဆိုဆုံးမရခြင်းဖြစ်ပါ၏။ ထိုရဟန်းအား ထိုသို့ ဆုံးမမှုပြုသည်ကို သံဃာတော်များမှသဘောတူကြပါလျှင် ဆိတ်ဆိတ်နေတော်ကြပါ။ ထိုရဟန်းအား ထိုသို့သံဃာတော်များမှ ဆိုဆုံးမသည် ကိုသဘောမတူကြလျှင် သဘောမတူသောသံဃာသည် ကန့်ကွက်ပြောဆိုကြပါ’’ ဆိုတဲ့ ဝိနည်းကျင့်ထုံးများဟာ အများဆန္ဒမပါပဲ ပြုလုပ် လေ့မရှိကြောင်းကို စနစ်တစ်ခုအနေနဲ့ ဘုရားရှင်ဟောခဲ့တာပါ။ ဒီမိုကရေစီကိုတောင်းဆိုနေသူများ ဘုရားနည်းအတိုင်း လိုက်နာကျင့်သုံး နိုင်ကြဖို့ပါ။

ဒီမိုကရေစီစနစ်ဆိုတာ စိတ်ကူးယဉ်လို့ကောင်းသလောက် လိုက်နာကျင့်သုံးဖို့ကြတော့ အလွန်ခက်ခဲတဲ့စနစ်မျိုးလို့ ဆိုရမှာပါ။ သီအိုရီတွေ ကောင်းသလောက် လက်တွေ့ကျင့်သုံးဖို့ ခက်ခဲတဲ့စနစ်တစ်ခုပါ။ ဒီမိုကရေစီဟာ လူတိုင်းအတွက်ဖြစ်ပေမဲ့ လူတိုင်းလိုက်နာဖို့ ခက်ခဲတဲ့ စနစ်မျိုးပါ။

“နိဗ္ဗာန်ကိုလိုချင်ရင် မဂ္ဂင်ရှစ်ပါးကို ပွားများအားထုတ်ပါ’’ ဆိုတဲ့ သီအိုရီမျိုးဟာ အပြောလွယ်သလောက် အကျင့်ခက်တဲ့သီအိုရီမျိုးပါ။ နိဗ္ဗာန် ကို ရနိုင်ရေးအတွက် စိတ်ထားတွေကို ပြင်ရမယ်။ စိတ်ကိုညစ်ထေးစေတဲ့၊ စိတ်တွေကိုဖေါက်ပြန်စေနိုင်တဲ့ ကိလေသာတွေကို နှိမ်နှင်းရမယ်။ တန်ခိုး အာဏာပါဝါမျိုးကို လိုချင်မှု လောဘအဟန့်အတားမျိုးတွေ၊ မနာလို ဝန်တိုမှု ဣဿာ မစ္ဆရိယ အဟန့်အတားမျိုးတွေ၊ အရာရာမှာ ငါ့ဖို့ဆိုတဲ့ အတ္တအဟန့်အတားမျိုးတွေ၊ အရာရာမှာ ငါသိငါတတ်ဆိုတဲ့ မာနအဟန့်အတားမျိုးတွေကို ကျော်ဖြတ်ရမယ်။ နိဗ္ဗာန်ဆိုတဲ့ပန်းတိုင်ကိုရောက်ဖို့ ရှိတာလေးနဲ့ သင့်အောင်ဝတ်၊ ရတာလေးနဲ့ ဝအောင်စား၊ တွေ့တဲ့လူနဲ့ သင့်အောင်နေ၊ ပတ်ဝန်းကျင်ကို နားလည်ပေး (မှက်၊ ခြင်၊ ယင်၊ အပူ၊ အအေး စသည်မျိုး)၊ လမ်းညွှန်ပေးသူရဲ့စကားကို လိုက်နာ၊ ဒီအခြေအနေမျိုးတွေပြည့်စုံပါမှ နိဗ္ဗာန်ဆိုတာ ရနိုင်တာပါ။ စဉ်း စားနိုင်ဖို့ပါ။

“ဒီမိုကရေစီကို လိုချင်ရင် စည်းကမ်းရှိကြပါ’’ ဆိုတဲ့ သီအိုရီမျိုးဟာလည်း အပြောလွယ်သလောက် လိုက်နာဖို့ခက်တဲ့ သီအိုရီမျိုးပါ။ စစ်မှန်တဲ့ဒီမိုကရေစီမျိုးကိုရဖို့ ပြည်သူတွေရဲ့ စိတ်ဓာတ်တွေကို ပြင်ရမယ်။ ယုံစားမှုတွေ၊ ယုံမှားမှုတွေကို ပယ်ဖျောက်ပြီး၊ ယုံကြည်မှုတွေကို တည် ဆောက်ရမယ်။ လာဘ်ပေး၊ လာဘ်ယူမှုမျိုးကို ပြုနေသည့် အကျင့်ပျက် ချစားဝန်ထမ်းများကို မညှာမတာ တိုက်ဖျက်ရမယ်။ ထို့နောက် စားနပ်ရိက္ခာများကို စားလောက်အောင် ပံ့ပိုးပေးရမယ်။ လူတိုင်းအတွက် ဒီမိုကရေစီဖြစ်ရေးအတွက် လူတိုင်းကို ဒီမိုကရေစီပုံစံခွက်ထဲ ဝင် အောင် ဆောင်ရွက်ပေးရမယ်။ ဒီလိုမှမလုပ်နိုင်ဘူးဆိုရင် စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီနိုင်ငံကြီးဆိုတာ ဘယ်သောအခါမှ ပေါ်ထွန်းလာမှာ မဟုတ်ပါ။ ဒီမိုကရေးစီအရေးဟာ တိုင်းရေး၊ ပြည်ရေး၊ လူမျိုးရေးအတွက်ဆိုတာ ပြည်သူ၊ ပြည်သားတွေ သဘောပေါက်နိုင်ဖို့ပါ။

ဘယ်အရာမျိုးမဆို တကယ်လိုချင်ရင် တကယ်ရနိုင်တာပါ။ တန်ဖိုးကြီးတဲ့အရာမျိုးကို ရယူနိုင်ဖို့ဆိုတာ ဆန္ဒလည်းရှိမှ၊ စိတ်ဓာတ်ကလည်းပြင်း မှ၊ လုံးလဝီရိယကလည်း ထက်သန်မှ၊ အသိဉာဏ်ပညာကလည်း ပြည့်စုံပါမှ ရနိုင်တာပါ။ တကယ်တော့ စိတ်ကိုကြီးစိုးနိုင်တဲ့ စိတ်ထားတွေကို မွေးမြူကြလျှက် ရဟန်းရှင်လူ ပြည်သူ၊ ပြည်သားများအားလုံး စုပေါင်းပြီး ဒီမိုကရေစီနိုင်ငံတော်ကြီးကို တည်ဆောက်ကြမယ်ဆိုရင် စည်း ကမ်းပြည့်ဝတဲ့ ဒီမိုကရေစီနိုင်ငံမျိုးဆိုတာ မိမိတို့စိတ်ကူးအိမ်မက်ကို မိမိတို့ကိုယ်တိုင်ပုံဖေါ်ပေးနိုင်တဲ့ ဒီမိုကရေစီလူ့အဆောက်အဦးကြီးဟာ မလွဲမသွေဖြစ်ထွန်းလာမှာပါ။

ပြည်သူတွေမျှော်လင့်ထားတဲ့ ဒီမိုကရေစီဆိုတဲ့ကယ်တင်ရှင်ကြီး (ဒီမိုကရေစီရရင် လိုချင်တာတွေအားလုံးရနိုင်တယ်လို့ ပြည်သူတွေ မျှော် လင့်ထားတဲ့ကယ်တင်ရှင်ကြီး) ရောက်လာဖို့ မျှော်လင့်နေရုံနဲ့တော့ ဒီမိုကရေစီကယ်တင်ရှင်ကြီး မြန်မာနိုင်ငံကို ဘယ်တော့မှ ရောက်လာ နိုင်မည်မဟုတ်ပါ။ “မိုင်ပေါင်းများစွာသောခရီးကို ရောက်နိုင်ဖို့ ခြေတစ်လှမ်းနဲ့ စ-ရမှာ’’ ဆိုတဲ့ လောက်ဇူးရဲ့သီအိုရီအတိုင်း ဒီမိုကရေစီနိုင်ငံ တော်ကြီးဆီသို့ အရောက်လှမ်းနိုင်ဖို့ ပြည်သူများကိုယ်တိုင် ခြေလှမ်းများကို စတင်လှမ်းကြရမှာပါ။ ၅

သင့်တို့ရဲ့ခြေလှမ်းများဟာ တိုင်းပြည်နဲ့လူမျိုး၊ ဘာသာသာသနာအတွက် အကျိုးကျေးဇူးတွေဖြစ်ထွန်းလာနိုင်မှာမို့ သင်ကိုယ်တိုင်ပင် တိုင်း ပြည်နဲ့လူမျိုးအတွက် ပေးဆပ်နိုင်ဖို့ပါ။ “တိုင်းပြည်က ငါ့အတွက် ဘာလုပ်ပေးပြီးပြီလဲလို့မမေးပါနဲ့၊ ငါက တိုင်းပြည်အတွက် ဘာလုပ်ပြီးပြီဆိုတာ မေးပါ’’ ဆိုတဲ့ ဂျွန်ကနေဒီရဲ့စကားလေးကို အမြဲအမှတ်ရကြဖို့ပါ။ ကဲ စာလည်း အတော်ရှည်သွားပြီ။ ပြောချင်တဲ့စကားတွေလဲ အတော် ပြောပြီးပြီမို့ စာရေးသူရဲ့ အတွေးအာရုံများကို ရပ်နားခွင့်ပြုပါ။ ဘာပဲဖြစ်ဖြစ်လေ... ဒီမိုကရေစီဆိုတာ မြန်မာပြည်သူ၊ ပြည်သားတွေ မက်နေတဲ့ အိမ်မက်မဟုတ်ပါလား။

ချမ်းသာစွာ အိပ်စက်နိုင်ကြပါစေ
ဒေါက်တာဓမ္မပိယ (ITBMU)

Sunday, March 25, 2012

ထိုင်းအလုပ်သမားအခွင့်အေ၇းများ

                    











ထိုင်းအလုပ်သမားအခွင့်ရေးများ

ကိုယ်တိုင်ရေးကိုယ့်ရဲံ့သမိုင်း



ကိုယ်တိုင်ရေးတဲ့ ကိုယ့်ရဲ့သမိုင်း လှပချင်ကြတာဘဲ
ဘယ်လိုရေးရမလဲဆိုတာ တွေးဆချိန်မရခဲ့ ... ပြင်ဆင်ချိန်မရှိခဲ့
ဖြစ်လာတဲ့အခြေအနေပေါ် ကပြာကယာရေးလိုက်ရတဲ့ သမိုင်းတပုဒ်ပါ ..။
နေ့စဉ် စား ၀တ် နေ အရေးတွေအတွက် ၀င်ငွေရှိဘို့ “အလုပ်” ဆိုတာ
မရှိမဖြစ် လိုအပ်နေခဲ့ပြီ
အလုပ်လက်မဲ့တွေများနေချိန်မှာ
ပညာမမှီ ဉာဏ်မပီသူတယောက်အတွက်တော့ ပိုပြီးခက်ခဲရှားပါးတော့တာပေါ့ ...။
အမိမြေကိုစွန့်ခွာပြီး အခွင့်အလမ်းသာတဲ့ တခြားအိမ်နီးချင်းနိုင်ငံတွေမှာ
သူများတွေနည်းတူ ကြိုးစားမယ်ဆိုတဲ့ဆုံးဖြတ်ချက်နဲ့ ဆုံးဖြတ်ခဲ့တယ် ...။
..... လူသားတွေ လူ့သဘာဝအတိုင်း ရေကြည်ရာ မြက်နုရာ
ရှာဖွေပြောင်းရွေ့ လုပ်ကိုင်နေထိုင်ကြတယ်
လက်ရှိအခြေအနေထက် သယာကောင်းမွန်မယ့်နေရာကို မျှော်လင့်ခဲ့ကြတယ် ...
ပြောင်းရွှေ့လုပ်ကိုင်နေထိုင်ကြတဲ့
လူသားတွေအပေါ် အခြေခံပြီး အထူးအင်အားစိုက်ထုတ်စရာမလိုဘဲ
လူတယောက်ရဲ့ မပြည့်စုံခြင်း ချို့တဲ့ခြင်းဆိုတဲ့ အားနည်းချက်တွေကို
အခွင့်အရေးယူ အသုံးချတဲ့သူတချို့က
အခကြေးငွေယူပြီး ပို့ဆောင်အလုပ်ရှာပေးတယ် ...
နောက်တခုက ခရီးစရိတ်တောင်မရှိတဲ့သူတွေအတွက်
ခရီးစရိတ်စိုက်ထုတ်ပေးမယ် .. အလုပ်ရတဲ့အခါမှ ပြန်ပေးဆိုပြီးတော့ .....
အမှန်တကယ် “အလုပ်” လိုအပ်နေခဲ့ပြီ
မရှိတဲ့ ခရီးစားရိတ်
ရမယ်ဆိုတဲ့ အလုပ်ကောင်းကောင်းကြောင့် မျက်စိစုံမှိတ် ယုံပစ်လိုက်တယ် ....။
တကယ်တန်းကျတော့ လိမ်ညာလှည့်ဖျားပြီး လူတယောက်ရဲ့ ဘ၀တခုလုံးကို
လူမှောင်ခို လူကုန်ကူးသူတွေရဲ့လက်ထဲကို ရောင်းစားပစ်လိုက်တာ ...
Sex Worker တဲ့ .... ခန္ဓာကိုယ်နဲ့ ရင်းပြီး လုပ်ရတဲ့အလုပ်
ရွေးချယ်ခွင့်မရှိ ..
ငြင်းပယ်ခွင့် မရှိ ..
ဘယ်ဆီကိုရောက်မှန်းမသိ ... သိတာက တိုက်ရဲ့အမြင့်ဆုံးတနေရာမှာ ....
ဘ၀ရဲ့ အမှောင်ထု မဟုတ်ပါဘူး ..
တခါမှ ပုံဖော်မကြည့်ခဲ့ဘူးပါဘူး ...
မျှော်လင့်ရာမဲ့ လွတ်မြောက်ရာလမ်းကနေ
လွတ်မြောက်နိုင်ဖို့ မျှော်လင့်ချက်နဲ့
“ကျမကိုကယ်ပါ အပေါ်ဆုံးထပ်မှာ ရှိနေပါတယ်” ဆိုတဲ့
စက္ကူလိပ်ကလေး အခွင့်သာတိုင်း တိုက်ပေါ်ကနေ ပစ်ချခဲ့တယ် ....
တဦးတယောက်က အထူးတလည်ဖတ်မိပါ့မလား ...?
တိုက်ပေါ်ကပစ်ချတဲ့ စာရွက်ကလေးတရွက်ရဲ့ ဦးတည်ချက်ဟာ ရွေ့သွားနိုင်တာဘဲ ...
ဒါပေမယ့် ...
အခွင့်သာတိုင်း စက္ကူလိပ်လေး ပစ်ချနေဆဲ ....
လေထဲလွင့်ပါးနေဆဲ ....။
မှတ်ချက် -
စာမူရှင်၏ စာအား မူလအဓိပ္ပါယ်များကို ထိခိုက်မှုမရှိစေပဲ .. ဆီလျှော်သလို ဖြတ်တောက်တည်းဖြတ်ပေးထားပါသည်။
Posted by Aung Htet at 6:59 AM 0 comments  
Labels: ဂေါ်ရှယ်

Thursday, March 15, 2012

အောင်ဆန်းစုကြည့်၏ မြန်မာအသံနှင့် ရုပ်မြင်သံကြားတိုမှဟောပြောချက်များ

ယခုလို ကျွန်မရဲ့ နိုင်ငံရေးပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မူဝါဒသဘောတရားတွေကို ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမတိုင်မီ တင်ပြခြင်းဟာ ပြည်သူတွေရဲ့ အခွင့်အရေးကို အသိအမှတ်ပြုရခြင်းဖြစ်ပါတယ်။

မဲဆန္ဒရှင်များသာမက နိုင်ငံသူနိုင်ငံသားအားလုံးအနေနဲ့ မိမိတို့ကို ကိုယ်စားပြုလိုကြတဲ့ ပါတီအဖွဲ့အစည်း ပုဂ္ဂိုလ်တွေကို လေ့လာသုံးသပ်ပြီး ဘယ်အဖွဲ့အစည်း ဘယ်ပုဂ္ဂိုလ်ကို ထောက်ခံရွေးချယ်မယ်ဆိုတာ ဆုံးဖြတ်ပိုင်ခွင့်ရှိပါတယ်။

ဒီမိုကရေစီအခြေခံမူအရ ပြည်သူတွေရဲ့ ဆုံးဖြတ်ချက်ကို လက်ခံမှာဖြစ်တဲ့ ကျွန်မတို့ပါတီရဲ့ နိုင်ငံနဲ့ ပြည်သူတွေအတွက်ထားတဲ့ ရည်မှန်းချက်တွေကို အနှစ် ၂၀ ကျော် ကိုင်စွဲခဲ့တဲ့ မူတွေနဲ့တွဲပြီး ရှင်းပြချင်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အဓိက ရည်ရွယ်ချက်တွေအနက် ထိပ်တန်းတင်ထားတဲ့ ကိစ္စသုံးရပ်ကတော့ တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးတို့ပဲ ဖြစ်ပါတယ်။

တရားစီရင်ရေးကို အစိုးရယန္တရားအောက် သွတ်သွင်းခဲ့ပြီး မီဒီယာတွေကို အစိုးရပိုင်အဖြစ်ပြောင်းကာ ချုပ်ကိုင်လာခြင်း၊ တင်းကျပ်တဲ့ မီဒီယာနဲ့ ဆင်ဆာဥပဒေတွေ ပြဌာန်းပြီး ပြည်သူတွေရဲ့ လွတ်လပ်စွာ ပြောပိုင်ခွင့်၊ ရေးပိုင်ခွင့်၊ ကြားပိုင်ခွင့်၊ ဆန္ဒဖော်ထုတ်ပိုင်ခွင့်တွေကို ရုတ်သိမ်းပစ်ခဲ့ခြင်း စတဲ့ နည်းလမ်းစုံနဲ့ တရားဥပေဒစိုးမိုးမှုကို ခြေဖျက်ပစ်ခဲ့တာ ပြည်သူလူထုဘ၀မှာ အကြောက်တရားကသာ လွှမ်းမိုးခဲ့ပါတော့တယ်။

ပြည်သူလူထုဘ၀ အကြောက်တရားကလွတ်မြောက်ပြီး လူ့အခွင့်အရေးမရသေးတဲ့အထိတော့ ဒီမိုကရေစီစနစ် ထွန်းကားခိုင်မြဲနိုင်မှာ မဟုတ်ပါဘူး။

ဥပဒေစိုးမိုးမှုရှိမှသာ ပြည်သူတွေဟာ ဥပဒေရဲ့ကာကွယ်မှုကို အမှန်တကယ်ရနိုင်ပြီး လွတ်လပ်မှုရဲ့ အရသာကို အမှန်တကယ် ခံစားနိုင်ကြမှာ ဖြစ်ပါတယ်။ ဥပေဒစိုးမိုးရေးရှိခြင်းသည် သာမန်လူများ၊ နိုင်ငံတော်ဝန်ထမ်းများနဲ့ နိုင်ငံရေးသမားအားလုံးတို့ မိမိတို့ ရသင့်ရထိုက်တဲ့ အကာအကွယ် အစောင့်အရှောက်ပေးမှာဖြစ်ပါတယ်။

အာဏာရှိတဲ့ပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ အကြီးအကဲတွေက တစ်ချက်လွတ်အမိန့်နဲ့ ဘယ်သူ့ကိုမှ အရေးယူ အနိုင်ကျင့်နိုင်မှာ မဟုတ်ပါဘူး။
ဒါမှ ဒီမိုကရေစီလည်း ခိုင်မာထွန်းကားတယ်လို့ ဆိုနိုင်ပါမယ်။

ဥပဒေစိုးမိုးရေးအတွက် ကျွန်မတို့ ဘယ်လိုလုပ်ကြမလဲ။ ပြည်သူတွေကို ဖိနှိပ်ထားတဲ့ ခေတ်နဲ့ မလျော်ညီတော့တဲ့ ဥပဒေအချို့ကို မဆိုင်းမတွ ဖျက်သိမ်းပစ်ကြရပါမယ်။ ပြည်သူတွေကို အကာအကွယ်ပေးတဲ့ ဥပဒေတွေကို ပြဌာန်းရေးဆွဲကြရပါမယ်။

တရားစီရင်ရေးစနစ်ကို လွတ်လပ်အောင်ထားပြီး သမာသမတ်ဖြစ်အောင်ဖြစ်အောင် ပြုပြင်ရပါမယ်။ စာနယ်ဇင်းလွတ်လပ်ခွင့် အပြည့်အ၀ပေးရပါမယ်။ ပြည်သူလူထုကို အကူအညီပေးမယ့် ဥပဒေအထောက်အကူပြု ကွန်ယက်တွေ တိုးချဲ့ရပါမယ်။

တရားစီရင်ရေးမဏ္ဍိုင်ဟာ ဒီမိုကရေစီသဘောထားနဲ့ ကိုက်ညီတဲ့ ဥပဒေပြုမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်တို့နဲ့ လွတ်လပ်စွာရပ်တည်နေစေရပါမယ်။ တရားစီရင်ရေးမဏ္ဍိုင်ဟာ အုပ်ချုပ်ရေးမဏ္ဍိုင်ရဲ့အပေါ်မှာ အမြဲရှိနေမှာဖြစ်ပြီး ဥပဒေနဲ့ ငြိစွန်တဲ့ အုပ်ချုပ်သူ လူပုဂ္ဂိုလ် အဖွဲ့အစည်းမှန်သမျှကို တရားစီရင်ပိုင်ခွင့် ရှိစေရပါမယ်။ ဥပဒေအရ ပြစ်မှုထင်ရှားပြီး စီရင်ခြင်းမရှိသေးရင် ဘယ်သူ့ကိုမဆို အပြစ်ကင်းတယ်လို့ မှတ်ယူရမှာ ဖြစ်ပါတယ်။

လွတ်လပ်ရေးနဲ့ ဖွားဘက်တော်အဖြစ်ပါလာတဲ့ ပြည်တွင်းစစ်ဟာ ကျွန်မတို့နိုင်ငံမှာ ဒီနေ့အထိ လောင်မြိုက်နေဆဲ ဖြစ်နေပါတယ်။ ၁၉၄၇ ခုနှစ်မှာ အမျိုးသားခေါင်းဆောင်ကြီးများ ရုတ်တရက် လုပ်ကြံခံရပြီးကတည်းက စတင်ခဲ့တဲ့ တိုင်းရင်းသားမျိုးနွယ်များအကြား သံသယပွားခြင်း၊ နိုင်ငံရေးအယူအဆ မတူသူများအကြား သဘောထားကွဲပြားခြင်း စတာတွေကို စားပွဲဝိုင်းမှာ တွေ့ဆုံညှိနှိုင်းဖြေရှင်းမှု မပြုနိုင်ကြသေးဘဲ လက်နက်အားကိုး အင်အားသုံးဖြေရှင်းဖို့ ကြိုးစားနေကြခြင်းဟာ ကနေ့အထိပဲ ဖြစ်ပါတယ်။

ဒါ့အပြင် ဥပေဒစိုးမိုးမှုမရှိတာကလည်း ပြည်တွင်းစစ်မီးကို အရှိန်မြင့်စေခဲ့ပါတယ်။ တိုင်းရင်းသားတွေရဲ့ လုံခြုံမှုနဲ့ အခွင့်အရေးတွေကို အကာအကွယ်မပေးနိုင်ခဲ့ဘဲ ပြည်တွင်းစစ်ရဲ့ ဆိုးကျိုးတစ်ခုအဖြစ် စစ်အာဏာရှင်စနစ်ကိုသာ ပေါ်ပေါက်စေခဲ့ပါတယ်။

ပြည်တွင်းစစ်မီးတောက်ကို အမြန်ဆုံးငြိမ်းသတ်ပြီး အမြန်ဆုံးငြိမ်းချမ်းအောင် လုပ်နိုင်မှသာ နိုင်ငံကို ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်နိုင်မှာဖြစ်ပါတယ်။ ပြည်တွင်းစစ် ရပ်ဆိုင်းပြီး ငြိမ်းချမ်းစေရေးအတွက် အဆင့်သုံးဆင့် ဆောင်ရွက်ရပါမယ်။

ပထမအဆင့်အနေနဲ့က တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲရပါမယ်။
ဒုတိယအဆင့်အနေနဲ့ နိုင်ငံရေးအရ ဆွေးနွေးပွဲတွေကျင်းပပြီး ညှိနှိုင်းအဖြေရှာကြရပါမယ်။
တတိယအဆင့်အနေနဲ့ တိုင်းရင်းသားတွေလိုလားနေတဲ့အတိုင်း ပင်လုံရဲ့အခြေခံမူဖြစ်တဲ့ တန်းတူညီမျှမှု၊ ကိုယ်ပိုင်အုပ်ချုပ်ရေးပြဌာန်းခွင့်၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွတ်လပ်စွာဆုံးဖြတ်နိုင်ခွင့်စတာတွေကို အခြေခံတဲ့ ပြည်ထောင်စုနိုင်ငံစစ်စစ် တည်ထောင်နိုင်ဖို့ ဘုံဦးတည်ချက်ထားပြီး ကြိုးပမ်းရပါမယ်။

ကျွန်မတို့ တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေဟာ ခွဲထွက်ရေးကို လုံးဝမလိုလားဘဲ စစ်မှန်တဲ့ ဒီမိုကရေစီပြည်ထောင်စုကြီးကိုသာ လိုလားတယ်လို့ ကျွန်မ တစ်ထစ်ချ ယုံကြည်ပါတယ်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း ထွက်ခဲ့ပြီးကတည်းက ဒီဥပဒေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သဘောမတူတာ ကြေညာခဲ့ပြီး ပြုပြင်ရမယ့် အချက်တွေကို ထောက်ပြခဲ့ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် ပါတီစွဲ၊ အဖွဲ့စွဲ၊ လူပုဂ္ဂိုလ်စွဲတွေမထားဘဲ နိုင်ငံ့အကျိုးကိုသာရှေးရှုတဲ့စိတ်ဓာတ်နဲ့ ညီညွတ်တဲ့တပ်မတော်အင်အားစုအပါအ၀င် လွှတ်တော်ကိုယ်စားလှယ်အားလုံးက ညှိညှိနှိုင်းနှိုင်းလုပ်သွားကြရမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့စစ်တပ်နဲ့ နိုင်ငံတကာမှာရှိတဲ့ နိုင်ငံအသီးသီးရဲ့ စစ်တပ်များဟာ နိုင်ငံကာကွယ်ရေးအတွက် အဓိကအင်အားစုဖြစ်တယ်ဆိုတာကို အငြင်းပွားဖို့မရှိပါဘူး။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအတွေ့အကြုံနဲ့ တွေ့ကြုံခဲ့ရတဲ့ ဖြစ်စဉ်များအရ လက်ရှိမြန်မာနိုင်ငံကို ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ကြရာမှာ တပ်မတော်ဟာ မပါမဖြစ် ပါရန်လိုအပ်တယ်လို့ ကျွန်မယုံကြည်ပါတယ်။

ကျွန်မရဲ့ဖခင် ဗိုလ်ချုပ်အောင်ဆန်းတည်ထောင်ခဲ့တဲ့ တပ်မတော်ဟာ နိုင်ငံတော်အကျိုးအတွက် ဆောင်ရွက်ဖိုပ အစဉ်အမြဲ အဆင်သင့်ရှိမယ်လို့လည်း ကျွန်မယုံကြည်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပေဒဆိုတာ ပြည်သူနဲ့ အုပ်ချုပ်သူတို့အကြားမှာ ထားရှိတဲ့ ပဋိဥာဏ်ဖြစ်တယ်ဆိုတဲ့အတိုင်း လိုအပ်တဲ့အခါတွေမှာ ပြင်ဆင်ခြင်း၊ ပြောင်းလဲခြင်း၊ ပယ်ဖျက်ခြင်း တို့ကို ပြုလုပ်ကြရမှာဖြစ်ပါတယ်။

လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဒီမိုကရေစီစံနှုန်းနဲ့ မကိုက်ညီတာကို တွေ့နေရပါတယ်။ ထင်ရှားတဲ့ ဥပမာတစ်ခုကိုပြောရမယ်ဆိုရင် .. ပြည်သူတွေကို ပြည်သူကတင်မြောက်တဲ့ ရွေးကောက်ခံ ကိုယ်စားလှယ်တွေက အုပ်စိုးခြင်းကသာ ဒီမိုကရေစီရဲ့ အနှစ်သာရဖြစ်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ရွေးကောက်ခံမဟုတ်တဲ့ လွတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းပါဝင်နေတာကို ပြည်သူတွေအသိဖြစ်ပါတယ်။ ဆိုလိုတာက လက်ရှိလွှတ်တော်အသီးသီးမှာ ပြည်သူက ရွေးကောက်ထားခြင်းမဟုတ်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ပါဝင်နေတဲ့အတွက် ဒီမိုကရေစီမူများနဲ့ မကိုက်ညီပါဘူး။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပေဒမှာ ပြင်ဆင်သင့်တဲ့ ပုဒ်မများကို ပြည်သူတွေကို အသိပေးထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကြီးပြီးတဲ့နောက် မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီပေါ်ပေါက်လာရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ရတာ နှစ်ပေါင်း ၂၀ ကျော် အဖိနှိပ်ခံဘ၀နဲ့ ကြိုးပမ်းရုန်းကန်ခဲ့ရတာကို ပြည်သူတွေအသိဖြစ်ပါတယ်။

အဖွဲ့ချုပ်ရဲ့ သစ္စာရှိအဖွဲ့ဝင်တွေ အလုပ်ထုတ်ခံရတာ၊ ရှေ့နေတွေ လိုင်စင်ရုတ်သိမ်းခံရတာ၊ ဆရာဝန်တွေ လိုင်စင်ရုတ်သိမ်းခံရတာ၊ မတရားဖမ်းဆီးခံရပြီး အမြင့်ဆုံးပြစ်ဒဏ်တွေ ချမှတ်ခံရတွေကြောင့် မိမိတို့ လူမှုဘ၀တွေပျက်စီး၊ မိသားစုစီးပွားရေးတွေ ပျက်စီးခဲ့ရပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အဖွဲ့ချုပ်အဖွဲ့ဝင်တွေဟာ မိမိတို့ယုံကြည်ချက်ကို ဆက်လက်ထိန်းသိမ်းပြီး ပြည်သူတွေအတွက် အဖွဲ့ချုပ်အတွက် ရပ်တည်ခဲ့ကြပါတယ်။ အဖွဲ့ချုပ်အနေနဲ့ နိုင်ငံတကာနဲ့ ဆက်ဆံမှု ချောမွေ့ပြေပြစ်ပြီး ပြည်သူများအတွက် အကျိုးရှိစေမယ့် ဆက်ဆံပေါင်းသင်းမှုကို တိုးမြင့်ဆောင်ရွက်ခဲ့ပါတယ်။

စီးပွားဖွံ့ဖြိုးတိုးတက်ပြီး ဒီမိုကရေစီစနစ် ထွန်းကားနေတဲ့ နိုင်ငံများနဲ့သာမက အိမ်နီးချင်းနိုင်ငံများနဲ့လည်း မိတ်ဝတ်မပျက်ဆက်ဆံရေးကို ထူထောင်နို်င်ခဲ့ပါတယ်။ မိမိနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာရဲ့ လိုအပ်တဲ့ ပံ့ပိုးကူညီမှုများရရှိနိုင်ရေးကိုလည်း ဦးစားပေး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

စီးပွားရေးနဲ့ပတ်သတ်လို့ လွတ်လပ်မှု၊ တည်ငြိမ်မှုနဲ့ လူမှုရေးတရားမျှတမှုတို့ ဟန်ချက်ညီပြီး ဥပေဒေစိုးမိုးမှုကို အခြေခံတဲ့ ဈေးကွက်စီးပွားရေးစနစ်သို့ ပြောင်းလဲဖို့ကို လုပ်ရပါမယ်။ ဆင်းရဲနွမ်းပါးမှု ပပျောက်ပြီး ဒေသလိုက် လူမျိုးများအကြား လူတစ်ဦးချင်းရဲ့ လူနေမှုအဆင့်အတန်း၊ လူမှုဘ၀သိက္ခာမြင့်မားစေဖို့ မြန်မာနိုင်ငံအတွင်းမှာ နေထိုင်ကြတဲ့ လူမျိုးစုအားလုံး တန်းတူညီမျှ အလုပ်လုပ်ကိုင်နိုင်ခွင့်ရဖိုအတွက် အလုပ်အကိုင်ဖော်ထုတ်ရေး၊ အလုပ်လက်မဲ့ပြသနာဖြေရှင်းရေးကို ဦးတည်ဆောင်ရွက်ရပါမယ်။

စီးပွားရေးမှာ နိုင်ငံတော်ရဲ့ ဘတ်ဂျက် ရငွေ၊ သုံးငွေ လိုငွေပြနေတာကို ငွေစက္ကူအသစ် ရိုက်ထုတ်ပြီး ဖြေရှင်းတာမျိုးမဟုတ်ဘဲ တခြားနည်းလမ်းတွေနဲ့ ဖြေရှင်းရပါမယ်။ လက်ရှိငွေရေးကြေးရေးစနစ်၊ ဘဏ်စနစ်မှာ အနှောင်အဖွဲ့ အဟန့်အတားဖြစ်နေတဲ့ အချက်တွေကို ဖယ်ရှားရမှာဖြစ်ပါတယ်။နိုင်ငံပိုင်နဲ့ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းတွေအားလုံး ဖွံ့ဖြိုးဖို့ နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့၊ နိုင်ငံတကာဘဏ္ဍာရေးကော်မရှင်၊ ကမ္ဘာ့ဘဏ်တို့နဲ့ ရင်းရင်းနှီးနှီးပူးပေါင်းဆောင်ရွက်သွားဖို့ လိုပါတယ်။ NLD က ယခုစပြီး ဒီလိုပူးပေါင်းမှုများကို စတင်လမ်းစဖော်နေပါတယ်။

ပညာရေးပိုင်းမှာလည်း နိုင်ငံသားတိုင်း အရည်အသွေးပြည့်ဝတဲ့ ပညာသင်ယူခွင့်ရရှိဖို့၊ မသင်မနေရ မူလတန်းပညာရေးကို ကလေးတိုင်း အခမဲ့သင်ယူခွင့်ရရှိဖို့၊ အလယ်တန်း အထက်တန်းအဆင့် အသက်မွေးဝမ်းကျောင်းပညာရပ်ဆိုင်ရာ ကျောင်းတွေကို တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ဖွင့်လှစ်နိုင်ဖို့တို့ကို ဆောင်ရွက်ရပါမယ်။ မြန်မာဘာသာစကား အခက်အခဲရှိတဲ့ တိုင်းရင်းသားမျိုးနွယ်တွေရဲ့ ကလေးတွေအတွက် အထောက်အကူဖြစ်စေမယ့် ပညာလုပ်ငန်းအစီအစဉ်တွေကို ထည့်သွင်းရေးဆွဲရပါမယ်။
ပုံမှန်ကျောင်းပညာသင်ယူရန်အခက်အခဲရှိခဲ့တဲ့ အရွယ်ရောက်ပြီးကလေးများ၊ လူငယ်လူရွယ်များ ကျောင်းပြင်ပ ပညာရေးအတွက် အထူးအစီအစဉ်များ ဆောင်ရွက်ပေးရပါမယ်။

ကျွန်မတို့ပညာရေးအဆင့်အတန်းဟာ နိုင်ငံတကာပညာရေးအဆင့်အတန်းကို လိုက်မီစေဖို့ အင်မတန်မှ အရေးကြီးပါတယ်။ ဒါမှ အခုပြောနေကြတဲ့ လူ့စွမ်းအားအရင်းအမြစ် အစစ်အမှန်တွေ ပေါ်ထွက်လာမှာဖြစ်ပါတယ်။ ဆရာ ဆရာမတွေ အရည်အချင်းပြည့်ဝဖို့ဟာလည်း အင်မတန် အရေးကြီးပါတယ်။ ဒီ့အတွက် ပြုပြင်ဆောင်ရွက်သွားရမှာဖြစ်သလို သူတို့ အရည်အချင်းနဲ့ တိုက်တန်တဲ့ လစာငွေကြေးရရှိဖို့ကိုလည်း စဉ်းစားပေးရပါမယ်။ ပညာရေးပြုပြင်ပြောင်းလဲရာမှာလည်း လက်ရှိပညာရေးစနစ်မှာတွေ့ကြုံနေကြရတဲ့ အတားအဆီး အဟန့်အတားများကို ဖယ်ရှားပစ်ရမှာ ဖြစ်ပါတယ်။

ကျန်းမာရေးအပိုင်းအနေနဲ့ နိုင်ငံတော်မှာ အရည်အသွေးပြည့် ကျန်းမာရေးစောင့်ရှောက်မှုစနစ် ရှိရပါမယ်။ အများပြည်သူ အထူးသဖြင့် ချို့တဲ့တဲ့ နိုင်ငံသူနိုင်ငံသားတွေအတွက် ကျန်းမာရေး စောင့်ရှောက်မှုရဖို့ ကျန်းမာရေး အာမခံစီမံကိန်းတွေကို သီးသန့်အားဖြင့် ထူထောင်နိုင်ရန် နည်းလမ်းများ   ရှာဖွေဆောင်ရွက်သွားရပါမယ်။ ဆေးပညာသင်ကြားရေးစနစ်၊ ဆေးပညာရပ်၊ ဆေးကုထုံးနည်း၊ ဆေးဝါးထုတ်လုပ်ရေးနည်းတွေကို
ခေတ်မီတိုးတက်လာအောင်လို့ နိုင်ငံတကာ ကပညာရှင်တွေ ဆေးပညာဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ရပါမယ်။

တောင်သူလယ်သမားများကို ဥပဒေနဲ့အညီ လယ်ယာလုပ်ပိုင်ခွင့်၊ လယ်ယာပိုင်ဆိုင်ခွင့်ရဖို့ ဦးစားပေးဆောင်ရွက်သွားမှာဖြစ်ပြီး ဆန်စပါး အပါအ၀င် လယ်ယာထွက်ကုန်ပစ္စည်းများ ဈေးကွက်စီးပွားရေးစနစ်နဲ့အညီ လွတ်လပ်စွာ စိုက်ပျိုး ကြိတ်ခွဲ ရောင်းဝယ်ခွင့်ရဖို့နဲ့ သင့်တော်တဲ့ ဈေးနှုန်းများရဖို့ကို ဦးစားပေးဆောင်ရွက်သွားရပါမယ်။ ကမ္ဘာတ၀ှမ်း လယ်ယာထွက်ကုန်ပစ္စည်းဈေးများတက်နေခြင်းကို သတိပြုပြီး အနာဂတ်ကိုရှေးရှုတဲ့ လက်ယာထွက်ကုန်စီးပွားရေးစနစ်ကို ထူထောင်ဖို့လိုပါတယ်။ တောင်သူလယ်သမားများရဲ့ နစ်နာဆုံးရှုံးမှုများကို ရပိုင်ခွင့်များ ပြသနာအရေးကိစ္စရပ်မျာကို ဆောင်ရွက်နိုင်ဖို့အတွက် ညီညွတ်သော တောင်သူလယ်သမားအဖွဲ့အစည်းများအား ဖွဲ့စည်းခွင့်ပေးသွားရပါမယ်။

အလုပ်သမားများးရဲ့ ရပိုင်ခွင့်များ အပြည့်အ၀ရရှိရေးအတွက် အလုပ်သမားအဖွဲ့အစည်းများဖွဲ့စည်းနိုင်ရေး၊ အလုပ်သမားအခွင့်အရေးကို ဥပဒေနဲ့အညီ အကာအကွယ်ရရှိနိုင်ရေးကို ဆောင်ရွက်သွားရပါမယ်။ အလုပ်သမားတိုင်း တရားမျှတမှု၊ တန်းတူညီမျှ အခွင့်အရေးရရှိမှု၊ လုပ်ပျော်သော အလုပ်ခွင်အခြေအနေ၊ တူညီသော အလုပ်အတွက် တူညီသော အခကြေးငွေရရှိခွင့်၊ လုပ်ခလစာရရှိခွင့်၊ အလုပ်လက်မဲ့ဖြစ်ခြင်းမှ အကာအကွယ်ရရှိခွင့် ရစေရပါမယ်။ အဓမ္မအလုပ်စေခိုင်းခြင်းကို တားဆီးပိတ်ပင်ပြီး အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် ILO ရဲ့ ပြဌာန်းချက်များနဲ့ ညီညွတ်စေရန် အတတ်နိုင်ဆုံး ဆောင်ရွက်သွားရပါမယ်။

လူငယ်တွေဟာ ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် တိုင်းပြည်ရဲ့ အဖိုးအတန်ဆုံးအင်အားစုတွေဖြစ်လို့ လူငယ်တွေအတွက် ပညာသင်ကြားရေး အဆင့်အတန်းမြင့်စေဖို့၊ ပွင့်လင်းလွယ်ကူစေဖို့နဲ့ ပညာအဆင့်အတန်းနဲ့ ကိုက်ညီတဲ့ လုပ်ငန်းတွေမှာ အလုပ်အကိုင်ရရှိစေဖို့ အားပေးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အလုပ်အကိုင်သစ်များဖန်တီးပေးရင်းနဲ့ လူငယ်တွေရဲ့ အလုပ်လက်မဲ့ပြသနာကို ဖြေရှုင်းဆောင်ရွက်ပေးရပါမယ်။ နိုင်ငံရဲ့ အနာဂတ်ဖြစ်ပြီး လူ့စွမ်းအားအရင်းအမြစ်ဖြစ်တဲ့ လူငယ်တွေရဲ့ စွမ်းရည်တွေကို ဖော်ထုတ်ပြီး နိုင်ငံတည်ဆောက်ရေးမှာ ခိုင်မာတဲ့စွမ်းအားစုအဖြစ် အသုံးပြုသွားပါမယ်။

ကျောင်းသားများကိုယ်တိုင်ဖွဲ့စည်းတဲ့ လွတ်လပ်တဲ့ ကျောင်းသားသမဂ္ဂများကိုလည်း ဥပဒေနဲ့အညီခွင့်ပြုသွားရပါမယ်။ နိုင်ငံရဲ့ ၅၀ ရာခိုင်နှုန်းမကဖြစ်တဲ့ အမျိုးသမီးများရဲ့ အခွင့်အရေးများ ကာကွယ်ရေး၊ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးတွင် အမျိုးသမီးများရဲ့ အခန်းကဏ္ဍကို တိုးချဲ့ရေးတို့ကိုလည်း အလေးပေးဆောင်ရွက်ရမှာဖြစ်ပါတယ်။

ယခု ကျွန်မတင်ပြသွားခဲ့တဲ့ မူဝါဒသဘောတရား အများအပြားကို ကျွန်မရဲ့ စည်းရုံးရေးခရီးစဉ် တလျှောက်မှာ ပြောပြီးဖြစ်ပါတယ်။ ဒါတွေဟာ နားထောင်လို့တော့ ကောင်းပါရဲ့ .. တကယ်ပဲ အကောင်အထည်ဖော်နိုင်ပါ့မလားလို့ ပြည်သူများက တွေးနေကြမယ်ထင်ပါတယ်။ လွယ်လွယ်နဲ့တော့ ကျွန်မတို့ လိုလားတောင့်တနေတဲ့ ပြည်ထောင်စုကြီးထူထောင်ဖို့ မဖြစ်နိုင်ပါဘူး။ ကျွန်မတို့အားလုံး ညီညီညွတ်ညွတ်နဲ့ ဆန္ဒ၊ ၀ိရိယ၊ စိတ်ဓာတ်၊ ပညာဆိုတဲ့ အောင်မြင်ခြင်းတရား လေးပါးကို ဆုပ်ကိုင်ပြီး ကြိုးစားသွားကြရင်တော့ ဖြစ်နိုင်မယ်လို့ ကျွန်မယုံကြည်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ခက်ခဲတဲ့ အလုပ်တာဝန်တွေကို ဇွဲ လုံ့လနဲ့ လုပ်ခဲ့ရတဲ့အတွေ့အကြုံတွေ ဆယ်စုနှစ်နဲ့ချီပြီး ရှိခဲ့ပါတယ်။ နိုင်ငံ့အတွက် နောက်တစ်ဆင့်တိုးပြီး ခက်ခဲတဲ့အလုပ်တွေကို အောင်မြင်စွာ ထမ်းဆောင်ပေးနိုင်ဖို့ တာဝန်ပေးတဲ့အနေနဲ့ ကျွန်မတို့ ဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ်များကို ထောက်ခံရွေးချယ်ကြဖို့ မေတ္တာရပ်ခံပါတယ်။ ကျွန်မတို့ရဲ့ တံဆပ်ကတော့ အနီရောင် အောက်ခံပေါ်မှာ ရွှေရောင်ခွပ်ဒေါင်းနဲ့ ၀ဲဘက်ထိပ်စွန်းနားမှာ ထောင့်ငါးထောင့်ရှိတဲ့ ကြယ်ဖြူကြီးပါပဲ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆိုတဲ့ စာတန်းလည်း ပါပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပြည်သူတွေ မဲပေးကြပါ။

ကျေးဇူးတင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်

http://www.youtube.com/watch?v=sR3vv0DK_jw

ဒေါင်းလုပ်ဆွဲရန်အခက်အခဲရှိသူများ အလွယ်တကူဖတ်ရှုနိုင်ရန်  ဒေါ်အောင်ဆန်းစုကြည်၏ ဟောပြောချက်များအတိုင်း ရေးသားထားခြင်းဖြစ်ပါသည်

 
YouTube - Videos from this email
ကိုအောင်မျိုးကျော်မှ ကူးယူတင်ပြသည်

အင်တာဗျူး

ပည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်က ဒေါက်တာ စိုးမင်းဆီကို ကျမတို့ဆက်သွယ်ခဲ့ကြပါတယ်။
ကျမတို့ဖုန်းဆက်တဲ့အချိန်မှာ ဒေါက်တာစိုးမင်းကကော့မှူးမြို့နယ်ထဲမှာ ရောက်နေပါတယ်။ ကျမနဲ့အတူ သတင်းထောက်တဦး လိုက်ပြီး သတင်းယူဖို့ စဉ်းစားကြပါတယ်။ နောက်ဆုံးဒေါက်တာစိုးမင်းရဲ့ ရန်ကင်းက တိုက်ခန်းမှာပဲ တွေ့ဖို့ စီစဉ်ဖြစ်ပါတယ်။
ရန်ကင်း ရွှေအုန်းပင် အိမ်ရာက တိုက်ခန်းမှာ နေထိုင်ပါတယ်။ သာမန်အစိုးရ ၀န်ထမ်းမိသားစု အိမ်တအိမ်ရဲ့ အပြင်ဆင်မျိုးပါပဲ၊ အိပ်ခန်း ၂ ခန်းနဲ့ မီးဖိုချောင်အခန်းပါတဲ့ တိုက်ခန်းမှာ နေထိုင်ပါတယ်။ ကြီးကျယ် ထည်ဝါမှုမျိုးလည်း မရှိပါဘူး၊ အိမ်ဦးခေါင်းဟာ ဘုရားစင်နဲ့ ဧည့်ခန်းဖြစ်ပါတယ်။
ဒေါက်တာစိုးမင်းမှာသားသမီး၃ယောက် ရှိပါတယ်။ သားကြီး၊သမီးလတ်နဲ့သားအငယ်ဆုံးလေးပါ။ သားအငယ်ဆုံးလေးက ၄ တန်းကျောင်းသားလို့သိရပါတယ်။ အထက ၂ ဗဟန်းမြို့နယ်မှာ ကျောင်းတက်နေတယ်လို့သားငယ်ရဲ့ ပြောစကားအရ သိရပါတယ်။
`ကော့မှူးသွားပြီး ဆေးကုနေတယ်၊ ညမှ ပြန်လာမှာပါ`လို့ ဒေါက်တာစိုးမင်းရဲ့ သားငယ်က ဖြေပါတယ်။
ကော့မှူးသွားနေတဲ့ဒေါက်တာစိုးမင်းကို တွေ့ချင်ရင် ညပိုင်း ခဏ တွေ့နိုင်ပြီး၊ ကော့မှူးနဲ့ရန်ကုန်ကို နေ့တိုင်း အသွားအပြန် လုပ်နေတယ်လို့သိရပါတယ်။
ဖုန်းဆက်ပြီး ချိန်းဆိုထားခဲ့တဲ့အတွက် ညနေ ၆နာရီ ကျော်ခန့်အချိန်မှာ ကျမတို့ တွေ့ဆုံပြီး စကားပြောခွင့်ရခဲ့ပါတယ်။
ဒေါက်တာစိုးမင်းဟာ အသားညိုညို မျက်နှာပြည့်ပြည့်၊ ဆံပင်တိုတိုနဲ့ အညာသားတဦးလို ရုပ်ရည် သွင်ပြင်မျိုးရှိပါတယ်။ရိုးသားစွာပြောရရင် ဆရာဝန်တယောက်နဲ့ မတူဘဲနဲ့ စစ်သားတယောက်နဲ့ပိုတူတာ အမှန်ပါပဲ။အဲဒါကြောင့် လက်ရှိအခြေအနေနဲ့ ဘ၀ကို ဆရာဘယ်လိုရရှိလာခဲ့သလဲ ဆိုတဲ့ မေးခွန်းကစပြီး မေးလိုက်မိပါတယ်။
` ကျွန်တော်က ၂၀၀၆ ခုနှစ်လောက်မှာ အမှတ်(၁၂)စစ်မြေပြင်မှာ တာဝန်ကျနေရင်းက အသက် (၄၅)နှစ်ပြည့်သွားတယ်။ ကျွန်တော်တို့စစ်တပ်ရဲ့မူအရ အသက်(၄၅)နှစ်ပြည့်သွားတဲ့ တပ်မတော်အရာရှိတွေကို အရပ်ဘက်မှာ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ပါဆိုပြီးတော့ အငြိမ်းစားပေးတယ်။ အဲ့ဒီကနေပြီးတော့ စည်ပင်သာယာကိုရောက်တယ်။ ရန်ကုန်မြို့တော်စည်ပင်သာယာကျန်းမာရေးဌာနမှာ ကျွန်တော်ကျန်းမာရေးအရာရှိအဖြစ်နဲ့ တာဝန်ထမ်းဆောင်တယ်။ အဲ့ဒီအချိန်မှာလဲ ဘယ်လိုဖြစ်လဲဆိုတော့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေနဲ့ကဖြိုးစေတနာဆေးခန်းတွေ(၂၀)ကျော်လောက်ဖွင့်ထားတယ်။ ဖြိုးစေတနာဆေးခန်းတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာဝန်တွေက စေတနာဆရာဝန်တွေပဲ။ သူတို့ကလဲကျွန်တော့ကိုလိုချင်တယ်။ ကျွန်တော်ကလဲအငြိမ်းစားယူလာတယ်။ ရှေ့တန်းစစ်မျက်နှာမှာလဲ ဘာငွေကြေး မယူဘဲ ကုသနေတဲ့အခါကျတော့ ဒီဆေးခန်းတွေနဲ့ ကျွန်တော့်ဝါသနာနဲ့က ကွက်တိဖြစ်နေတယ်။ မြောက်ဥက္ကလာပဆေးခန်းကို တာဝန်ယူပြီးတော့ ဆေးခန်းထိုင်ခဲ့တယ်။ဆေးခန်းထိုင်နေရင်းနဲ့ ရွေးကောက်ပွဲကြီးဖြစ်သွားတဲ့အခါကျတော့ ကျွှန်တော်လူမှုရေးလုပ်ငန်းတွေပဲ လုပ်မယ်ဆိုပြီးတော့ ဒီအတိုင်းနေနေတယ်။ အဲ့ဒီမှာ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းက ပါတီအဖြစ်နဲ့ပြောင်းလဲသွားတဲ့အခါကျတော့ ကျွန်တော်က ပါတီဝင်ဖြစ်သွားတယ်`

ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်း အနေနဲ့ ဆောင်ရွက်ချိန်ကစပြီး အသင်းဝင်အဖြစ် ပါဝင်လှုပ်ရှားခဲ့တာတွေကို ပြောပြပါတယ်။ အသင်းဝင်အနေနဲ့ ဆောင်ရွက်ခြင်း ပါတီအဖြစ် အသွင်းပြောင်းချိန်မှာပါတီဝင် ဖြစ်လာတယ်လို့လည်း ဒေါက်တာစိုးမင်းက ပြောဆိုပါတယ်။

`အခုကြားဖြတ်ရွေးကောက်ပွဲပေါ်လာတဲ့အခါကျတော့ ကော့မှူးမြို့နယ်မှာ ပါဝေင်မယ့် ကိုယ်စားလှယ်လောင်းဟာ ကော့မှူးဒေသဇာတိဖြစ်ပြီး ကော့မှူးဒေသမှာ ကျွမ်းဝင်တဲ့သူဖြစ်ပြီးတော့ ပြည်သူတွေကလေးစားတဲ့ ဆရာဝန်တစ်ယောက်ကိုရွေးချယ်ရအောင် ဆိုတဲ့ အခါမှာ ကျွန်တော့်ကိုခေါ်ပြီးတော့ မင်းတာဝန်ယူမလားဆိုပြီးမေးတယ်။ ဒီဒေသဟာလည်း ကျွန်တော် ဆရာဝန်စဖြစ်ကတည်းက အဖိုးအဖွားတွေကိုဆေးကုရင်း  ကျွမ်းဝင်နေတဲ့ ဒေသဖြစ်နေတယ်ဆိုတော့ လုပ်မယ်ဆိုပြီးတော့ လျှောက်လွှာတင်လိုက်ပါတယ်။  အဲ့တော့အထက်လူကြီးတွေကအစ စီစဉ်ပြီးတော့ ပေါ့လေ သင့်တော်တယ်ဆိုပြီးတော့ ရွေးချယ်တဲ့အတွက် ကျွန်တော်ဒီဘက်ကို ရောက်လာတာပါ`လို့ ဒေါက်တာစိုးမင်းက ပြောပါတယ်။  

ဒေါက်တာ စိုးမင်းဟာ တပ်မတော်သား ဆရာဝန် ဘ၀ လာတဲ့သူဖြစ်တဲ့အတွက် တပ်မတော်သားတယောက်ရဲ့ စကားပြောဆိုပုံ ဟန်တွေ ရှိနေတာ တွေ့ရပါတယ်။ စကားကို ရိုးရိုးနဲ့ဖြောင့်ဖြောင့်ပြောပါတယ်။ ကျမ မြင်ဖူးတွေ့ဖူးနေသော ကျမတို့  ပတ်ဝန်းကျင်က နိုင်ငံရေးသမားတွေနဲ့တော့ မတူပါဘူး။           
နိုင်ငံရေးခံယူချက်အနေနဲ့ မေးမြန်းတဲ့အခါမှာလည်း ဒေါက်တာစိုးမင်းက  နိုင်ငံရေးသမားထက် စစ်သားတယောက်ရဲ့ ခံယူချက်ကိုပဲ ဖြေဆိုပါတယ်။

`ကျွန်တော်ရဲ့နိုင်ငံရေးခံယူချက်ကတော့ ကျွန်တော်တို့ခေတ်အဆက်ဆက်က ကျွှန်တော်တို့ရဲ့နယ်မြေလေးတွေကို တစ်လက်မတောင် အပဲ့မခံနိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ စစ်သားဖြစ်ခဲ့လို့၊ ပြီးတော့တို့နယ်မြေအတွင်းမှာနေတဲ့တိုင်းရင်းသားလူမျိုးတွေကိုကော ဘယ်နိုင်ငံခြားသားကမှ စီးပွားရေးအရကော၊နိုင်ငံရေးအရကော မင်းတော့ ဟိုဟာလုပ်လိုက်စမ်း၊ဒီဟာလုပ်လိုက်စမ်း လို့သြဇာပေးတာတွေ လက်မခံနိုင်ဘူး။ နယ်မြေတွေအပဲ့မခံနိုင်ဘူး။ ပြည်သူကြီးဟာ ကိုယ့်ပညာကိုယ်သင် ကိုယ်စီးပွားကိုယ်လုပ်ပြီးတော့ ဒီအရှေ့တောင်အာရှတင်မကဘူး။ တစ်ချိန်ချိန်မှာ တကမ္ဘာလုံးက ကိုယ်လေးစားတဲ့နိုင်ငံကြီးဖြစ်အောင် ချီတက်သွားမယ်လို့ ခံယူထားပါတယ်`လို့ ဒေါက်တာစိုးမင်းက ဖြေပါတယ်။    

အန်အယ်ဒီပါတီက ဒေါ်အောင်ဆန်းစုကြည် နဲ့ယှဉ်ပြိုင်ရမှာဖြစ်တဲ့အတွက် ဘယ်လိုပြင်ဆင်ထားပါသလဲ ဆိုတဲ့ မေးခွန်းကို ကျမ ဆက်မေးခဲ့ပါတယ်။
ဖြေ။     ။ ဒေါ်အောင်ဆန်းစုကြည်က ကျွန်တော်တို့နိုင်ငံရဲ့ ဘယ်နေရာမှာပြိုင်ပြိုင် ၊ လူတွေသိပြီးသား ချစ်ပြီးသားပါဗျာ။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးအနေနဲ့လည်းချစ်တယ် ဟိုးတုန်းကတည်းက ဒေါ်အောင်ဆန်းစုကြည်က ပြည်သူ့ဘက်က နေပြီး ရပ်တည်ပြီးပြောဆိုခဲ့တာတွေရှိတော့ ပြည်သူတွေလည်းချစ်တယ်။ သူတို့ဆန္ဒနဲ့မဲထည့် ပါဆိုတော့ ပုဂ္ဂိုလ်ရေးဆန္ဒနဲ့သူတို့ပေးမှာပဲ အဲ့တော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တိုင်းပြည်ကို ဖွံ့ ဖြိုးအောင်လုပ်မယ်ဆိုတဲ့ ဟောပြောမှုကတစ်မျိုး။ ကျွန်တော်တို့ရဲ ဆောင်ရွက်ပေးနိုင်တာက တစ်မျိုး ဒီလိုဖြစ်လာပါတယ်။ ပြိုင်ဖက်ဆိုတာက အများကြီးရှိပါတယ် ဥပမာဆိုကြပါစို့ ရန်သှူအနေနဲ့ ပြိုင်ဖက်လည်းရှိသလို မိတ်ဆွေအနေနဲ့ ပြိုင်ဖက်လည်းရှိတယ်။ မိသားစုထဲမှာ မောင်နှမနှစ်ယောက်ရှိသလိုပဲ သူက ဆယ်တန်းမှာဂုဏ်ထူး ၅ ခုရတယ်ဆိုရင် ငါ့အလှည့်ကျရင်လည်း ဂုဏ်ထူး ၆ ခု ရအောင်ကြိုးစားမယ်ဆိုတာရှိတယ်။ အားကစားအသင်းမှာလည်းဒီလိုပဲ ပွဲပြီးသွားတဲ့အခါ အသင်းနှစ်သင်းက လည်ပင်းဖက်ပြီးတော့ စားကြသောက်ကြတာပဲ။ ငါသေတယ် မင်းသေတယ် မင်းသေတယ် ငါသေတယ် အသက်ချင်းလဲမယ်ဆိုတာကှိစစ်လို့ခေါ်တယ် ။ အဲ့လိုပြိုင်ဖက်ဆိုတဲ့စကားကို ဘယ်လိုသုံးသပ်လည်းဆိုတော့ ဒီဧရိယာထဲမှာဒေါ်အောင်ဆန်းစုကြည်နဲ့ ကျွန်တော်နဲ့ ယှဉ်ပြီးတော့ မဲဆွယ်ရမှာမို့သွာ ပြိုင်ဖက်အသွင်ကြီးဖြစ်နေတာပေါ့ ။ တကယ်တမ်းကျတော့ သူကလည်း သူ့လမ်းလျှောက်ပြီး  ပြည်သူတွေကိုနားလည်အောင်ရှင်းပြတယ်။ ကျွန်တော်လည်း ကျွန်တော့်လမ်းကျွန်တော်လျှောက် ပြည်သူတွေကိုနားလည်အောင်ရှင်းပြတယ်။ ပြည်သူတွေအားလုံးက စဉ်းစားဆုံးဖြတ်ပြီးတော့ သူတို့မဲတွေကို ပေးကျမှာဖြစ်တဲ့အတွက် တကယ်တော့ ကျွန်တော်တို့နှစ်ဦးက ပြိုင်နေတာမဟုတ်ပါဘူး။  ပြည်သူတွေကို တစ်ယောက်တစ်မျိုးစီ ရှင်းပြနေကြတာကြတာပါ။ ဒီတာဝန်တွေကနေ ပြီးဆုံးသွားတဲ့အခါကြတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့          ကျွန်တော်နဲ့ကလည်း မြန်မာပြည်သား နှစ်ယောက်အနေနဲ့ ရပ်တည်နေကြမှာပဲ အဲ့လိုပဲ          ကျွန်တော်မြင်ပါတယ် ။

ရှေ့ဆက်ပြီးတော့ ကျမအနေနဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ရပ်ကွက်တွေထဲမှာ ငွေကြးအခက်မခဲရှိသူတွေကို အတိုးနည်းနည်းနဲ့ ငွေချေးပေးနေတဲ့ကိစ္စကို ဆက်မေးဖြစ်ပါတယ်။
ဖြေ။     ။ကျွန်တော်က ဆေးခန်းနဲ့ဆေးကုတဲ့အခါကြတော့ အဲ့ငွေချေးလုပ်ငန်းနဲ့ပတ်သက်ပြီးတော့
အတိအကျတော့မပြောတတ်ပါဘူး။ ကော့မှူးနယ်မှာလည်း ချေးပေးပါတယ် လွန်ခဲ့တဲ့တစ်နှစ်နှစ်ကတည်းက လုပ်နေတာကိုကျွန်တော်သိထားပါတယ်
မေး။    ။ကော့မှူးမှာ အဲ့လိုငွေချေးပေးတာကရော စည်းရုံးရေးလုပ်ငန်းတစ်ခုဖြစ်ပါသလား။
ဖြေ။     ။ကျွန်တော်တို့ဒီနယ်မှာရှိတဲ့ နေထိုင်လူထုနဲ့ ကျွန်တော်တို့နဲ့က အကျွမ်းဝင်ပြီးသားပါ။အစကတည်းက အမျိုးတွေလိုနေကျတော့ သူ့မရှိလည်းကိုယ်ချေး ကိုယ့်မရှိလည်းသူချေး ဆိုတော့ အပြန်အလှန်ကျေးဇူးဆပ်တဲ့သဘောဖြစ်နေတော့ ဒီလူတွေက ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ကိုလေးစားသောအားဖြင့် မဲထည့်ကျမှာပဲ တမင်တကာ စည်းရုံးရေးလို့တော့ ကျွန်တော်မထင်ပါဘူး။

မေး။    ။ဆရာတို့ပါတီအနေနဲ့ လမ်းပြင်တာတွေ လမ်းဖောက်ပေးတာတွေရှိပါတယ် အဲ့လိုလမ်းဖောက်ပေးတာ
          တွေဟာ ပါတီပိုင်ပိုက်ဆံနဲ့အသုံးပြုတာလား နိုင်ငံတော်စည်မံကိန်းထဲကပဲသုံးပါသလား။
ဖြေ။     ။ကျွန်တော်တို့ပါတီက ကြံ့ ခိုင်ဖွံ့ ဖြိုးရေးအသင်းကြီးကနေပြီးတော့ ပါတီကိုပြောင်းတာပါ အသင်းကြီး
          ဘ၀မှာတုန်းကဆိုရင် သက်ဆိုင်ရာလုပ်ငန်းတွေ ချပေးလိုက်ပြီးတော့ အဲ့ဒီဘတ်ဂျတ်ထဲကပဲသုံးတာပါ
          နိုင်ငံတော်ဘတ်ဂျတ်တွေက ဘယ်လောက်သုံးပါဆိုပြီး ကျွန်တော်လည်းသိမထားပါဘူး ပြီးတော့လည်း
          မဟုတ်ဘူးထင်ပါတယ်။
မေး။    ။ရွေးကောက်ပွဲကော်မရှင်အနေနဲ့ လွတ်လပ်ပြီးတရားမျှတမှုဖြေစ်စေရမယ်လို့ တရားဝင်ကြေငြာပါတယ်
          အဲ့အပေါ်မှာကော ဆရာ့အမြင်ဘယ်လိုရှိပါလည်း တရားမျှတတဲ့ရွေးကောက်ပွဲတစ်ခုဖြစ်လာမယ်လို့
          ထင်ပါသလား။
ဖြေ။     ။ဒါကတော့ ကျွန်တော်အတိအကျယူဆတယ် ကော်မရှင်က အခုကျွန်တော်ရဲ့ အလှည့်မှာ ကျွန်တော်တို့
          ကို တစ်ခုမှ pause မပေးထားပါဘူး တခြားအဖွဲ့အစည်းတွေကိုလည်းမပေးဘူး အတိအကျပဲ မဲစာရင်း
          တွေကို ပြုစုနေပြီး ငါးရာအတွင်းမှာပဲ မဲဆွယ်တယ်ဆိုတာ အတိအကျပဲ ကျွန်တော်တို့ကို ဖိအားပေး
          တယ် တခြားအဖွဲ့ အစည်းတွေကိုလည်း ဖိအားပေးတယ် ဒီနှစ်ကတော့ ကော်မရှင်က သူရဲ့အစွမ်းအစ
          တွေကို အတိအကျပြပြီးတော့ လုပ်သွားမဲ့ပွဲပါ ကျွန်တော်တို့လည်း ဘာမှလုပ်လို့မရသလို တစ်ဖက်က
          လည်း ဘာမှလုပ်လို့မရဘူး တကယ်ကိုအကောင်အထည်ဖော်မှာပါ။
မေး။    ။နိုင်ငံတော်သမ္မတကြီးကကော ရွေးကောက်ပွဲကော်မရှင်ကကော စောင့်ကြည့်အဖွဲ့တွေကိုလေ့လာဖို
          အတွက် စဉ်းစားမယ်လို့ပြောဆိုတဲ့အပေါ် ဆရာဘယ်လိုမြင်ပါသလဲ။နိုင်ငံတကာစောင့်ကြည့်ရေးအဖွဲ့ 
          တွေကို လက်ခံသင့်တယ်လို့ ဆရာမြင်ပါသလား။
ဖြေ။     ။ဒီပွဲကတော့ ပွင့်ပွင့်လင်းလင်းပြောလို့ရှိရင် ဒိုင်လူကြီးကောင်းကောင်းလိုပါတယ်။  ဘာဖြစ်လို့လည်းဆို
          တော့ ကျွန်တော်တို့အောက်ခြေမှာ စည်းရုံးနေတဲ့ အနေအထားတွေမှာဆိုရင် ဒီပွဲကိုကျွန်တော်တို့နဲနဲ
          ရိပ်မိနေပါတယ် ကျွန်တော်တို့ ရှုံးသွားရင်လည်းမကောင်းပါဘူး ၊ ကျွန်တော်တို့ ရှုံးခြင်းနိုင်ခြင်းကို ဒိုင်လူ
          ကြီးတွေ ဆုံးဖြတ်ပေးတာကောင်းပါတယ် ဒိုင်လူကြီးတွေထဲမှာ စောင့်ကြည့်ရေးအဖွဲ့ တွေက ထိုင်ကြည့်
          နေရင်ပိုကောင်းပါတယ် ဘာလို့လည်းဆိုတော့ ကျွန်တော်တို့ ထပ်ရှင်းစရာမလိုဘး တကယ်လို့
          ကျွန်တော်တို့နိုင်ခဲ့ရင် တစ်ခုခု ကွန်ပလိန်းတက်တဲ့အခါကျရင် ရှင်းပြနေရအုံးမယ် အဲ့တော့ ဒိုင်လူကြီး
          ကောင်းကောင်းလိုပါတယ် လာခဲ့ပါ လာစောင့်ကြည့်ပါ ကျွန်တော်တို့တွေက လာသင့်တယ်လို့ပဲ
          ကျွန်တော်မျှော်လင့်ပါတယ် ။
မေး။    ။ဟုတ်ကဲ့ပါဆရာ ဆက်လက်ပြီးမဲဆွယ်စည်းရုံးရေးလုပ်ငန်းအနေနဲ့ ဘယ်လိုဆောင်ရွက်ဖို့ရှိပါသလဲ။ စည်းရုံးရေးအတွက် အသုံးစရိတ်ကိုရော ဘယ်လို သုံးစွဲနေရပါသလဲ။
         

ဖြေ။     ။အဲ့အချက်နဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ရဲ့ ဆရာတွေ ဥက္ကဌကြီးတွေက သုံးစွဲနေကျတာ ဖြစ်ပါတယ်။
  အများကြီးသုံးမဲ့အထဲကကျွန်တော်ကအပိုင်းလေးတပိုင်းပါပဲကျနော့်အနေနဲ့ ကဘာတွေသုံးလည်းဆိုတော့ အခုလို လှုပ်ရှားဖို့အတွက် ဗွီနိုင်းတွေရိုက်ရတယ် ပန်းဖလက်တွေ ရိုက်ရတယ်။ အဲ့တော့ ကျွန်တော် နှစ်သိန်းကုန်တာရှိတယ်          သုံးသိန်းကုန်တာရှိတယ် ဒီလိုမျိုးတွေ ကျတော့  သူတို့ ဘတ်ဂျတ်တွေထဲက ထုတ်ပေးတာ မင်းကတော့ ဘယ်လောက်သုံးခွင့်ရှိတယ်ဆိုပြီး ချပေးတာမျိုး မရှိပါဘူး။
မေး။    ။မြို့ နယ် တစ်ခုစီကို တစ်မြို့ နယ်ကိုဘယ်လောက်သုံးဆိုပြီးသတ်မှတ်ပေးထားတ်ာကော
          ရှိပါသလား။
ဖြေ။     ။မြို့ နယ်အလိုက်အတွင်းရေးမှူးတွေအကောင်အထည်ဖော်နေတာတွေကတော့ ရှိပါတယ်အဲ့မှာ
          ကျွန်တော်အစည်းအဝေးတက်ရတယ် တက်တဲ့အခါမှတင်ပြတာကတော့ ဘတ်ဂျတ်ကလစဉ်ဘယ်
          လောက်ရတယ် ဘယ်လောက်သုံးတယ် ဒီလိုပုံစံတွေမဟုတ်တာတော့အမှန်ပဲ ။ ဥက္ကဌကြီး ကျွန်တော်
          တို့ ဒါတွေကို ဒီလောက်သုံးထားပါတယ် ပြည်သူလူထုက ဒီလိုပြောထားပါတယ် အဲ့ဒီလိုတင်ပြကျတယ်
          အဲ့တာဆိုရင် ဥက္ကဌကြီးက ဒီငွေတွေထဲက ဘယ်လောက်သုံးဆိုပြီး ဂရုတစိုက်လုပ်ပေးတယ် အဲ့ဒီလိုပဲ
          သုံးနေကျတာပါ ။
 ဒေါက်တာ စိုးမင်းကို ခုလို ဖြေပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း နှုတ်ဆက်စကားပြောပြီး ပြန်လာခဲ့ချိန်က ည ၈နာရီ အချိန်ဖြစ်နေပါပြီ။
ကျမအနေနဲ့ ဒေါက်တာစိုးမင်းနဲ့ပတ်သက်ပြီး မေးမြန်းဖြစ်ခဲ့တာတွေကို ပြန်လည် မျှဝေလိုက်ပါတယ်။



မသီရိမေ နေပြည်နေပြည်တော်

Wednesday, March 14, 2012

ဖတ်စရာများ ၅

(၁) လူ့တစ်သက်မှာ ဝှက်ထားလို့မရတဲ့အရာ သုံးမျိုးရှိတယ်။
အဲဒီသုံးမျိုးက ချောင်းဆိုးတာ၊ ဆင်းရဲတာနဲ့ ချစ်တာဖြစ်တယ်။ ဒီအရာသုံးမျိုးကို ဝှက်ထားချင်လေလေ ပေါ်လေလေပါပဲ။

(၂) လူ့တစ်သက်မှာ မဖြုန်းတီးသင့်တဲ့အရာ သုံးမျိုးရှိတယ်။
အဲဒီသုံးမျိုးက ခန္ဓာကိုယ်၊ ငွေကြေးနဲ့ အချစ်ဖြစ်တယ်။ အဲဒီအရာသုံးမျိုးကို ဖြုန်းတီးလေ အကျိုးမရလေဖြစ်တယ်။

(၃) လူ့တစ်သက်မှာ မြဲမြဲစွဲထားလို့မရတဲ့အရာ သုံးမျိုးရှိတယ်။
အဲဒီသုံးမျိုးက အသက်၊ အချိန်နဲ့ အချစ်ဖြစ်တယ်။ အဲဒီအရာသုံးမျိုးကို မြဲမြဲစွဲထားချင်လေ ဝေး,ဝေးသွားလေဖြစ်တယ်။

(၄) လူ့တစ်သက်မှာ လွမ်းဆွတ်းတမ်းတမသင့်တဲ့အရာ သုံးမျိုးရှိတယ်။
အဲဒီသုံးမျိုးက ဘေးအန္တရာယ်၊ သေဆုံးခြင်းနဲ့ အချစ်ဖြစ်တယ်။ အဲဒီအရာသုံးမျိုးကို လွမ်းဆွတ်လေ ဆင်းရဲပင်ပန်းကြီးလေဖြစ်တယ်။

(၅) လူ့ဘဝရဲ့ ဝမ်းနည်းကြေကွဲစရာ အကောင်းဆုံးဆိုတာ --- မနေ့က ဆုံးရှုံးခဲ့တဲ့အရာ သိပ်များနေလို့မဟုတ်ဘူး။ မနေ့က ဆုံးရှုံးခဲ့တဲ့အရာထဲကနေ နလန်မထနိုင်တာဖြစ်တယ်။

(၆) လူ့ဘဝရဲ့ တုံး,အဆုံးဆိုတာ -- မျက်စိရှေ့က ထောင်ချောက်ကို မမြင်တာမဟုတ်ဘဲ အဲဒီထောက်ချောက်ထဲ ဒုတိယအကြိမ် လဲကျတာဖြစ်တယ်။

(၇) လူ့ဘဝရဲ့အထီးကျန်ဆုံးဆိုတာ -- စောင့်နေတဲ့လူ မလာသေးတာမဟုတ်ဘူး။ နှလုံးသားထဲကနေ ဒီလူထွက်သွားတာဖြစ်တယ်။

(၈) လူ့ဘဝရဲ့ အနာကျင်ဆုံးဆိုတာ -- ကိုယ်ချစ်တဲ့လူကို မပိုင်ဆိုင်ရတာ မဟုတ်ဘူး။ ကိုယ်ချစ်တဲ့လူကို ပျော်ရွှင်မှု မပေးနိုင်တာဖြစ်တယ်။

(၉) လူ့ဘဝရဲ့ အကြည်နူးဆုံးဆိုတာ -- ပန်းစည်းတစ်စည်းကို ရလိုက်တာ မဟုတ်ဘူး။ ပန်းစည်းတွေကြားထဲ အမြဲတမ်းနေရတာဖြစ်တယ်။

(၁ဝ) လူ့ဘဝရဲ့အပျော်ရွှင်ဆုံးဆိုတာ -- တခြားလူက ကိုယ့်ကိုပေးတဲ့ အပျော်ကြောင့်မဟုတ်ဘူး။ ကိုယ်က တခြားလူကိုပေးတဲ့ အပျော်ကြောင့်ဖြစ်တယ်။

(၁၁) လူ့ဘဝရဲ့ အချမ်းသာဆုံးဆိုတာ -- ရွှေတောင်ကြီးတစ်တောင် ပိုင်ဆိုင်ထားတာ မဟုတ်ဘူး။ ရွှေတောင်ကြီးနဲ့ ဝယ်ယူလို့မရနိုင်တဲ့အရာကို ကိုယ်ပိုင်ဆိုင်ထားတာဖြစ်တယ်။

(၁၂) ကိုယ့်ကိုယ် ဘယ်လောက်ကောင်းကြောင်း မပြောပါနဲ့ .... လူတွေ အလွယ်တကူ မယုံတတ်လို့ပါ။ ကိုယ့်ကိုယ် ဘယ်လောက်ဆိုးကြောင်း မပြောပါနဲ့ ... လူတွေ အလွယ်တကူ ယုံတတ်လို့ပါ။

(၁၃) အတင်းတွေကြားမှာ တချို့က ပါးစပ်ကိုသုံးတယ်။ ကျွန်တော်က နားကိုသုံးတယ်။

(၁၄) "ကံမကောင်းခြင်း"ဆိုတာ စာရင်းသွင်းစရာမလိုဘဲ လူတိုင်းတက်ရတဲ့ကျောင်းဖြစ်တယ်။ ဒီကျောင်းကို အောင်နိုင်သူဟာ သန်မာထက်မြက်သူဖြစ်တယ်။

                                                                                                                                           နိုင်းနိုင်းစနေ

ဖတ်စရာများ ၎

(၁) ဆုတ်လမ်းကို ဖြတ်တောက်နိုင်မှ ရှေ့လမ်းကိုပိုတိုးရဲမယ်

တချို့အချိန်မှာ ဆုတ်လမ်းကို ဖြတ်တောက်ရဲတဲ့သတ္တိကို ကျွန်တော်တို့လိုလာတယ်။ နောက်ဆုတ်ဖို့လမ်း ရှိမှန်းသိနေရင် ရှေ့တိုးမယ့် ကျွန်တော်တို့ရဲ့ခြေလှမ်းတွေ တွန့်ဆွန်သွားတတ်တယ်။ နှေးသွားတတ်တယ်။ တကယ်လို့ နောက်ဆုတ်ဖို့လမ်းမရှိတဲ့အခါ ရှေ့တိုးဖို့ကို ကျွန်တော်တို့ ပိုအာရုံစိုက်လာတယ်၊ တိုးရဲတဲ့သတ္တိရှိလာတယ်။ ဒါမှ အောင်နိုင်ခြင်းကို ရမှာဖြစ်တယ်။

(၂) လူတစ်ယောက်ဟာ အလိုအပ်ခံရတဲ့အခါ သူ့ရဲ့အသက်ရှင်နေထိုင်ခြင်းက ပိုအဓိပ္ပာယ်ပြည့်စုံသွားတယ်

လူတွေဟာ တခြားလူရဲ့လိုအပ်တာကို ခံချင်ကြတယ်။ ဒါဟာ လူ့သဘာဝဖြစ်သလို သူ့ရဲ့တန်ဖိုးကိုလည်း ပြရာရောက်တယ်။ တချို့အချိန်အခါမှာ လူတစ်ယောက်ဟာ အလိုအပ်မခံရတော့တဲ့အခါ (ပစ်ပယ်ခံရတဲ့အခါ) သူ့ရဲ့အသက်ရှင်နေထိုင်ခြင်းက အဓိပ္ပာယ်မဲ့သွားတယ်လို့ ခံစားတတ်ကြတယ်။ ဒါကြောင့် မိသားစု၊ သူငယ်ချင်း မိတ်ဆွေတွေကို "ငါတို့ မင်းကိုလိုအပ်တယ်"ဆိုတဲ့အကြောင်း ပြသပြောဆိုပါ။

(၃) မျှော်လင့်ချက်ထဲ ရှင်သန်နေမှ အလင်းကိုတွေ့နိုင်မှာဖြစ်တယ်

လူအများက ဘဝမှာ အလင်းရောင်မရှိဘူး၊ အလင်းမဲ့တယ်လို့ ညည်းတွားကြတယ်။ ဒါဟာ မျှော်လင့်ချက်မရှိလို့၊ မျှော်လင့်ချက်မဲ့လို့ဖြစ်တယ်။ ဘယ်လိုအချိန်မျိုးမှာဖြစ်ဖြစ်၊ ဘယ်လောက်ပဲ ခက်ခဲတဲ့ ဆင်းရဲဒုက္ခမျိုးမှာဖြစ်ဖြစ် မျှော်လင့်ချက်သာရှိခဲ့ရင်၊ မျှော်လင့်ချက်နဲ့ရှင်သန်ခဲ့ရင် အလင်းရောင်ကိုတွေ့မြင်ပြီး အဲဒီအလင်းက သင့်အနားမှာ အမြဲလင်းလက်နေမှာဖြစ်တယ်။

(၄) ကျွမ်းကျင်မှုဆိုတာ ဘဝရဲ့အကောင်းဆုံး ရှင်သန်နည်းဖြစ်တယ်

ဘဝမှာ ချမ်းသာကြွယ်ဝအောင်လုပ်တဲ့နည်း မျိုးစုံရှိတယ်။ ဒါပေမယ့် နည်းတိုင်းက ကျွန်တော်တို့နဲ့ သင့်တော်ချင်မှ သင့်တော်မယ်။ နည်းတိုင်းနဲ့ ချမ်းသာကြွယ်ဝအောင် ကျွန်တော်တို့လုပ်နိုင်ချင်မှ လုပ်နိုင်မယ်။ ဒါပေမယ့် သေချာတာက ကျွမ်းကျင်မှုဟာ ဘဝရဲ့အကောင်းဆုံး ရှင်သန်နည်းဖြစ်တယ်။ လက်မှုပညာလေးပဲဖြစ်ဖြစ် ကျွမ်းကျင်ရင် အောင်မြင်မှုကို မုချရနိုင်ပါတယ်။

(၅) ဘယ်သူ့ကိုမှ အားမကိုးနဲ့ ကိုယ့်ကိုယ်ကို အားကိုးပါ

ပြဿနာ၊ အခက်အခဲနဲ့ရင်ဆိုင်ရတဲ့အခါ လူအများဟာ မိမိကိုယ်ကိုယ်ယုံကြည်မှု၊ မိမိကိုယ်ကိုယ်လေးစားမှုတွေ မဲ့သွားတတ်ကြတယ်။ ပြဿနာ၊ အခက်အခဲကြောင့် လဲပြိုသွားတတ်ကြတယ်။ နောက်ဆုံးမှာ ဆင်းရဲဒုက္ခရဲ့ကျေးကျွန်ဖြစ်ရတယ်။ လူတချို့က မိမိကိုယ်ကိုယ်ယုံကြည်မှု၊ လေးစားမှုကို ထိန်းထားနိုင်ကြတယ်။ ပြဿနာ၊ အခက်အခဲကို ခေါင်းညိတ်အရှုံးမပေးဘူး။ နောက်ဆုံးမှာ ဆင်းရဲဒုက္ခက သူတို့ရဲ့ကျေးကျွန်ဖြစ်ရတယ်။ ဒီလိုလူမျိုးက လူရဲ့ပင်ကိုယ်ကို ပိုမြင့်မြတ်၊ ပိုတောက်ပြောင်စေတာကြောင့် လေးစားထိုက်သူဖြစ်တယ်။

(၆) အပြေးမြန်ရသလို တည်တည်ငြိမ်ငြိမ်နဲ့ ပြေးတတ်ရမယ်

ဘဝဆိုတာ အပြေးပြိုင်ပွဲကြီးတစ်ခုဖြစ်တယ်။ ပြေးတာသိပ်မြန်ရင် ခံနိုင်ရည်အလွယ်တကူ ယုတ်လျော့မယ်။ ပြေးတာသိပ်နှေးရင် နောက်ကျကျန်ခဲ့မယ်။ လမ်းခုလပ်မှာ နုတ်ထွက်ရင် အရင်ကကြိုးစားခဲ့သမျှ အချည်းနှီးဖြစ်မယ်။ မပါဝင်ရင်တော့ အောင်နိုင်ဖို့ အခွင့်အရေး လုံးဝရှိမှာမဟုတ်ဘူး။

(၇) ကံကြမ္မာကိုပြောင်းလဲချင်ရင် အရင်ဆုံး ကိုယ့်ကိုယ်ပြောင်းလဲနိုင်ဖို့ အရေးကြီးတယ်

တူညီတဲ့ပတ်ဝန်းကျင်မှာနေထိုင်တဲ့ မတူတဲ့လူနှစ်ယောက်ဟာ မတူတဲ့ကံကြမ္မာကို ပိုင်ဆိုင်ထားကြတယ်။ လူတွေရဲ့ကံကြမ္မာကို ဘုရားသခင် ဖန်တီးထားတာ မဟုတ်သလို တခြားလူရဲ့ အဆုံးအဖြတ်အောက်မှာ ရှိတာလည်း မဟုတ်ဘူး။ ကိုယ့်ကံကြမ္မာကို ကိုယ်ပဲပိုင်ဆိုင်တယ်။ တကယ်လို့ လူတစ်ယောက်ဟာ ကိုယ့်ကံကြမ္မာကို ပြောင်းလဲချင်ရင် အရင်ဦးဆုံး ကိုယ့်ကိုယ်ပြောင်းလဲနိုင်ဖို့ ကြိုးစားရမယ်။ စိတ်နေစိတ်ထားကို ပြောင်းလဲမယ်၊ ဝန်းကျင်ကို ပြောင်းလဲမယ်။ ဒါမှ ကံကြမ္မာကလည်း လိုက်ပြီးပြောင်းလဲမှာ ဖြစ်တယ်။

(၈) အကျင့်ဆိုတာ ကျွန်တော်တို့ မွေးမြူထားတဲ့အရာဖြစ်တယ်။ ဒါကြောင့် အကျင့်ကို ကျွန်တော်တို့ ပြောင်းလဲနိုင်စွမ်းရှိတယ်

ကျွန်တော်တို့ဟာ အမြဲတမ်းလုပ်တဲ့ အလုပ်တစ်ခုကနေ အကျင့်အဖြစ် ပြောင်းသွားတတ်ကြတယ်။ အကျင့်ဖြစ်သွားပြီဆိုတာနဲ့ အဲဒီအကျင့်ရဲ့ထိန်းချုပ်တာကို ကျွန်တော်တို့ ခံရတော့တယ်။ ကျွန်တော်တို့လူတိုင်းမှာ တိမ်ငုပ်နေတဲ့စွမ်းရည် ကိုယ်စီရှိကြတယ်။ အကျင့်ကို ကျွန်တော်တို့မွေးမြူနိုင်စွမ်းရှိရင် မကောင်းတဲ့အကျင့်ကိုလည်း ကျွန်တော်တို့ တွန်းလှန်ဖျက်ထုတ်နိုင်စွမ်းရှိတယ်။

(၉) ကိုယ်ပိုင်ဆိုင်တာကိုပဲ ကြည့်ပါ။ ကိုယ့်မှာ မရှိတာတွေအတွက် ဝမ်းနည်းမနေပါနဲ့

အောင်မြင်ချင်ရင် ကိုယ့်ကိုယ်ကို အရင်လက်ခံတတ်ရတယ်၊ ကိုယ့်ကိုယ်ကို အရင်အတည်ပြုတတ်ရတယ်။ လောကကြီးမှာ လူတိုင်းလူတိုင်း အားနည်ချက်၊ ချွတ်ယွင်းချက်ကိုယ်စီရှိကြတယ်။ ကံကြမ္မာကို လက်ညိုးထိုး အပြစ်ပုံမချပါနဲ့။ ကိုယ့်မှာ မရှိတာတွေအတွက် ဝမ်းမနည်းပါနဲ့။ ကိုယ့်မှာရှိတာတွေကိုပဲ ပိုဂရုစိုက်ပြီး ကိုယ့်ကိုယ်ကို အတည်ပြုလက်ခံပါ။

(၁ဝ) မှန်ကန်တဲ့နည်းနဲ့ သင့်ကိုယ်သင် ဆန်းစစ်ပါ။ အရာအားလုံး ပြောင်းလဲသွားပါလိမ့်မယ်

အမြဲတမ်း ကိုယ့်ကိုယ်ကို သနားညှာတာနေရင်၊ ကိုယ့်ကိုယ်ကို အထင်ကြီးတပ်မက်နေရင် တခြားလူရဲ့ရင်ထဲ သင်ဝင်နိုင်မှာ မဟုတ်သလို သင့်ရင်ထဲလည်း တခြားသူဝင်ရောက်နိုင်မှာ မဟုတ်ဘူး။ မှန်ကန်တဲ့နည်းနဲ့ သင့်ကိုယ်သင် ဆန်းစစ်ပါ။ ဒါဟာ သင့်စိတ်၊ သင့်ခန္ဓာကို ပေါ့ပါးပျော်ရွှင်စေသလို အရာရာကိုလည်း အဆင်ပြေ ချောမွတ်၊ ပြောင်းလဲစေပါတယ်။

                                                                                                                                            နိုင်းနိုင်းစနေ

ဖတ်စရာများ ၃

၁) ပြီးဆုံးသွားတဲ့စာမျက်နှာကို ပြန်မလှန်ချင်ရင် မလှန်တာက အကောင်းဆုံးပဲ။ ဖုန်သလိပ်တွေကြောင့် မျက်စိစပ်မှာ စိုးလို့ပါ။

(၂) တကယ်လို့ ရွေးချယ်ခွင့်ရှိခဲ့ရင် အမုန်းနဲ့ အချစ်တစ်ခုကို အဆုံးမသတ်ပါနဲ့။

(၃) နောင်တဆိုတာ စိတ်ဓာတ်ကိုအနှောင့်အယှက်ပေးတဲ့ ခံစားချက်တစ်မျိုးဖြစ်တယ်။ နောင်တဆိုတာ ဆုံးရှုံးမှုထက် ပိုကြီးတဲ့ဆုံးရှုံးမှု၊ အမှားထက် ပိုကြီးတဲ့မှားယွင်းမှုဖြစ်တယ်။ ဒါကြောင့် ဘယ်တော့မှ နောင်တ မရပါနဲ့။

(၄) အချစ်က မီးအိမ်၊ သူငယ်ချင်းကအရိပ်ဆိုရင် မီးငြိမ်းသွားတဲ့အခါ သင့်ပတ်လည်မှာ အရိပ်တွေပဲ ကျန်နေတာကို တွေ့ရလိမ့်မယ်။ သူငယ်ချင်းဆိုတာ နောက်ဆုံးအချိန်ထိ သင့်ကို အားအင်တွေပေးတဲ့သူဖြစ်တယ်။

(၅) အချစ်က ထမင်းဖြူနဲ့တူတယ်၊ ရိုမန်တစ်က စားပွဲခုံပေါ်က ဟင်းနဲ့တူတယ်။ ဆာလောင်နေချိန်မှာ လူတွေက ထမင်းစားချင်ကြတယ်။ ဒါပေမဲ့ ဗိုက်လည်းဝရော လူတွေက ဟင်းကောင်းမကောင်းဆိုတာကိုပဲ ဆွေးနွေးကြတယ်။ စားခဲ့တဲ့ထမင်းဖြူရဲ့အရသာကိုတော့ ဘယ်သူမှ သတိမရကြဘူး။

(၆) ဘယ်သူမှ ကိုယ့်ကိုယ် စိတ်ရှုပ်၊ စိတ်အနှောင့်ယှက်ပေးနေတာ မဟုတ်ဘူး။ ကိုယ်က တခြားလူရဲ့စကား၊ တခြားလူရဲ့ အပြုအမှုနဲ့ ကိုယ့်ကိုယ်ကို စိတ်အနှောင့်အယှက်ပေးနေတာဖြစ်တယ်။

(၇) အောင်မြင်တဲ့လူတိုင်းမှာ စတင်ခြင်းဆိုတာရှိတယ်။ စတင်ရဲတဲ့သူကမှ အောင်မြင်တဲ့လမ်းကို ရှာတွေ့မှာဖြစ်တယ်။

(၈) ရည်မှန်းချက်ပန်းတိုင်ရှိသူ၊ အဝေးကိုလှမ်းမြင်တတ်သူတွေကို လောကကြီးက အမြဲလမ်းဖယ်ပေးတယ်။

(၉) ပတ်ဝန်းကျင်က ကိုယ့်စိတ်အလိုအတိုင်း ဖြစ်နေမှာမဟုတ်ဘူး။ အဆိုးမြင်သူက ပတ်ဝန်းကျင်ရဲ့ အထိန်းချုပ်ကို ခံရတယ်။ အကောင်းမြင်သူက ပတ်ဝန်းကျင်ကို ထိန်းချုပ်တယ်။

(၁ဝ) မနာလို၊ ဝန်တိုတယ်ဆိုတာ ဓားတစ်လက်နဲ့တူတယ်။ တခြားသူရဲ့နောက်ကျောကို ထိုးရင်ထိုး မထိုးရင် ကိုယ့်ရင်ကို ကိုယ်ပြန်ထိုးတယ်။


  ထားဝယ်မိသားစု

ဖတ်စရာများ ၂

(၁) ဒဏ်ရာတစ်မျိုးကို ဝမ်းနည်းခြင်းလို့ ခေါ်သတဲ့....
မျက်တောင်က မျက်ရည်ဥရဲ့အလေးဒဏ်ကို မခံနိုင်တော့ဘဲ သာသာလေးထိလိုက်ရုံနဲ့တင် ကြွေကျသွားတဲ့ ဝမ်းနည်းခြင်းမျိုး...

(၂) ရင်ထဲကအချစ်ကို သူကြားအောင် ထုတ်ဖော်ကြေညာပါ။ မနက်ဖြန်နဲ့မတော်တဆ ဘယ်အရာက အရင်ရောက်လာမယ်ဆိုတာကို သင်ဘယ်တော့မှ မသိနိုင်လို့ပါ။

(၃) လူဆိုးစစ်စစ်တွေက ကြောက်ဖို့မကောင်းပါဘူး... လူကောင်းအတုတွေသာ ကြောက်ဖို့ကောင်းပါတယ်။

(၄) အလုပ်များတယ်ဆိုတာလည်း ပျော်ရွှင်ခြင်းတစ်မျိုးပါပဲ....
ကျွန်တော်တို့ကို နာကျင်တဲ့ခံစားချက်ခံစားဖို့ အချိန်မပေးလို့ဖြစ်တယ်။

ရုန်းကန်တယ်ဆိုတာလည်း ပျော်ရွှင်ခြင်းတစ်မျိုးပါပဲ...
ကျွန်တော်တို့ကို တကယ့်လက်တွေ့ဘဝ ခံစားစေလို့ဖြစ်တယ်။

ပင်ပန်းနွမ်းနယ်တယ်ဆိုတာလည်း ပျော်ရွှင်ခြင်းတစ်မျိုးပါပဲ..
ကျွန်တော်တို့ကို ဆန်ကုန်မြေလေးအဖြစ် မခံစားစေလို့ဖြစ်တယ်။


(၅) သက်ပြင်းချတာက အချိန်ကို ဖြုန်းတီးတဲ့အရာဖြစ်တယ်။
ငိုယိုတာက အင်အားကို သုံးဖြုန်းတဲ့ အပြုအမှုဖြစ်တယ်။

(၆) ပျော်ရွှင်ခြင်းဆိုတာ ခံစားဖို့ဖြစ်တယ်။ နှိုင်းယှဉ်ဖို့ မဟုတ်ဘူး။
ဘဝဆိုတာ လှုပ်ရှားရုန်းကန်ဖို့ဖြစ်တယ်။ အမှတ်စတေးထားဖို့ မဟုတ်ဘူး။
ချစ်ခြင်းမေတ္တာဆိုတာ ပြုစုပျိုးထောင်ဖို့ဖြစ်တယ်။ စမ်းသပ်ဖို့ မဟုတ်ဘူး။
ချစ်သူဆိုတာ ချစ်ခင်ယုယဖို့ဖြစ်တယ်။ နာကျင်ထိခိုက်ဖို့ မဟုတ်ဘူး။
ငွေကြေးဆိုတာ ပေးကမ်းစွန့်ကျဲဖို့ဖြစ်တယ်။ တိုင်းတာဖို့ မဟုတ်ဘူး။
အလိမ်အညာဆိုတာ ဖျက်ဆီးဖို့ဖြစ်တယ်။ တန်ဆာဆင်ဖို့ မဟုတ်ဘူး။
ယုံကြည်မှုဆိုတာ တည်ဆောက်ဖို့ဖြစ်တယ်။ စိန်ခေါ်ဖို့ မဟုတ်ဘူး။

(၇) အချစ်ဦး---------------- ကမ္ဘာပေါ်မှာ အလှဆုံးအရာ
အုံပုန်းချစ် ------------------ ကမ္ဘာပေါ်မှာ ပုန်းလျှိုးကွယ်လျှိုးဆုံးအရာ
ချစ်ကျွမ်းဝင် --------------- ကမ္ဘာပေါ်မှာ ကမောက်ကမဆုံးအရာ
အရူးအမူးချစ်--------------- ကမ္ဘာပေါ်မှာ အထုံထိုင်းဆုံးအရာ
တဖက်သတ်အချစ်---------- ကမ္ဘာပေါ်မှာ အဝေးကွာဆုံးအရာ
အသဲကွဲအချစ် -------------- ကမ္ဘာပေါ်မှာ အနာကျင်ဆုံးအရာ
အချစ်ဆိုတာ သံသရာလည်သလိုပါပဲ... လှပခြင်းကနေ နာကျင်ခြင်းဆီကိုသွားတယ်။ နောက်တော့ နာကျင်ခြင်းကနေ လွတ်မြောက်ခြင်းကိုသွားတယ်။ နောက်ဆုံးမှာ ထာဝရ အဆုံးမရှိခြင်းဆီကို သွားတယ်။

(၈) ဘဝမှာ အခွင့်အရေးရလို့ ဒီလူ(၁ဝ)မျိုးနဲ့ကြုံခဲ့ရင် လက်မလွတ်ပါနဲ့....
(i) သင့်ကို သွန်သင်ဆုံးမပြီး လမ်းညွှန်ပေးသူ
(ii) သင့်ကို တပျစ်တောက်တောက် ရေရွတ်သူ
(iii) သင့်နဲ့ မျှဝေခံစားသူ
(iv) သင့်ကို အားပေးဖေးမသူ
(v) သင့် တတ်မြောက်သိကျွမ်းတဲ့အရာကို အသိအမှတ်ပြုသူ
(vi) သင် စံနမူနာယူထိုက်တဲ့သူ
(vii) သင့်အပေါ် ကတိတည်တဲ့သူ
(viii) သင့်ကို ယုံကြည်တဲ့သူ
(ix) သင့်စိတ်ဆိုးတာကို ခံနိုင်တဲ့သူ
(x) သင့်အတွက် ပေးဆပ်ရဲသူ

(၉)
(i) ဖြေရှင်းချက် ----
အမြဲတမ်း အပိုတွေဖြစ်တယ်။
သင့်ကိုနားလည်တဲ့သူဆိုရင် ဖြေရှင်းချက်တွေ မလိုပါဘူး။
သင့်ကိုနားမလည်သူဆိုရင် ဖြေရှင်းချက်တွေ ပိုလို့တောင် မလိုပါဘူး။

(ii) လျစ်လျူရှု ----
တစ်ခါတလေမှာ လျစ်လျူရှုတာက ရက်စက်တာမဟုတ်ဘူး။
မနာကျင်ဖို့ ကာကွယ်တဲ့ ကိရိယာတစ်ခုသာဖြစ်တယ်။

(iii) သင် ဝမ်းနည်းတာကိုကြည့်ပြီး ပျော်တဲ့သူက ရန်သူတဲ့...
သင်ပျော်တာကိုကြည့်ပြီး ပျော်တဲ့သူက သူငယ်ချင်းတဲ့...
သူ ဝမ်းနည်းတာကိုကြည့်ပြီး လိုက်ဝမ်းနည်းတဲ့သူက သင့်ရင်ခွင်အနက်ရှိုင်းဆုံးမှာ ထားသင့်တဲ့သူဖြစ်တယ်။

(၁ဝ) အထီးကျန်ခြင်းဆိုတာ မွေးရာပါအရာ မဟုတ်ပါဘူး။
အထီးကျန်ခြင်းဆိုတာ လူတစ်ယောက်ကို သင် ချစ်မိသွားတဲ့အချိန်က စတာဖြစ်တယ်။